K-pop စူပါစတား BTS အဖွဲ့နဲ့ သူတို့ရဲ့ အေဂျင်စီ Big Hit အင်တာတိန်းမန့်တို့ဟာ အမေရိကန်နိုင်ငံက Black Lives Matter လှုပ်ရှားမှုအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့တယ်လို့ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တဦးက ဇွန်လ ၇ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
“Black Lives Matter ကိစ္စအတွက် BTS နဲ့ Big Hit ရဲ့ နာမည်နဲ့ ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်”လို့ Big Hit ကုမ္ပဏီ ကိုယ်စားလှယ်တဦးက Yonhap သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။
နာမည်ကျော် K-pop အဖွဲ့ BTS နဲ့ Big Hit ကုမ္ပဏီတို့ဟာ အဲ့ဒီလှူဒါန်းမှုကို ပြုလုပ်ခဲ့တယ်လို့ Variety မီဒီယာက ဇွန်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့တုန်းကတော့ Black Lives Matter ကိစ္စကို ထောက်ခံကြောင်း BTS အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့ပြီး လူမျိုးရေးခွဲခြားမှုနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တဲ့နေရာမှာ တကမ္ဘာလုံးနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
“ကျနော်တို့ဟာ လူမျိုးရေး ခွဲခြားဆက်ဆံမှုကို ဆန့်ကျင် ရပ်တည်ပါတယ်။ အကြမ်းဖက်မှုကို ရှုတ်ချပါတယ်။ ခင်ဗျားတို့၊ ကျနော်တို့အားလုံးဟာ လေးစားခံဖို့ အခွင့်အရေး ရှိပါတယ်။ ကျနော်တို့ အတူတကွ ရပ်တည်ကြပါမယ်” လို့ BTS အဖွဲ့ရဲ့ တရားဝင် Twitter အကောင့်မှာ #BlackLivesMatter ဆိုတဲ့ hashtag နဲ့အတူ ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက ရဲအရာရှိတဦးကြောင့် အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား George Floyd သေဆုံးခဲ့ပြီးနောက် အမေရိကန်နဲ့ ကမ္ဘာတလွှားမှာ BLM လှုပ်ရှားမှုက ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။
Lady Gaga ၊ Ariana Grande နဲ့ Beyonce တို့လို ကမ္ဘာကျော် အဆိုတော်တွေဟာလည်း Floyd အတွက် ဝမ်းနည်း ဂုဏ်ပြုစကားဆိုခဲ့ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ အာဖရိကန်နွယ်ဖွား အမေရိကန်နိုင်ငံသား အသိုင်းအဝန်းတွေနဲ့အတူ တသားတည်း ရပ်တည်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။
Crush နဲ့ Jay Park တို့လို K-pop အနုပညာရှင်တွေဟာလည်း အာဖရိကန်-အမေရိကန် ယဉ်ကျေးမှုကို ဂုဏ်ပြုလေးစားတဲ့အနေနဲ့ ဆိုရှယ်မီဒီယာတွေကနေ တဆင့် တုံ့ပြန်ပြောဆိုခဲ့ကြပါတယ်။
ဇွန်လ ၈ ရက်နေ့မှာတော့ BTS အဖွဲ့ဟာ ၂၀၂၀ ပြည့်နှဏ်မှာ တက္ကသိုလ် ကောလိပ်တွေကနေ ဘွဲ့ရသူတွေကို ဂုဏ်ပြုစကားဆိုဖို့ YouTube ကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ “Dear Class of 2020” အစီအစဉ်မှာ မိန့်ခွန်းပြောသူတွေအဖြစ် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း Condoleezza Rice ၊ အဆိုတော် လေဒီဂါဂါတို့နဲ့အတူ ပါဝင်လာမှာ ဖြစ်ပါတယ်။
အဲ့ဒီအစီအစဉ်ကို မူလက ဇွန်လ ၇ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် အဲ့ဒီတရက်ထဲမှာ Floyd အတွက် အထိမ်းအမှတ် အခမ်းအနားရှိတာကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
Ref:Yonhap
You may also like these stories:
ဂျော့ဖလွိုက်သေဆုံးမှုအတွက် ရဲ ၃ ဦးကို တရားစွဲဆို
ထရမ့်ရဲ့ စစ်တပ် ချထားမယ့် အစီအစဉ် ဝေဖန်ခံရ
အကြမ်းဖက်မှုကို အားပေးတဲ့ စာကြောင့် ဒေါ်နယ်ထရမ့်ကို Twitter သတိပေး