နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ ပြည်သူများအားလုံး ယခင်နှစ်များထက် ပိုမိုစိတ်ဝင်စားပြီး ပါဝင်လာကြသလို၊ အနုပညာရှင်များစွာလည်း ၂၀၁၅ ရွေးကောက်ပွဲကထက် ပိုမိုတက်ကြွစွာ ပွင့်လင်းမြင်သာစွာနဲ့ စိတ်ဝင်တစား ပါဝင်လာတာကို တွေ့ရပါတယ်။
ပြည်သူများအားလုံး မဲပေးကြဖို့ တိုက်တွန်းခဲ့ကြသလို သူတို့နှစ်သက်တဲ့ ပါတီအတွက် မဲဆွယ်စည်းရုံးမှုများကိုလည်း လူမှုကွန်ရက် စာမျက်နှာများမှတဆင့် ပြုလုပ်ခဲ့ကြပါတယ်။ မနေ့က နိုဝင်ဘာလ ၈ ရက်နေ့မှာလည်း သူတို့ရဲ့ မဲသွားပေးကြတဲ့ အတွေ့အကြုံများ၊ သူတို့ ဖြစ်စေချင်တဲ့ ဆန္ဒများကိုလည်း ဝေမျှခဲ့ကြပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2020/11/kyw-tu.jpg)
“ပရဟိတ မင်းသားကြီး”လို့ အများက ခေါ်ကြတဲ့ ကျော်သူကလည်း COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ကြားထဲမှ သူထောက်ခံ အားပေးတဲ့ ပါတီအတွက် ဝေဘာဂီဆေးရုံမှာပဲ ကြိုတင်မဲပေးခဲ့ပါတယ်။
အောက်တိုဘာလအတွင်းက “Vote” သီချင်းကို ဖန်တီးသီဆိုခဲ့တဲ့ အဆိုတော် G Fatt ကတော့ ရွေးကောက်ပွဲနေ့မှာ စေတနာ့ဝန်ထမ်း တဦးအနေနဲ့ လုပ်ကိုင်ခဲ့သလို မဲရုံကို မဖြစ်မနေ သွားပေးဖို့နဲ့ စိတ်ရှည်ရှည် စောင့်ကာ မဲပေးဖို့အတွက် ဆော်သြခဲ့ပါတယ်။
အဆိုတော် ကျားပေါက်ကလည်း နိုဝင်ဘာလအတွင်းမှာပဲ သူကိုယ်တိုင် ဖန်တီးသီဆိုထားတဲ့ “ကြောက်ခတ်” သီချင်းကို ပရိသတ်တွေကြား ပျံ့နှံ့အောင်လုပ်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ဆန္ဒမဲကို တက်ကြွစွာပေးခဲ့တာကို တွေ့ရပါတယ်။
အကယ်ဒမီ လွင်မိုးကတော့ “တခွန်းတည်း ပြောမယ်။ သူတပါး ထိခိုက် ပုတ်ခတ်သော စကားများရှောင်ရှားပြီး ဂုဏ်သိက္ခာရှိစွာ အောင်ပွဲခံမည်” လို့ ပြောထားပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2020/11/Eaindra-Kyawzin.jpg)
အိန္ဒြာကျော်ဇင်က “ အဆုံးသတ်ကို ရင်ခုန်စွာနဲ့ စောင့်မျှော်ရင်း ရင်ထဲကဆန္ဒကိုတော့ တံဆိပ်နှိပ်ခဲ့ပြီ” ဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2020/11/PHWAY-.jpg)
ပရိသတ် အချစ်တော် ဖွေးဖွေးကတော့ မဲပေးပြီးကြောင်း သက်သေအဖြစ် ဘယ်ဘက် လက်သန်းမှာ မှင်တို့ရတဲ့အခါမှာ အရှိန်လွန်ပြီး လက်၂ချောင်းစလုံး တို့ဖြစ်တယ်လို့ ဟာသနှောကာ ပြောထားပါတယ်။
နာမည်ကြီး အနုပညာရှင်များစွာက ပြည်သူအနေနဲ့ တာဝန်ကျေစွာ ဆန္ဒမဲပေးခဲ့ကြသလို တက်သစ်စ အနုပညာရှင်များ၊ ၂၀၂၀ မှာ ပထမဆုံးအကြိမ် ဆန္ဒမဲပေးခွင့် ရရှိခဲ့ကြတဲ့သူများကလည်း မပျက်မကွက် ဆန္ဒမဲပေးခဲ့ကြတာကို တွေ့ရပါတယ်။
![](https://burma.irrawaddy.com/wp-content/uploads/2020/11/မူးလာ-inside.jpg)
ဒီထဲကမှ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှ အဆိုတော် မူးလာက “အသည်းကြားက မဲတပြား First Time Voter အနေနဲ့ ရင်ခုန်စွာ စောင့်နေရင်းနဲ့ ယခုတော့ နိုင်ငံအတွက် မဲကိုပေးပြီးပါပြီဗျာ။ ပြည်သူတိုင်း လိုချင်တောင့်တတဲ့ သာယာတဲ့ နိုင်ငံတော်ကြီးနဲ့အတူ သာတူညီမျှ အခွင့်အရေးနှင့် အခြေခံလူတန်းစားများအတွက် အထောက်အကူဖြစ်စေသော အစိုးရအား ရှေးရှုလျက်” လို့ ပြောထားပါတယ်။
First Time Voter တွေဖြစ်ကြတဲ့ မေတိုးခိုင်၊ ယွန်းယွန်း၊ ဖုန်းသီရိကျော်၊ နော်ဖောအယ်ထား၊ အုပ်စိုးခန့်၊ ပိုင်အုပ်စိုးအောင်၊ မူးလာ၊ ပိုပိုဟေသာ စတဲ့ အနုပညာရှင်များကတော့ ကိုယ်တိုင်လည်း မဲပေးခဲ့ကြသလို မဲပေးဖို့အတွက် ပညာပေးလုပ်ငန်းများမှာ ပါဝင် ကူညီခဲ့ကြပါတယ်။
အဆိုတော် အေးမြဖြူနဲ့ မေလသံစဉ်တို့ကတော့ ကိုယ်တိုင် အသက်မပြည့်သေးတာကြောင့် မဲပေးခွင့် မရခဲ့ကြပေမယ့် မဲဆွယ်စည်းရုံးရေးများ၊ မဲပေးရန် အသိပညာပေး လုပ်ငန်းများမှာ တတပ်တအား ပါဝင်ခဲ့ကြပါတယ်။
You may also like these stories:
လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုကောင်းတဲ့ အစိုးရကို လိုချင်တဲ့ မိုးယံဇွန်
“ဒေါ်အောင်ဆန်းစုကြည်ထံမှာ လေ့လာစရာတွေ မကုန်ဘူး”လို့ မောင်မောင်အေး ဆို
“ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လို့ NLD ကို ဝန်းရံတာပါ”လို့ သံသာဝင်း ပြော