အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဗီယက်နမ်နိုင်ငံအနေနဲ့ COVID-19 ကူးစက်မှုကို လပေါင်း အတော်ကြာတဲ့အထိ ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဗီယက်နမ်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ်လောက်ကစပြီး ပြည်တွင်းကူးစက်မှုတွေ ပြန်လည် တွေ့ရှိခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ဗီယက်နမ်နိုင်ငံမှာ လူပေါင်း ၆၅၂ ယောက် ရောဂါကူးစက်ခံထားရပြီး ၇ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြည်တွင်းကူးစက်မှု ပြန်လည် စတင်ခဲ့တဲ့ နေရာကတော့ ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့ဖြစ်ပြီး လူပေါင်း တော်တော်များများ ရောဂါကူးစက်ခံထားရပါတယ်လို့ ဗီယက်နမ်အစိုးရရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြ ထားပါတယ်။ ဒါနန်းမြို့ဟာ ခရီးသွားအများအပြား လာရောက် လည်ပတ်လေ့ရှိတဲ့ မြို့တမြို့ဖြစ်ပြီး လူဦးရေ ၁ ဒဿမ ၁သန်းကျော် နေထိုင်တဲ့မြို့လည်း ဖြစ်ပါတယ်။
ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ လူပေါင်း ၃၄ ယောက် ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးသူ အရေအတွက်ကလည်း တိုးလာတယ်လို့ သိရပါတယ်။
ဗီယက်နမ်ကျန်းမာရေးဝန်ကြီး Nguyen Thanh Long ကလည်း COVID-19 ကူးစက်ရောဂါကို ပေါ့ဆလို့ မရကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဗီယက်နမ်အစိုးရအနေနဲ့လည်း တကျော့ပြန် ကူးစက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတဲ့အတွက် အထူးအစီအစဉ်တွေ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူအရေအတွက် ၁၈ သန်းခွဲနီးပါး ရှိလာခဲ့ပြီး သေဆုံးသူ အရေအတွက် ၇ သိန်းနီးပါး ရှိလာခဲ့ပါပြီ။
အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူ အရေအတွက် ၅ သန်းနီးပါးရှိနေပြီး သေဆုံးသူအရေအတွက် ၁ သိန်းခွဲကျော် ရှိလာခဲ့ပါတယ်။ ကူးစက်မှုအများဆုံး ၁၀ နိုင်ငံကတော့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယ၊ ရုရှား၊ တောင်အာဖရိက၊ မက္ကဆီကို၊ ပီရူး၊ ချီလီ၊ စပိန်နဲ့ ကိုလံဘီယာနိုင်ငံတို့ပဲ ဖြစ်ကြပါတယ်။
Ref: Reuters
You may also like these stories:
အိန္ဒိယမှာ လက်သန့်စင်ဆေးရည် သောက်မိရာက လူ ၁၀ ဦး သေဆုံး
ဗီယက်နမ်မှာ ပထမဆုံးအကြိမ် ကိုဗစ်ကြောင့် လူသေဆုံး
ဗီယက်နမ်ရှိ မြို့ကြီးများနှင့် ပြည်နယ်တိုင်းတွင် ကိုဗစ် အန္တရာယ်ရှိနေ