ကမ္ဘာကြီးမှာ တရားမမျှတမှုတွေ နိုင်ထက်စီးနင်းပြုမှုတွေ အများကြီးရှိနေသေးပေမယ့် အချစ်တွေနဲ့ ပျော်ရွှင်စွာ တည်ထောင်နေထိုင်နေတဲ့ မိသားစုတွေလည်း ရှိပါတယ်။
အသားအရောင် ခွဲခြားခြင်းက နိုင်ငံတော်တော်များများမှာရှိတဲ့ လူမည်းတွေမှာ ကြုံလေ့ရှိတဲ့ ပြဿနာတခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Treka Engleman လို့ အမည်ရတဲ့ လူမည်း အမျိုးသမီးတယောက်ကတော့ အချစ်ဆိုတာ အသားအရောင်နဲ့ မသက်ဆိုင်တဲ့ အရာတခုလို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။
ငယ်ငယ်ကတည်းက ကလေး ချစ်တတ်တဲ့ သူမဟာ ကလေးထိန်းအလုပ်ကို လုပ်ကိုင် အသက်မွေးသူ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ကို ရောက်ရှိတဲ့ အချိန်မှာတော့ သူမရဲ့ သွေးသားရင်း မရှိတာကြောင့် သူမဟာ စိန့်ဂျိုးဆက် မိဘမဲ့ဂေဟာမှာရှိတဲ့ ကလေး တဦးကို မွေးစားဖို့ ကြိုးစားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ၂၀၁၆ ခုနှစ်မှာ ကလေးတဦးကို မွေးစားခွင့် ရခဲ့ပါတယ်။
ကလေးမွေးစားဖို့ စတင် စိတ်ကူးမိတဲ့ အချိန်မှာကတည်းက သူမက အာဖရိကန်-အမေရိကန် ကလေးဖြစ်ဖြစ်၊ လူဖြူကလေးဖြစ်ဖြစ် မွေးစားဖို့ စိတ်ကူးထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။ မိဘမဲ့ဂေဟာတွေက ကလေးတွေ အနေနဲ့ ခက်ခဲစွာ ရုန်းကန်ပြီး ကြီးပြင်းရတာကို သနားတဲ့အတွက် ကလေးတွေကို ရသလို မွေးစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သူမက ပြောပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ဂေဟာက ကလေး ၂ ဦး ခွဲဝေပေးမှာကြောင့် တဦးကို မွေးစားဖို့ စိတ်ကူးရှိလား ဆိုတဲ့ အကြောင်းကြားစာကို Treka Engleman လက်ခံ ရရှိခဲ့ပါတယ်။ အကြောင်းကြားစာ ရပြီးပြီးချင်း သူမက မွေးစားမယ်ဆိုတဲ့ အကြောင်းကို ပြန်ခဲ့ပါတယ်။ ခွဲခံလိုက်ရတဲ့ ညီအစ်မနှစ်ဦးထဲက တဦးက ၂၀၁၇ ခုနှစ် မေ ၁၀ ရက်နေ့မှာ သူမဆီကို ရောက်ရှိခဲ့ပါတယ်။
ကျန်ခဲ့တဲ့ ကလေးတဦးအနေနဲ့ အုပ်စုလိုက်ဖွဲ့ပြီး နေရတဲ့ အိမ်မှာ ဒုက္ခရောက်နေကြောင်း သတင်းကြားရချိန်မှတော့ Treka Engleman ဟာ အဲဒီကလေးကို မွေးစားဖို့ ကြိုးစားပါတော့တယ်။ ၂၀၁၈ ခုနှစ်မှာ အုပ်စုဖွဲ့ နေအိမ်က ကလေးကို မွေးစားနိုင်ခဲ့ပြီးနောက် သူမဟာ ကလေး ၃ ယောက်အတွက် အိပ်ခန်း ၃ ခန်းပါတဲ့ တိုက်ခန်းကို ငှားရမ်းပြီး နေထိုင်နိုင်အောင် အလုပ်လုပ်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ အတူ ကလေး ၃ ယောက်လုံးကို မွေးစားခွင့်ရခဲ့ပြီးနောက် သူတို့ မိသားစုရဲ့ ဓာတ်ပုံဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သိန်းနဲ့ချီတဲ့ လူမှုကွန်ရက် အသုံးပြုသူတွေဟာ သူတို့ရဲ့ ဓာတ်ပုံကို ပြန်လည် မျှဝေခဲ့ကြပြီး လူတိုင်းဟာ ချစ်ခင်ခြင်းနဲ့ ထိုက်တန်ကြောင်း မှတ်ချက်တွေ ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Ref. Brightside
You may also like these stories:
လမ်းဘေးခွေး အကောင် ၁၃၀၀ ကျော်ကို ကယ်တင်နိုင်ခဲ့တဲ့ ၇ နှစ်သားအရွယ် ကလေး
အသက် ၁၂ နှစ် အရွယ်မှာ အိမ်ထောင်စကျပြီး ကလေး ၄၄ ယောက် မွေးခဲ့တဲ့ အာဂအမျိုးသမီး
မွေးစားမယ့်သူမရှိတဲ့ ခွေးလေးတွေကို ဘီယာဘူးမှာထည့်ပြီး ကြော်ငြာပေးတဲ့ ဘီယာကုမ္ပဏီ