ကျနော်တို့ သွေးစစ်ခန်းတခန်းဆီကို ခဏလောက် အလည်သွားရအောင်ပါ။ အဲဒီမှာ သွေးထဲက ရောဂါပိုးတွေကိုပဲ စစ်ဆေးပေးနေတယ်လို့တော့ မထင်နဲ့ဗျ။ သွေးစစ်ခန်းမှာ လေ့လာချက် လုပ်ဆောင်မှုတွေလည်း ရှိပါတယ်။ ဥပမာ အခုပြောမယ့် သွေးနဲ့ကင်ဆာဆိုင်ရာ အသိပညာတခုဆိုရင် သွေးစစ်ခန်းကနေ သိလာရတာပေါ့။
Science ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာရေးဆောင်းပါးကို အခြေခံပြီးတော့ အခု အကြောင်းအရာလေးကို ဆက်ပြောချင်ပါတယ်။ အဓိကအနေနဲ့တော့ ကင်ဆာ အစပျိုးမှုကို ကာကွယ်မှုကောင်းကောင်း ပေးနိုင်တဲ့ လေ့လာ တွေ့ရှိချက်ပဲ ဖြစ်ပါတယ်။
အခု လေ့လာချက်က ဆေးပညာနယ်ရော သိပ္ပံနယ်မှာပါ နည်းနည်းတော့ ထူးဆန်းနေမယ်ဆိုတာ သိပါတယ်။ အကြောင်းကတော့ ရောဂါပိုးကူးစက်မှု ပုံစံလိုမဟုတ်ဘဲ ကင်ဆာဖြစ်တည်မှုကို သွေးစစ်ခြင်း ပုံစံကနေ သိရှိ ကာကွယ်နိုင်ဖို့ လုပ်ဆောင်ထားလို့ပါ။ ဒါပေမယ့် စိတ်ကူးယဉ်ဆန်သည့်တိုင်အောင် တကယ်တမ်းတွေ့ရှိချက်ပါ။ Johns Hopkins Sidney Kimmel Cancer Center က လေ့လာသူ Nickolas Papadppoulos နဲ့ သူ့အဖွဲ့ရဲ့ လေ့လာထားမှု ဖြစ်ပါတယ်။ သူတို့ရဲ့ အဓိကဦးစားပေးလေ့လာမှုကို ကင်ဆာအစပျိုး ဆဲလ်ဖြစ်တည်မှုအကြောင်း လေ့လာခဲ့ပါတယ်။
ဒီလို ကင်ဆာဆဲလ် ဖြစ်တည်မှုအတွက် လက်ရှိ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အသည်းကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ အစာပြွန်ကင်ဆာ စတဲ့ ရောဂါတွေ ခံစားနေရတဲ့ လူနာပေါင်း ၁၀၀၅ ဦး ဆီကနေ သွေးတွေ အစမ်းရယူခဲ့ပါတယ်။
ပြီးတော့ ကင်ဆာ မဖြစ်သေးတဲ့ လူဦးရေ ၈၁၂ ဦးဆီကနေလည်း ပုံမှန် သွေးနမူနာတွေ ရယူလိုက်ပါသေးတယ်။ ဒါကလည်း ကင်ဆာဖြစ်နေသူရဲ့သွေးနဲ့ မဖြစ်သူရဲ့ သွေးတွေကို နှိုင်းယှဉ်ကြည့်ဖို့ဖြစ်ပြီး CancerSEEK ဆိုတဲ့ လေ့လာရေး အမည်နဲ့ စမ်းသပ်ခန်းသွင်း လေ့လာမှုလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လေ့လာချက်အရ ကင်ဆာဖြစ်နေသူရော မဖြစ်သူရော အားလုံးရဲ့ ရာခိုင်နှုန်း ၇၀ သော သွေးနမူနာတွေမှာ သွေးစစ်ချက်ရလဒ်ကနေပဲ ကင်ဆာဖြစ်နိုင်မယ့် ဆဲလ်ဖွဲ့စည်းမှု တွေ့ရတယ်လို့ ဆိုပါတယ်။ ကင်ဆာဖြစ်နေသူတွေ အတွက်ကတော့ မထူးဆန်းပေမယ့် မဖြစ်သေးသူတွေအတွက်ကတော့ အခုလို ကင်ဆာဖြစ်နိုင်မှု ဆဲလ်ဖွဲ့စည်းမှု တွေ့လာ ရတာက စိုးထိတ်စရာပါ။
