အဆိုတော် ငွေဇင်လှိုင်းကတော့ မကြာသေးခင် ရက်ပိုင်းက သူ့ရဲ့မွေးနေ့ အမှတ်တရအဖြစ် သီချင်းအသစ်နဲ့အတူ Music Video ကို အွန်လိုင်းမှာ တင်ပေးခဲ့ပါတယ်။
“မွေးနေ့မှာ သီချင်းလေးတပုဒ်နဲ့ လက်ဆောင်ပေးချင်တယ်။ ဘာလို့လဲဆိုတော့ ကိုဗစ်ကာလမှာ အိမ်ထဲမှာ နေနေရတယ်။ ငွေဇင်တို့လည်း ဒီထက်ပိုပြီးတော့ လုပ်ချင်တယ်။ အပြင်တွေဘာတွေလည်း သွားလို့ မရဘူး။ သီချင်းလည်း အသစ်ထွက်ဖို့ အရမ်းခက်တယ်”
“ဒုတိယမြောက် လော့ဒေါင်း မကျခင်မှာ သီချင်းလေးတပုဒ် သွင်းဖြစ်တယ်။ အဲဒါ ငွေဇင့် သူငယ်ချင်းက အဖွဲ့လိုက် သီချင်းလေး လုပ်ကြမယ်။ သူရေးထားတဲ့ သီချင်းလေး ပြတော့ သီချင်းက အရမ်းချစ်စရာ ကောင်းတယ်။ သူတို့က ပရိုဂျူဆာလုပ်ပေးတော့ သီချင်းကို ကြိုသွင်းထားသလို ဖြစ်တော့ ပိုကောင်းသွားတာပေါ့။ အဲဒါနဲ့ လုပ်ဖြစ်သွားတာ” လို့ ငွေဇင်လှိုင်းက ဧရာဝတီကို ပြောပါတယ်။
သီချင်းနာမည်ကတော့ “တိတ်တခိုး” ဖြစ်ပြီး ဒီသီချင်းထဲမှာတော့ ကျော်ထက်အောင်နဲ့အတူ အတွဲညီညီသရုပ်ဆောင်ထားတာ တွေ့ရပါတယ်။
“သီချင်းကို ဒီအတိုင်း တင်ပေးလိုက်တာထက် Music Video နဲ့ဆိုရင် ပိုပြီးစိတ်ဝင်စားတယ်ပေါ့။ အဲဒါနဲ့ ကိုကျော်ထက်အောင်ကလည်း ကိုယ့်ရဲ့အစ်ကိုလည်း ဖြစ်နေတယ်။ အရမ်းရင်းနှီးတဲ့ အစ်ကိုဆိုတော့လေ။ နောက်ပြီး ကိုယ်က အသက် ၂၉ နှစ် ဖြစ်နေပြီ။ အရမ်းကြီး ကလေးပုံစံလည်း လုပ်လို့မရတော့ဘူး။ ကိုယ့်ရဲ့မူရင်းပုံစံကိုက ယောကျာ်း ဆန်တယ်”
“အရမ်းကြီး နုနုရွရွ လုပ်လို့ မရဘူးဆိုတော့ သူငယ်ချင်းက ကူညီပေးတယ်။ အဝတ်အစားကအစ အမူအရာတွေလည်း သင်ပေးတယ်။ အရမ်းတွေ မိန်းမဆန်ပြီး ဇွတ်တွေ Cute တွေ ဖြစ်တော့ မွေးနေ့မှာတော့ အမှတ်တရပါပဲ။ တော်ရုံဆိုလည်း သီချင်းထဲမှာ အရမ်းတွေ မိန်းမဆန်အောင် မလုပ်ဖူးဘူး။ ဒါကတော့ ပထမဆုံးပါပဲ” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
ဒီ Music Video မှာတော့ ကျော်ထက်အောင်က သရုပ်ဆောင်ရင်းနဲ့ သင်ပေးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုကျော်ထက်အောင်နဲ့ သရုပ်ဆောင်တာ အရမ်းကြီး ညှိစရာ မလိုဘူး။ ကိုကြီးက အရမ်းနွေးထွေးတယ်။ ပြီးတော့ ငွေဇင်နဲ့က မောင်နှမလိုဖြစ်နေတော့ မရှက်ဖို့ ပြောတယ်။ ရိုက်နေရင်းနဲ့မှ သင်ပေးနေတာ။ သူပြောတာကိုပဲ ငွေဇင်ကလိုက်ပြီးတော့ သရုပ်ဆောင်တာ။ အရမ်းရှက်နေတယ်။ နောက်ပိုင်းကျမှ သရုပ်ဆောင်တာ အဆင်ပြေလာတာ။ ကိုကျော်ထက်အောင် သရုပ်ဆောင်တဲ့အပေါ်မှာ ငွေဇင်က မှီပြီးတော့ လိုက်သွားရုံပါပဲ” လို့ ပြောပါတယ်။
ထပ်မံပြီးတော့လည်း ကိုဗစ်ကာလအတွင်းမှာ သီချင်းကောင်းတွေ အများကြီး ဖန်တီးသွားမယ်လို့ ဆိုပါတယ်။
“နောက်ထပ် ကိုဗစ်ကာလအတွင်းမှာလည်း ဒီလိုမျိုးပဲ သီချင်းကောင်းလေးတွေ အများကြီး ဖန်တီးသွားဦးမှာပါ။ ငွေဇင်တို့က အဓိက ခြေကုပ်ယူနေရတဲ့ အချိန်ဆိုတော့ ကိုယ်ကဘာမှ မဟုတ်သေးတဲ့ လူတယောက်ဖြစ်တဲ့အတွက် ကိုယ့်ကိုပရိသတ်တွေ မေ့မသွားဖို့ ကြိုးစားအားထုတ်နေရတာ ဆိုတော့ ဒီထက်ပိုပြီးတော့ ကောင်းမွန်တဲ့ တေးသီချင်းတွေ ဖန်တီးပြီး အများကြီး ကြိုးစားမှာပါ” လို့ ငွေဇင်လှိုင်းက ပြောပါတယ်။
အဆိုတော် ငွေဇင်လှိုင်းကတော့ Myanmar Idol Season 3 ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာမှ ပရိသတ်များရဲ့ ချစ်ခင်မှုကို ရရှိလာခဲ့သူတယောက်ဖြစ်ပြီး သီချင်းအသစ်များလည်း ဖန်တီးလျက် ရှိပါတယ်။
You may also like these stories:
“ငယ်သူမို့” သီချင်းကို ပရိသတ်တွေ အားပေးတဲ့အတွက် ဝမ်းသာနေတဲ့ စံမီမီနဲ့ ကျေးကျေး
“အသက်ရှင်မယ့်သူ” အခွေထွက်ဖို့ ၅ နှစ်လောက် အချိန်ယူခဲ့ရတဲ့ အဆိုတော် လိမ္မော်သီး
“ကိုဗစ်ကာလမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်စေချင်ဘူး”လို့ ဆင်မ ပြော