အမေရိကန်နိုင်ငံ၊ Arkansas မြို့က ဓာတုဗေဒပါမောက္ခ ၂ဦးဟာ နာမည်ကျော်ကြားပြီးသားဖြစ်တဲ့ “Breaking Bad” ရုပ်ရှင်ထဲက အတိုင်း Methamphetamine လို့ ခေါ်တဲ့ မူးယစ်ဆေးတွေကို ထုတ်လုပ်ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။
အသက် ၄၅ နှစ်နဲ့ ၄၀ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Terry David Bateman နဲ့ Bradley Allen Rowland ဆိုတဲ့ ပါမောက္ခ ၂ဦးဟာ Arkadelphia ဒေသမှာရှိတဲ့ ဟန်ဒါဆင်စတိတ် တက္ကသိုလ်မှာ ဓာတုဗေဒ အထူးပြုနဲ့ စာသင်ကြားနေသူတွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ၂ ဦးကို မူးယစ်ဆေးဝါး ထုတ်လုပ်၊ သုံးစွဲမှုတွေနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
တရားရုံးက ပြောရေးဆိုခွင့်ရှိသူတဦးရဲ့ ပြောကြားချက်အရ ပါမောက္ခ Rowland ကတော့ ဖမ်းဆီးမိပြီး မကြာခင်မှာပဲ ခံဝန်နဲ့ ပြန်လည်လွတ်သွားကြောင်း Time မဂ္ဂဇင်းကို ပြောပါတယ်။
တက္ကသိုလ်ရဲ့ လက်ထောက်ကျောင်းအုပ်ကြီး ဖြစ်သူကတော့ သူတို့ ၂ ဦးလုံးဟာ အောက်တိုဘာလ ၁၁ရက်နေ့ကတည်းက ထွက်စာတင်ပြီးဖြစ်ကြောင်း Time မဂ္ဂဇင်းကို အီးမေးလ်ပို့ပြီး ပြောကြားခဲ့ပါတယ်။
“တက္ကသိုလ်ရဲ့ သိပ္ပံခန်းမက ပြီးခဲ့တဲ့ အောက်တိုဘာ ၈ရက်နေ့ ကတည်းက ပိတ်ထားခဲ့တာပါ။ တရားရုံးက ဖော်ပြတဲ့ ဓာတုပစ္စည်းဟာ Methamphetamine ထုတ်လုပ်တဲ့ နေရာမှာ အရေးပါတဲ့ ပစ္စည်းတခုဆိုတာ မှန်ပါတယ်။ ကျောင်းရဲ့ သိပ္ပံခန်းမကိုတော့ မကြာခင် ပြန်လည် ဖွင့်လှစ်မှာပါ”လို့ လက်ထောက်ကျောင်းအုပ်ကြီးဖြစ်တဲ့ Tina Hall က ပြောပါတယ်။
ကျောင်းရဲ့ ဘယ်နေရာမှာ မူးယစ်ဆေး ထုတ်လုပ်ခဲ့တယ်ဆိုတာကို Tina Hall က ဖြေဆိုဖို့ ငြင်းဆိုခဲ့ပြီး တရားရုံးကိုသာ မေးမြန်းဖို့ သွယ်ဝိုက်ဖြေကြားခဲ့ပါတယ်။ ကျောင်းအတွင်း စုံစမ်းစစ်ဆေးမှုတွေကို ရဲဌာနနဲ့ မူးယစ်ဆေးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ ကာကွယ်ရေး အဖွဲ့အစည်းတွေက ဆက်လက် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Ref. time.com