မိုးရာသီရဲ့ စိုစွတ်ထိုင်းမှိုင်းမှုဟာ တခြားသော ရာသီဥတုတွေထက် အရေပြားဆိုင်ရာ ပြဿနာတွေကို ပိုမိုဖြစ်ပေါ်စေ တတ်ပါတယ်။ ဒါကြောင့်မို့လို့ မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ကောင်းတွေ ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) မျက်နှာ အသားအရေပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ ဝက်ခြံတွေဟာ တခြားသော ရာသီတွေမှာထက် မိုးတွင်းကာလမှာ ပိုမိုဖြစ်ပေါ်လေ့ ရှိပါတယ်။ ပတ်ဝန်းကျင်လေထုရဲ့ စွတ်စိုထိုင်းမှိုင်းမှုကြောင့် ဝက်ခြံဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယားတွေဟာ အလွယ်တကူ ပေါက်ဖွားနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို သေချာဆေးကြော သန့်စင်ပေးတာမျိုးနဲ့ ရေများများ သောက်ပေးတာမျိုးတွေကို ပြုလုပ်ပေးသင့်ပြီး မျက်နှာသုတ်ပဝါကို မျှဝေ သုံးစွဲတာမျိုးတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။
(၂) ပတ်ဝန်းကျင် ရာသီဥတုရဲ့ စိုစွတ်မှုဟာ အရေပြားပေါ်မှာ မှိုစွဲကပ်မှုနဲ့ ခြေသည်းလက်သည်းတွေမှာ ဘက်တီးရီးယား တွေခိုအောင်းမှုကို ဖြစ်ပေါ်စေနိုင်တာကြောင့် တကိုယ်ရည်သန့်ရှင်းရေးကို အထူးပဲ ဂရုစိုက်သင့်ပါတယ်။ အရမ်းကျပ်တဲ့ အဝတ်အစားတွေဟာ ခန္ဓာကိုယ်ပေါ်က ချွေးနဲ့ ပြင်ပက စိုစွတ်မှုကြောင့် အသားအရေယားယံတာမျိုးတွေ ဖြစ်ပေါ်စေ နိုင်တာကြောင့် ပွပွချောင်ချောင် အဝတ်အစားမျိုးတွေကို ရွေးချယ်သင့်ပါတယ်။
(၃) မိုးရေထဲမှာ လျှောက်သွားတဲ့အခါ ခြေသည်း၊လက်သည်းတွေနဲ့ ခြေချောင်းတွေမှာ မှိုစွဲပြီး သဲဝဲစားတာမျိုးတွေ ဖြစ်ပေါ်နိုင်တာကြောင့် မိုးရေထဲကနေ ပြန်လာတိုင်း ခြေထောက်တွေကို သေချာစွာ ဆေးကြောပေးသင့်ပါတယ်။
(၄) မိုးရာသီမှာ အဖြစ်များတဲ့ နောက်ထပ် အရေပြား ပြဿနာ တခုကတော့ ဦးရေပြား ယားယံတာပဲ ဖြစ်ပါတယ်။ လေထဲက အစိုဓာတ်တွေနဲ့ မိုးရေ မကြာခဏ စိုစွတ်တာကြောင့် ဦးရေပြားယားယံတာမျိုး ဖြစ်တဲ့အခါ သံပုရာရည် အနည်းငယ်ကို ဂွမ်းနဲ့ ဆွတ်ပြီး ဦးရေပြားကို လိမ်းကျံပေးခြင်းက ဦးရေပြား ယားယံခြင်းကို သက်သာစေနိုင်သလို ခေါင်းချွေးနံ့ နံခြင်း ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။
(၅) မိုးရာသီကာလမှာ မိုးအုံ့နေတာကြောင့် Sunscreen လိမ်းဖို့ မလိုအပ်ဘူးလို့ ထင်နေတာဟာ အယူအဆမှား တခုပဲ ဖြစ်ပြီး နေရောင်ခြည်ဟာ ခါတိုင်းလောက် မပူပြင်းပေမယ့် ခရမ်းလွန်ရောင်ခြည်ကတော့ ထိုးဖောက်နေဆဲ ဖြစ်တာကြောင့် အသားအရေ မပျက်စီးရအောင် Sunscreen အသုံးပြုသင့်ပါတယ်။
Ref ; indianexpress.com