အဆိုတော် အေးမြဖြူဟာ မကြာခင် အသစ်ထွက်မယ့် သီချင်း ၃ ပုဒ်ရဲ့ Music Video ကို စီးရီးပုံစံ ရိုက်ကူးထားပြီး ငယ်ငယ်ကတည်းက ကြိုက်ရတဲ့ မင်းသား နေတိုးနဲ့ တွဲရိုက်ထားတယ်လို့ ဆိုပါတယ်။
“ညီမ သီချင်း ၃ ပုဒ် ထွက်ဖို့ ရှိပါတယ်။ အဲ့သီချင်း ၃ ပုဒ်လုံးကို Music စီးရီး ပုံစံလေး ရိုက်ထားပါတယ်။ ၃ ပုဒ်စလုံး ကိုနေတိုးနဲ့ မသဇင်ထူးမြင့်တို့ ပါဝင် သရုပ်ဆောင်ပေးထားပါတယ်။ ကိုနေတိုးနဲ့ ရိုက်ချင်တာ ရည်မှန်းချက်ထက် အိပ်မက်ပေါ့နော်။ ငယ်ငယ်ကတည်းက ကိုနေတိုးကို အရမ်းကြိုက်ရတာ။ ကလေးသရုပ်ဆောင်တုန်းကလည်း တွဲရိုက်ဖူးတယ်”လို့ အေးမြဖြူက ပြောပါတယ်။
နေတိုးနဲ့အတူ တွဲပြီး သရုပ်ဆောင်ချင်တာက ငယ်စဉ်တည်းက အိပ်မက်တခုဖြစ်ပြီး၊ နေတိုးဆီကလည်း ပညာတွေ အများကြီး ရတယ်လို့ ဆိုပါတယ်။
“အဆိုတော်ဖြစ်ရင်တော့ ကိုနေတိုးနဲ့ တွဲဖက်ပြီး သရုပ်ဆောင်ချင်တယ်ပေါ့။ သမီး အိပ်မက်လေး ဖြစ်ခဲ့တာပေါ့။ အခုလို သီချင်း ၃ ပုဒ်လုံးမှာ အတူတူ တွဲဖက် သရုပ်ဆောင်ရတော့ အရမ်းပျော်တာပေါ့။ အမှတ်တရတွေလည်း အများကြီး ရှိတယ်။ မိုးရေထဲမှာ ရိုက်ရတာတွေဆိုလည်း အမှတ်တရ ဖြစ်ရတယ်။ ကိုနေတိုးဆီက ပညာတွေလည်း ရပါတယ်”လို့ အေးမြဖြူက ပြောပါတယ်။
ဆက်လက်ပြီး အေးမြဖြူက မကြာခင်မှာလည်း ဘက်ဂျမင်ဆုမ်းနဲ့ သီချင်း တွဲဆိုဖို့ ရှိပြီး၊ ဂီတအပြင် သရုပ်ဆောင် အလုပ်လည်း လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ညီမ ကိုဘက်ဂျမင်နဲ့လည်း သီချင်းလေး တွဲဖက် သီဆိုဖို့ ရှိပါတယ်။ ဆိုနေကျ ပုံစံလေးပါပဲ။ တခြားသူတွေနဲ့လည်း တွဲဖက် သီဆိုဖို့ ရှိတယ်။ သရုပ်ဆောင်ပိုင်းလည်း လုပ်ဖို့ရှိပါတယ်။ ညီမအတွက် ဂီတကတော့ အဓိကပေါ့။ သရုပ်ဆောင် အလုပ်ကတော့ လုပ်ကိုင်မယ်။ ညီမ သီချင်းဘက်ရော၊ သရုပ်ဆောင်ဘက်ရော အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ကိုင်သွားမှာပါ”လို့ ပြောပါတယ်။
အေးမြဖြူကတော့ သရုပ်ဆောင်ပိုင်းရော၊ ဂီတအပိုင်းကိုပါ နှစ်ခုစလုံး မျှမျှတတ လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
“ဂီတဘက်မှာလည်း ဝမ်းစာတွေ ဖြည့်ရပါဦးမယ်။ နှစ်ခုလုံးကို မျှမျှတတ လုပ်ကိုင်သွားမှာပါ။ အခုကတော့ သီချင်းလေးတွေ ထွက်ရင် အားပေးစေချင်ပါတယ်။ ရှိုးတွေ ပြန်ဆိုလို့ရရင် ကိုယ်ပိုင်သီချင်းတွေနဲ့ ဆိုလို့ရအောင် သီချင်းလေးတွေ ထွက်ဖြစ်နေတာပါ”လို့ အေးမြဖြူက ပြောပါတယ်။
အေးမြဖြူဟာ ငယ်စဉ်ကတည်းက အနုပညာနဲ့ ပတ်သက်ပြီး လုပ်ကိုင်ခဲ့သူပါ။ ငယ်စဉ်က ကလေးသရုပ်ဆောင် အနေနဲ့လည်း ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။ အေးမြဖြူဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲမှာလည်း ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။
You may also like these stories:
“၂၀၂၀ က ကံဆိုးတဲ့ နှစ်တနှစ်”လို့ နေတိုး ပြော
အိမ်မှာနေရချိန်မှာ အနုပညာအတွက် ကြိုတင် ပြင်ဆင်မှုတွေ လုပ်နေတဲ့ အေးမြဖြူ
ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကား ပြောကြတဲ့ အနုပညာရှင်များ