ဆန္ဒပြပွဲတွေအတွင်းမှာ လက်နက်နဲ့ ပစ်ခတ် ဖြိုခွင်းမှုတွေ ရှိတဲ့အပေါ် အဆိုတော် ပိုပိုက အရမ်း စိတ်မကောင်းဖြစ်ရပြီး၊ ပြည်သူလူထုရဲ့ အသက်ကို တန်ဖိုးမထားသလို ခံစားရတယ်လို့ ဆိုပါတယ်။
“ခဲနဲ့ ပစ်လို့ သေနတ်နဲ့ ပစ်တာတဲ့။ မဆိုင်ဘူးလေ။ ခဲနဲ့ ပစ်ရင် ခဲနဲ့ ပြန်ပစ်ပေါ့။ ခဲနဲ့ ပစ်တာကို သေနတ်နဲ့ ပစ်ဖို့ လောက်ထိ လိုလို့လား။ ပြည်သူလူထုအသက်ကို ပုရွက်ဆိတ်လေးတွေလောက်တောင် တန်ဖိုးမထားသလိုပဲ ခံစားရတယ်။ အရမ်းလည်း စိတ်မကောင်း ဖြစ်တယ်။ ဆုံးသွားတဲ့ မောင်လေးတွေရော၊ ညီမလေးတွေရော တချို့ ဒူးကိုထိတာ သွေးထွက် လွန်နေတာကို သူတို့ ခေါ်သွားတယ်။ ပြီးတော့ ဆုံးသွားတယ် ပြောတယ်”
“မိသားစုက သင်္ဂြိုဟ်မယ်ဆိုတာကို ကိုဗစ်ဖြစ်လို့ဆိုပြီး သူတို့ ရှို့လိုက်တယ်ပေါ့။ အဲ့လိုမျိုးတွေက အရမ်းရက်စက်တယ်လို့ ခံစားမိတယ်။ ဘာလို့များ လူတဦးတယောက်ကို နာကျင်အောင် လုပ်ချင်ရတာလဲ။ ပိုတို့လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒဖော်ထုတ်မယ်။ သူတို့လည်း ငြိမ်ငြိမ်းချမ်းချမ်းလေးပဲ လုပ်စေချင်တယ်။ ပစ်ခတ်တာတွေ မလုပ်စေချင်ပါဘူး”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။
Civil Disobedience Movement – CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) မှာ ပါဝင်ပေးကြဖို့လည်း ပိုပိုက အခုလိုပဲ ဆိုပါတယ်။
“အားလုံးမှာ မိသားစုတွေ ရှိတဲ့အတွက်ကြောင့် CDM ကို လုပ်ပေးပါ။ ဒုက္ခခံရတယ်ဆိုလည်း ခဏလေးတော့ သည်းခံပေးပါ။ CDM နဲ့ ပတ်သက်ပြီး ကူညီသူတွေလည်း ကူညီနေကြပါတယ်။ CDM လုပ်တဲ့သူတွေက နည်းနည်း သည်းခံပေးပါ။ တောင့်ခံပေးပါ။ CDM လုပ်တဲ့သူတွေက ပိုတို့ ကျေးဇူးရှင်တွေပါ။ ပိုတို့က လေးစားပါတယ်။ ကန်တော့လည်း ကန်တော့ပါတယ်”
“CDM မလုပ်ရသေးသူတွေလည်း လုပ်ပေးကြပါဖို့ တောင်းဆိုပါတယ်။ ပြည်သူတွေ အနာဂတ်၊ ကိုယ့်သားသမီးတွေရဲ့ အနာဂတ်တွေကို ကြည့်ပေးကြပါ။ အတ္တမကြီးပါနဲ့။ တကိုယ်ကောင်း မဆန်ပါနဲ့။ တချိန်မှာ သေကြရမှာပဲ။ အဲ့အချိန်မှာ ကိုယ်ကောင်းတာ လုပ်ခဲ့လား၊ ဆိုးတာ လုပ်ခဲ့လား။ ကိုယ် လောကကြီးကို ဘာကောင်းကျိုးပြုခဲ့လဲ။ အဲ့ဒါတွေက ကိုယ့်အပေါ် သက်ရောက်မှာမို့ CDM လုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ပိုပိုက ပြောပါတယ်။
Generation X, Y, Z ပါဝင်ကြသူတွေ အကုန်လုံးကို ကျေးဇူးတင်တယ်လို့ ပိုပိုက ဆိုပါတယ်။
“Generation Z ကို မြင်ရတာ အရမ်းကျေနပ်တယ်။ ပီတိဖြစ်တယ်။ အရင်က ကလေးတွေ ဂိမ်းဆော့နေတယ်။ သူတို့က ဖုန်းတွေနဲ့ မွေးလာတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် သူတို့ အသိဉာဏ် ဖွံ့ဖြိုးမှု၊ သူတို့ တိုက်ကွက်တွေက မထင်မှတ်ထားတဲ့ တိုက်ကွက်တွေ ဖြစ်တယ်”
“သူတို့ အရမ်းတော်တယ်။ ကလေးတွေ အရမ်းညီညွတ်ကြတယ်။ သူတို့က ရှေ့ကနေ ဦးဆောင် ပေးနေတာကြောင့် သူတို့ကို ကျေးဇူးလည်းတင်တယ်။ ဂုဏ်လည်း ယူပါတယ်။ Generation X, Y, Z ပါဝင်ကြ သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်”လို့ ပိုပိုက ပြောပါတယ်။
You may also like these stories:
Social Punishment စာရင်းမှာ အနုပညာရှင်နဲ့ Influencer အချို့ ပါဝင်
“ပြည်သူ့အာဏာ ပြန်မရမချင်း CDM လုပ်ရမယ်”လို့ သည်ခေတ်နေ ပြော
နေခြည်ဦးနဲ့ လက်တွဲ လုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းများ လက်တွဲဖြုတ်