Disney ရဲ့ သမိုင်းနောက်ခံ အားကစား ဒရာမာရုပ်ရှင် “Ford v Ferrari” ဟာ မြောက်အမေရိက ရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ ၃၁ သန်းဝင်ငွေရရှိပြီး ထိပ်ဆုံးကနေ ဦးဆောင်နေခဲ့တာကို တွေ့ရပါတယ်။
ဒါရိုက်တာ James Mangold ရိုက်ကူးပြီး မင်းသား Christian Bale နဲ့ Matt Damon တို့ ဦးဆောင်ပါဝင်ထားကြတဲ့ အဲ့ဒီ ရုပ်ရှင်ဟာ ခန့်မှန်းထားတာထက် ပိုများတဲ့ ပမာဏနဲ့ ပွဲဦးထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တပတ်အတွင်းမှာ အပြိုင်တင်တဲ့ ရုပ်ရှင်တွေထဲမှာလည်း ထူးခြားကောင်းမွန်တဲ့ ရုပ်ရှင်တွေပါဝင်တာကြောင့် လက်မှတ်ရောင်းအားက အနည်းငယ်ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။
Sony ရဲ့ အက်ရှင်ဟာသဇာတ်မြူးရုပ်ရှင်ဖြစ်တဲ့ “Charlie’s Angels” ရုပ်ရှင်စတင်ပြသတဲ့ သီတင်းပတ်မှာ ဒေါ်လာ ၈ ဒဿမ ၆ သန်းနဲ့ ဝင်ငွေမကောင်းခဲ့တာကို တွေ့ရပါတယ်။
Lionsgate ရဲ့စစ်ဒရာမာ “Midway” ကတော့ ဒေါ်လာ ၈ ဒဿမ ၇၅ သန်းရရှိခဲ့ပြီး Paramount ရဲ့မိသားစုရုပ်ရှင် “Playing With Fire” ကတော့ ဒေါ်လာ ၈ ဒဿမ ၅ သန်း ရရှိခဲ့ပါတယ်။ Warner Bros ရဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင် “The Good Liar” ကတော့ ဒေါ်လာ ၅ ဒဿမ ၆ သန်း ရရှိခဲ့ပါတယ်။
“Ford v Ferrari” ရုပ်ရှင်ကို ကြည့်ရှုကြတဲ့ ပရိသတ်တွေမှာ လူလတ်ပိုင်း အမျိုးသားအများစု ပါဝင်ပြီး လက်မှတ် ဝယ်သူရဲ့ ၆၂ ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲက ၈၀ ရာခိုင်နှုန်းက အသက် ၂၅ နှစ်အထက် ဖြစ်တယ်လို့ဆိုပါတယ်။
ပရိသတ်တွေကတော့ အဲ့ဒီရုပ်ရှင်ကို A+ အဆင့် ရှားရှားပါးပါး ပေးခဲ့ ကြပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုံဝင်ငွေစာရင်း မှာ ဒေါ်လာ ၂၁ သန်းရရှိခဲ့တာကြောင့် တကမ္ဘာလုံး ဝင်ငွေဟာ ဒေါ်လာ ၅၂ ဒဿမ ၄ သန်းရရှိထားပြီး ဖြစ်ပါတယ်။
“Ford v Ferrari” ရုပ်ရှင်ကတော့ ဂုဏ်သိက္ခာကြီးမားတဲ့ Le Mans ပြိုင်ပွဲမှာ ဂန္တဝင်ပြိုင်ဖက် Ferrari အသင်းကို အနိုင်ရဖို့ ပြိုင်ကားတစီးကို တည်ဆောက်ခဲ့ကြတဲ့ ကားဒီဇိုင်နာနှစ်ဦးရဲ့ အကြောင်းကို ပုံဖော်ထားပါတယ်။
Kristen Stewart, Naomi Scott နဲ့ Ella Balinska တို့အပြိုင်အဆိုင်သရုပ်ဆောင်ထားကြတဲ့ “Charlie’s Angels” ရုပ်ရှင်မှာတော့ ကမ္ဘာကို ခြိမ်းခြောက်လာနိုင်တဲ့ အန္တရာယ်ရှိတဲ့ နည်းပညာအသစ် ပျံ့နံှံ့မှုကို တားဆီးဖို့အတွက် Angels တွေ ကြိုးပမ်းကြပုံကို မြင်တွေ့ရမှာဖြစ်ပါတယ်။
Ref:Reuters
You may also like these stories:
အောက်တိုဘာလအတွက် အဖွင့်သီတင်းပတ် ရုံဝင်ငွေအများဆုံး ရုပ်ရှင်အဖြစ် “Joker” စံချိန်တင်
ဂျိုလီရဲ့ “Maleficent: Mistress Of Evil” ရုပ်ရှင် မြောက်အမေရိကမှာ ဝင်ငွေ ဒေါ်လာ ၃၆ သန်း ရရှိ
ကမ္ဘာကျော်ကားဒီဇိုင်နာ ၂ဦးရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့ရမယ့် ‘Ford v Ferrari’ ရုပ်ရှင်
မှန်းထားသလောက် ဝင်ငွေမရခဲ့တဲ့ “Terminator: Dark Fate” ရုပ်ရှင်