COVID-19 ကာလအတွင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဝင်ငွေ အမေရိကန်ဒေါ် လာ ၃ ဘီလီယံ လောက်ဆုံးရှုံးခဲ့ကြောင်း ခရီးသွားလာရေးဝန်ကြီး Thong Khom က ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ COVID-19 ကာလအတွင်း လူသေဆုံးမှု မရှိခဲ့ပေမယ့် ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဝင်ငွေဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ လက်ရှိအချိန်ထိလည်း ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေ နည်းပါးနေဆဲပါပဲ။ ခရီးသွားလာရေးဝန်ကြီးရဲ့ အဆိုအရ ၂၀၂၀ ခုနှစ်အတွင်း ခရီးသွားရာခိုင်နှုန်း ၅၀ နဲ့ ၇၀ ကြား လျော့နည်းသွားမယ်လို့ သိရပါတယ်။
ပထမ ၄ လပတ်တာ ကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေ ၁ ဒဿမ ၁၆ သန်းရရှိခဲ့ပေမယ့် ၂၀၁၉ ခုနှစ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ၅၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ COVID-19 ကာလအတွင်းမှာ ခရီးသွားလုပ်ငန်းတွေအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရသလို ဝန်ထမ်းပေါင်းများစွာလည်း အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့လုပ်ငန်းပေါင်း ၂၉၅၆ ခု ပိတ်ထားရပြီး ဝန်ထမ်းပေါင်း ၄၅,၄၀၅ ယောက်အထိ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်းနိုင်ငံတကာခရီးသွား ဧည့်သည်တွေ ကမ္ဘောဒီးယားကို လာရောက်ကြဖို့ ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ မိုဘိုင်း Application တခုကို တီထွင်ခဲ့ပါတယ်။
“Kingdom of Wonder” လို့အမည်ပေးထားတဲ့ မိုဘိုင်း Application ထဲမှာ ကမ္ဘောဒီးယားနိုင်ငံနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို နိုင်ငံတကာခရီးသွားတွေအနေနဲ့ ရှာဖွေနိုင်ပါတယ်။ အဲဒီ Application မှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အထင်ကရနေရာတွေ အပါအဝင် ထင်ရှားတဲ့ ရိုးရာပွဲတော်တွေ၊ စားသောက်ဆိုင်တွေနဲ့ ငွေကြေးလဲလှယ်မှုတွေကိုပါ ထည့်သွင်းဖော်ပြထားတယ်လို့ သိရပါတယ်။
၂၀၁၈ ခုနှစ်အတွင်း ကမ္ဘောဒီးယားကို လာရောက် လည်ပတ်တဲ့ ခရီးသွားဧည့်သည်ပေါင်း ၆ ဒဿမ ၂ သန်း ကျော်ရှိခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုနှုန်း သတ္တမနေရာက ရှိခဲ့ပါတယ်။ ကမ္ဘောဒီးယားကို အဓိကလာရောက် လည်ပတ်တဲ့ခရီးသွား ဧည့်သည်တွေကတော့ တရုတ်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။
Ref: Bangkokpost
You may also like these stories:
အက်စ်တိုးနီးယားမှာ ခရီးသွားလုပ်ငန်းများ စတင်တော့မည်
နိုင်ငံခြားသားများအား ဖိလစ်ပိုင်သို့ ဝင်ရောက်ခွင့်ပြုဦးမည် မဟုတ်
ကိုဗစ်အလွန် စည်ကားလာမယ့် ခရီးသွားနိုင်ငံတွေထဲ မြန်မာ ပါဝင်