ဒီတော့ လေ့လာသူတွေက အဆိုပါ ဆဲလ်ဖြစ်တည်မှုကို တိုက်ဖျက်နိုင်မယ့် နည်းလမ်း ရှာဖွေခဲ့ပါတယ်။ ရလဒ်ကတော့ ကင်ဆာဖြစ်ပွားမှု အဆင့် ၁ ကို အောင်မြင်အောင် ကျော်ဖြတ်ကုသနိုင်လာသလို ကင်ဆာ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ၄ဝ လောက်ထိအောင် လျော့ချပေးလာနိုင်တာပဲ ဖြစ်ပါတယ်။
သေချာတာကတော့ ကျနော်တို့ ကင်ဆာဖြစ်တည်မှု ရာခိုင်နှုန်း ၆ဝ လောက်ထိအောင်ကို လျော့ချနိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် စမ်းသပ်မှုကာလအတွင်း အချို့သော ရောဂါတွေကို ကာကွယ်မှု ပေးနိုင်ဖို့ကိုတော့ စမ်းသပ်လို့ မအောင်မြင်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခြားရောဂါတွေအတွက်ထက် ကင်ဆာ ကြိုတင်ကာကွယ်မှု အပိုင်းမှာတော့ မှတ်တိုင်သစ် စိုက်ထူလိုက်နိုင်တာပဲ ဖြစ်ပါတယ်လို့ လေ့လာသူ Papadopoulos က ပြောပါတယ်။ ဒါဟာ သူတို့ရဲ့ အသက်တွေကို ကယ်တင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
အခုထက် ပိုကောင်းအောင် လုပ်နိုင်မလား ဆိုတာကိုတော့ သူတို့ မဖြေနိုင်သေးပါဘူး။ ပြီးတော့ သတင်းကောင်းတခု အဆင့်ထက် ပိုမလာသေးတာကတော့ အခုလို ကင်ဆာ ကြိုတင်ကာကွယ်နိုင်မှုပုံစံကို ရောင်းချနိုင်လောက်သည် ထိအောင် အတည်ပြု စမ်းသပ်ချက် မလုပ်ရသေးတာပဲ ဖြစ်ပါတယ်။ ဆိုလိုရင်းက Papa နဲ့ အဖွဲ့ဟာ သွေးစစ်ချက် ပုံစံသစ် တခု ဖန်တီး အောင်မြင်ထားတယ်။ ဒီစစ်ဆေးချက် ပုံစံအတိုင်း စစ်ဆေးကြည့်ရုံနဲ့ သွေးတွင်း ကင်ဆာဆဲလ် ဖြစ်တည်မှု ရှိ၊ မရှိ သိနိုင်မယ်။ ပြီးရင် အဆိုပါ ဆဲလ်ဖြစ်တည်မှုကို ချေဖျက်၊ ကာကွယ်နိုင်မယ့် နည်းလမ်းသစ်ကို သူတို့ ရထားတယ်။ ဒါပေမယ့် သွေးစစ်နည်းပုံစံနဲ့ ကာကွယ်မှုနည်းလမ်းကို ရောင်းချနိုင်လောက်သည်ထိအောင် အချောသပ် ဖန်တီးနိုင်မှု မရှိသေးတာပဲဖြစ်ပြီး မကြာခင်မှာတော့ ဒီလို သွေးစစ်ချက်နဲ့ကာကွယ်မှုတွေကို လူတိုင်း လုပ်ဆောင် အသုံးပြုနိုင်မယ့် အနေအထား ရောက်လာမယ်လို့ မျှော်လင့်ရပါတယ်။
www.rd.com တွင် ဖော်ပြထားတဲ့ A new blood test may be able to detect early stage cancer ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။