နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက်တို့ဟာ စစ်ကောင်စီက ထုတ်ပြန်ထားသလို လှုဒါန်းငွေများနှင့် ပစ္စည်းများကို ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် အလွဲသုံးစား မလုပ်ဖူးဘူးလို့ ဦးကျော်သူရဲ့ သမီးဖြစ်သူ မြင့်မိုရ်ဦးက သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကဆင့် ပြန်လည် ရှင်းပြခဲ့ပါတယ်။
“ကျမ၏ မိဘများဖြစ်သည့် ဦးကျော်သူနှင့် ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်သည် ပြည်သူလူထုမှ ယုံကြည်စွာ လှူဒါန်းထားသော ငွေနှင့် ဝတ္ထုပစ္စည်းတို့ကို ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်ကိုမှ အလွဲသုံးစား မလုပ်ဖူးပါ”
“နာရေးကူညီမှုအသင်း (ရန်ကုန်)ကို ဘဘ ဦးသုခတို့နှင့်အတူ ၂၀၀၁ ခုနှစ်တွင် စတင် တည်ထောင်တုန်းကလည်း စတင် မတည်ငွေအဖြစ် မိမိ မိဘများမှ ငွေဒါနပြုခဲ့သည်။ နာ/ကူအသင်း သက်တမ်းတလျှောက်လုံးတွင်လည်း မိမိ မိဘများမှ လူအား၊ အချိန်အား၊ ငွေအားစိုက်ကာ ငွေတပြားတကျပ်မှ မယူဘဲ စစ်မှန်သော ပရဟိတစိတ်ဖြင့်သာ ပြည်သူများအပေါ်တွင် အလုပ်အကျွေးပြု နေခြင်းသာဖြစ်ပါသည်”လို့ မြင့်မိုရ်ဦးက ဆိုပါတယ်။
မိဘများဟာ သူတပါးရဲ့ ပစ္စည်းဥစ္စာကို ဘယ်သောအခါကမှ အဓမ္မဖြင့် လိမ်ညာ အမြတ်ထုတ်ခြင်း မပြုလုပ်ဖူးကြောင်း သူမရဲ့ အသက်ဖြင့် သစ္စာဆိုရဲတယ်လို့ ဆိုပါတယ်။
“မိမိ မိဘများသည် သူတပါး၏ ပစ္စည်းဥစ္စာကို ဘယ်သောအခါကမှ အဓမ္မဖြင့် လိမ်ညာ အမြတ်ထုတ်ခြင်း မလုပ်ခဲ့ဖူးပါ။ အထက်ပါအချက်များကို မိမိအသက်ဖြင့် သစ္စာဆိုရဲသည်။ ယခု ကျမ၏ ဖေဖေနဲ့ မေမေကို ဖမ်းဖို့ ပုဒ်မတွေ ထုတ်ထားတဲ့ မိစ္ဆာကောင်များ ကျမကဲ့သို့ အမှန်အကန် သစ္စာဆိုရဲပါသလား”လို့ မြင့်မိုရ်ဦးက ဆိုထားပါတယ်။
ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့အား အပြည့်အဝ ယုံကြည်ကြောင်းကိုလည်း အနုပညာရှင် အသိုင်းအဝန်းနဲ့ ပြည်သူလူထုများက လူမှုကွန်ရက်မှာ ရေးသား တင်ထားကြပါတယ်။
သရုပ်ဆောင် ဦးကျော်သူဟာ နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ပြီး ဒီအသင်းကြီးဟာ နှစ်ပေါင်း၂၀ ကျော်ခဲ့ပါပြီ။
ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ရွှေဇီးကွက်) တို့ကို CDM – Civil Disobedience Movement (အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွင် ပါဝင်သူများအား ကူညီမှုဖြင့် စစ်ကောင်စီမှ မရမ်းကုန်းမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
You may also like these stories:
ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထား
“မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကယ်တင်ဖို့ စစ်တပ်နဲ့ ရဲမှာလည်း တာဝန်ရှိတယ်”
စိုင်းစိုင်းခမ်းလှိုင်နဲ့ လက်တွဲမှု ရပ်ဆိုင်းထားကြောင်း လုပ်ငန်းအချို့ ထုတ်ပြန်