ဂျပန်နိုင်ငံမှာ နေထိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသားတွေကို နိုင်ငံတွင်း ပြန်လည် ဝင်ရောက်ခွင့် ပြုတော့မှာဖြစ်ပါတယ်။ COVID-19 ကူးစက်မှုတွေကြောင့် နေရပ်ပြန်သွားတဲ့ နိုင်ငံခြားသားတွေကို သြဂုတ်လဆန်းကစလို့ ပြန်ဝင်ခွင့်ပြုတော့မယ့်အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ဂျပန်မှာ နေထိုင်ခွင့်ရထားတဲ့ ကျောင်းသား၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ ဝန်ထမ်းစတဲ့ နိုင်ငံခြားသား ၉၀,၀၀၀ ကျော်ဟာ ကမ္ဘာ့ကပ်ရောဂါ အခြေအနေကြောင့် နိုင်ငံပေါင်း ၁၀၀ ကျော်ကနေ ပြန်ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရပြီးနောက် အခုလို ဖြေလျှော့ပေးတော့မှာပါ။
သြဂုတ်လ ၅ ရက်နေ့ကစလို့ ဂျပန်နိုင်ငံက COVID-19 ကြောင့် ဝင်ရောက်ခွင့် မပိတ်ပင်ခင်မှာ သက်ဆိုင်ရာ တိုင်းပြည်တွေဆီ ပြန်သွားတဲ့နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့် ပြန်လျှောက်နိုင်တော့မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇူလိုင်လ ၂၉ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်မီသူတွေဟာ နီးစပ်ရာ ဂျပန်သံတမန်ဆိုင်ရာ အထူးအဖွဲ့တွေကနေ Re-entry Confirmation Letter ရရှိမှာဖြစ်ပြီး ၇၂ နာရီ အတွင်း ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ကြောင်း စစ်ဆေးချက်နဲ့အတူ ပြသရမှာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့ကနေ စတင်ပြီး နောက်ထပ် နိုင်ငံခြားသားတွေကို ထပ်မံ လျှောက်ခွင့် ပြုသွားမှာ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေရဲ့ ဇနီး၊ ခင်ပွန်း၊ သားသမီးတွေကို အထက်ပါ အစီအစဉ်အတိုင်း ပြန်ဝင်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ နိုင်ငံပေါင်း ၁၄၀ ကျော်က ခရီးသွားတွေကိုလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ထားပေမယ့် အခြေအနေ ပြန်ကောင်းမွန်လာတဲ့အခါ တဖြည်းဖြည်းချင်း ဖြေလျှော့ပေးသွားမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဆိုပါတယ်။
ကန့်သတ်ထားတဲ့ နိုင်ငံတွေကနေ ပြန်လာမယ့် ဂျပန်နိုင်ငံသားတွေကိုတော့ ဝင်ခွင့်ပြုထားသလို၊ ဂျပန်နိုင်ငံတွင်း နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း အဆိုပါ ပိတ်ပင်ထားတဲ့ နိုင်ငံတွေဆီကို သွားရောက် လည်ပတ်နိုင်ဖို့ အတွက် လူသားချင်း စာနာမှုဆိုင်ရာ လွတ်ငြိမ်းခွင့် လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ စုစုပေါင်း ၃၁,၉၀၁ ဦးရှိပြီး သေဆုံးသူ ၁,၀၀၁ ဦးရှိပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပြုလိုက်ပြီးနောက်ပိုင်းမှာ ကူးစက်သူ အရေအတွက် ပြန်မြင့်တက်လာတာကြောင့် မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ လူထူထပ်တဲ့ နေရာရှောင်ဖို့ တိုက်တွန်းထားပါတယ်။
Ref: CNA
You may also like these stories:
အမေရိကန်မှာ COVID-19 ကူးစက်ခံရတဲ့ ခွေး သေဆုံး
အီဂျစ်မှာ ထိုင်းကျောင်းသားတဦး ကိုဗစ်ကြောင့် သေဆုံး
တရုတ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု ပြန်မြင့်တက်