ဒါရိုက်တာ James Gunn ရိုက်ကူးမယ့် “The Suicide Squad” ရုပ်ရှင်မှာ မင်းသားကြီး ဆေဗက်စတာ စတားလုံး ပါဝင်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။ “Rocky” ရုပ်ရှင်မင်းသားကြီးဟာ မင်းသမီး Margot Robbie ၊ မင်းသား Jai Courtney ၊ မင်းသမီး Viola Davis ၊ မင်းသား Joel Kinnaman တို့နဲ့အတူ ပါဝင်လာမှာလည်း ဖြစ်ပါတယ်။
မင်းသားကြီး စတားလုံး ပါဝင်ရမယ့် ဇာတ်ကောင်ကို မကြေညာသေးပေမယ့် Deadline မီဒီယာရဲ့ အဆိုအရ မင်းသားကြီးဟာ King Shark နေရာမှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်မယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်ရှင်မှာ မင်းသား Nathan Fillion ၊ မင်းသား Idris Elba နဲ့ မင်းသား John Cena တို့လည်း ပါဝင်လာမယ်လို့ သိရပါတယ်။
ဒါရိုက်တာ Gunn က “ကျနော့် သူငယ်ချင်း စတားလုံးနဲ့ အလုပ်လုပ်ရတာကို အမြဲတမ်း သဘောကျခဲ့ရပါတယ်။ ဒီနေ့လည်း The Suicide Squad အတွက် အလုပ်မှာလည်း ချွင်းချက် မရှိခဲ့ပါဘူး။ စတားလုံးဟာ နာမည်ကျော် ရုပ်ရှင်စတားတယောက် ဖြစ်ပေမယ့် လူအများစုက သူဟာ ဘယ်လောက်တောင် ထူးခြားတဲ့သူလဲ ဆိုတာကို မသိကြပါဘူး” လို့ Instagram မှာ ရေးသားခဲ့ပါတယ်။
မင်းသားကြီး စတားလုံးကလည်း “ဒီလိုမျိုး ထူးခြားတဲ့ ဒါရိုက်တာနဲ့ အံ့သြစရာကောင်းတဲ့ ရုပ်ရှင်မှာ အလုပ်အတူတူ လုပ်ရတာဟာ ထူးခြားတဲ့ နှစ်တနှစ်ကို ဖြစ်စေပါတယ်။ ကျနော်ဟာ ဒီလိုမျိုး အရည်အချင်းရှိတဲ့သူတွေ ဝန်းရခံရတဲ့ ကံကောင်းတဲ့ လူတယောက် ဖြစ်ပါတယ်” လို့ တရားဝင်ထုတ်ပြန်ချက် ကြေညာတဲ့အချိန်မှာ ရေးသားခဲ့ပါတယ်။
“The Suicide Squad” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပါတယ်။
Ref: etcanada
You may also like these stories:
အမီတာဘဂျမ်းနဲ့အတူ အလုပ်လုပ်ဖူးတဲ့အကြောင်း ပြောပြတဲ့ မင်းသား လီယိုနာဒို
အက်ရှင်ဟာသရုပ်ရှင်မှာ Chris Pratt နဲ့အတူ ပါဝင်လာမယ့် တရုတ်မင်းသား ဝူကျင်း
လိင်ကွဲကြိုက်သူအဖြစ် သရုပ်မဆောင်ချင်တော့ဘူးလို့ မင်းသား Wentworth Miller ပြော