နာမည်ကျော် ကိုရီးယားမင်းသားတွေ ဖြစ်ကြတဲ့ ဂုံယိုးနဲ့ ပတ်ဘိုဂွန်းတို့ ပါဝင်ထားကြတဲ့ ရုပ်ရှင်အသစ် “Seobok” ကို မျှော်လင့်နေကြတဲ့ ပရိသတ်တွေကတော့ အချိန်ကာလတခု ထပ်မံ စောင့်ဆိုင်းကြရဦးမှာ ဖြစ်ပါတယ်။
အဲ့ဒီ တောင်ကိုရီးယား ရုပ်ရှင်ကို မူလက နိုဝင်ဘာမှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် နောင်ပိုင်းမှာတော့ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူတွေဟာ အဲ့ဒီရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ ယာယီ ရွှေ့ဆိုင်းခဲ့ပါတယ်။
ရုပ်ရှင်ပြဇာတ်ရုံတွေမှာ လူ ၅၀ ထက် ပိုမစုရဆိုတဲ့ လူအချင်းချင်း ခပ်ခွာခွာနေထိုင်ရေး စည်းမျဉ်းတွေကို ထပ်တိုးခဲ့ပြီးတဲ့နောက် ရုပ်ရှင်ပြသမယ့်ရက် ရွှေ့ဆိုင်းမှုကို သက်တမ်း ထပ်တိုးခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို ရွှေ့ဆိုင်းလိုက်ကြောင်း ထုတ်ပြန်ချက်ကို CJ Entertainment က အတည်ပြုလိုက်တာဖြစ်ပါတယ်။
အဆိုပါ ဖျော်ဖြေရေး ကုမ္ပဏီက “COVID-19 ပျံ့နှံ့မှုတွေကြောင့် Seobok ရဲ့ ဖြန့်ချိမယ့်ရက်ကို ယာယီရွှေ့ဆိုင်းဖို့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကူးစက်မှုတွေကြောင့် လူမှုဘဝဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာပဲ ကျနော်တို့ဟာ ထပ်တိုး ပျံ့နှံ့မှုနဲ့ ထိခိုက်မှုတွေကို ကာကွယ်ဖို့ စဉ်းစားခဲ့ပြီးတဲ့နောက် ရုပ်ရှင်ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတာလည်း ဖြစ်ပါတယ်။ နားလည်ပေးကြဖို့ တောင်းဆိုလိုပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲ့ဒီရုပ်ရှင်ကို ပြန်လည် ပြသမယ့်ရက်ကို မစီစဉ်ရသေးဘူးလို့လည်း CJ Entertainment က အတည်ပြုပါတယ်။ ဒါပေမဲ့ ပြသမယ့်ရက်ကို သတ်မှတ်ပြီးရင် ပရိသတ်တွေကို အကြောင်းကြားမယ်လို့ ဆိုပါတယ်။ “Seo Bok” ရုပ်ရှင်ကတော့ ပထမဆုံး လူသားကိုယ်ပွား Seo Bok (ပတ်ဘိုဂွန်း) ကို ကာကွယ်ပေးဖို့ တာဝန်ပေးခံရတဲ့ အေးဂျင့်ဟောင်း ဂီဟွန်း (ဂုံယိုး) ရဲ့ ဇာတ်လမ်း အကြောင်းအရာ ဖြစ်ပါတယ်။
“Architecture 101” ရုပ်ရှင်ဒါရိုက်တာ လီယုံဂျူရိုက်ကူးခဲ့တဲ့ အဲ့ဒီရုပ်ရှင်အတွက် ပရိုမိုးရှင်းလုပ်ငန်းတွေအဖြစ် မင်းသား ဂုံယိုးနဲ့အတူ စာနယ်ဇင်းမိတ်ဆက်ပွဲလည်း ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ မင်းသားပတ်ဘိုဂွန်းကတော့ လက်ရှိမှာ စစ်မှုတာဝန် ထမ်းဆောင်နေရတဲ့အတွက် ပရိုမိုးရှင်းလုပ်ငန်းတွေမှာ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
လက်ရှိ ကိုရီးယားမှာ ခရစ်စမတ်ကာလနဲ့ နှစ်ကုန်ကာလအတွက် အသစ်ထွက်ရှိမယ့် ဘတ်ဂျက်မြင့် ရုပ်ရှင်တွေထဲမှာတော့ Warner Bros ရဲ့ “Wonder Woman 1984” နဲ့ Disney-Pixar တို့ရဲ့ “Soul” ရုပ်ရှင် ၂ ကားပဲ ရှိနေပါတယ်။
Ref: pinkvilla
You may also like these stories:
၂၀၂၀ ပြည့်နှစ်အတွင်း Twitter ပေါ်မှာ လွှမ်းမိုးခဲ့သူများ
ကပ်ရောဂါကြောင့် ထိခိုက်ခဲ့တဲ့ ကိုရီးယားရုပ်ရှင်ရုံတွေမှာ ရုပ်သံစီးရီးတွေ ပြသ
“The Crown” စီးရီးကို စိတ်ကူးယဉ် ဖန်တီးထားကြောင်း ဖော်ပြဖို့ Netflix ငြင်းဆို