မလေးရှားတက္ကသိုလ်တခုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်တဲ့အနေနဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ကျောင်းသားတွေကိုယ်စား မော်တာဘုတ် တပ်ထားပြီး ဘွဲ့ဝတ်စုံပြည့် ဝတ်ထားတဲ့ စက်ရုပ်တွေနဲ့ အစားထိုးဖို့ စဉ်းစားနေပေမယ့် ကျောင်းသားအများစုကတော့ အဆိုပါကိစ္စကြောင့် ဒေါသထွက်နေကြပါတယ်။
Sultan Zainal Abidin တက္ကသိုလ်က ကျင်းပဖို့ရှိတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားနဲ့ ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့ရာမှာ ဝတ်စုံပြည့် ကျနစွာ ဝတ်ဆင်ထားပြီး အောင်လက်မှတ် ကိုင်ဆိုင်ထားတဲ့ စက်ရုပ် နမူနာပုံစံတွေကို ပြသခဲ့ပြီး ဘွဲ့ယူမယ့် ကျောင်းသားတွေရဲ့ မျက်နှာကို စက်ရုပ်ခေါင်းပေါ်က Screen ကနေ မြင်နေရမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အဆိုပါ စက်ရုပ်တွေကို တီထွင်ခဲ့တဲ့အဖွဲ့ခေါင်းဆောင် Sultan Zainal Abidin တက္ကသိုလ်ရဲ့ တွဲဖက်ပါမောက္ခ Engku Fadzli ကလည်း အဆိုပါ အစီအစဉ်အတိုင်း ကျောင်းသားတွေ ပါဝင်ပေးဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
“ကျနော်တို့ Video Conferencing တလျောက်လုံး စက်ရုပ်ခေါင်းပေါ်က Screen ကနေ ကျောင်းသားတယောက်ချင်း စီတိုင်းရဲ့ မျက်နှာတွေကို ပြပေးနေမှာပါ” လို့ Engku Fadzli က ဆိုပါတယ်။
ဒါပေမဲ့လည်း ကျောင်းသားတွေကတော့ အဆိုပါ အစီအစဉ်ကို သဘောမတွေ့ကြဘဲ ပုံမှန် ကျင်းပဖို့ စီစဉ်ထားတဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာအစား အခြေအနေတွေ ပြန်ကောင်းလာတဲ့အချိန်ထိ ရက်ရွှေ့ထားဖို့ တောင်းဆိုနေကြပါတယ်။
“စောင့်မယ်ဆို ဘယ်လောက်အချိန်ပဲဖြစ်ဖြစ် စောင့်နိုင်ပါတယ်။ ၁ နှစ်လား၊ ၂ နှစ်လား၊ ၃ နှစ်လား ဒါမှမဟုတ် နှစ်တွေ အကြာကြီးလား။ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဘွဲ့ကိုတော့ စင်ပေါ်မှာပဲ တက်ယူချင်ပါတယ်” လို့ ကျောင်းသား Nurhazwani Sa က ကျောင်းရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
ဆရာ Engku Fadzli ကတော့ စက်ရုပ်နဲ့ အစီအစဉ်ဟာ လက်ရှိ အခြေအနေအပြင် နောင်လည်း ကျောင်းမှာ ကျင်းပမယ့် အခမ်းအနားတွေအတွက် လိုအပ်သလို အသုံးပြုနိုင်ဖို့လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈,၃၂၉ ယောက်ရှိပြီး၊ သေဆုံးသူ ၁၁၇ ယောက် ရှိခဲ့ပေမယ့် ကူးစက်မှုအခြေအနေ ကျဆင်းလာတာကြောင့် ရောဂါထိန်းချုပ်နိုင်တဲ့အခြေအနေရောက်လာပြီလို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
Ref: Channel News Asia
You may also like these stories:
ဆန္ဒပြသူတွေ ဖွသွားတဲ့ အမှိုက်တွေကို ရှင်းပေးတဲ့ ဆယ်ကျော်သက် ဂုဏ်ပြုခံရ
Black Lives Matter လှုပ်ရှားမှုအတွက် BTS အဖွဲ့ ဒေါ်လာ ၁ သန်း လှူဒါန်း