Airbus ကုမ္ပဏီကနေ အနာဂတ်မှာ ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့် ဓာတ်ငွေ့ ထုတ်လွှတ်မှု ကင်းစင်တဲ့ Zero emission လေယာဉ်တွေကို တည်ဆောက်မယ့် အစီအစဉ်ကို ချပြလိုက်ပါတယ်။ အကောင်အထည် ပေါ်မယ်ဆိုရင် ၂၀၃၅ ခုနှစ်မှာ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ခရီးသည်တင် လေယာဉ်တွေကို ပြေးဆွဲနိုင်တော့မှာပါ။
ဥရောပ လေယာဉ်ကုမ္ပဏီကြီးက စက်တင်ဘာ ၂၁ ရက်မှာ ချပြလိုက်တဲ့ လေယာဉ်ပုံစံ ၃ မျိုးဟာ ပုံစံ မတူတဲ့ နည်းပညာတွေနဲ့ ဓာတ်ငွေ့ဆိုး ထုတ်လွှတ်မှု ကင်းစင်တဲ့ လေယာဉ်တွေ ဖြစ်ပေမယ့် ဟိုက်ဒရိုဂျင်စွမ်းအင်ကိုတော့ မူလပါဝါ အရင်းအမြစ်အဖြစ် အခြေခံထားတာ ဖြစ်ပါတယ်။
“ခရီးသည်တင်လေယာဉ် တည်ဆောက်ရေး လုပ်ငန်းတွေရဲ့ သမိုင်းဝင် အလှည့်အပြောင်း တခုပါ။ ဒီနယ်ပယ်မှာ အဓိက ပြုပြင်ပြောင်းလဲမှုကိုလုပ်ပြီး အရေးပါတဲ့အပိုင်းကနေ ဦးဆောင်သွားချင်ပါတယ်” လို့ Airbus ရဲ့ စီအီးအို Guillaume Faury က ပြောပါတယ်။
ပထမပုံစံကတော့ ခရီးသည် ၁၂၀ ကနေ ၂၀၀ ခန့်ကို မိုင် ၂၃၀၀ ကျော် တင်ဆောင်နိုင်မယ့် Turbofan ဒီဇိုင်းဖြစ်ပြီး လေယာဉ်ဆီအစား ဟိုက်ဒရိုဂျင်ကို လောင်ကျွမ်းစေမယ့် ဓာတ်ငွေ့တာဘိုင် အင်ဂျင်ကို ပြုပြင် မွမ်းမံထားတာ ဖြစ်ပါတယ်။
ဒုတိယပုံစံကတော့ ခရီးသည် အယောက် ၁၀၀ နီးပါးကို မိုင် ၁၁၅၀ တင်ဆောင်နိုင်ပြီး Turboprop ဒီဇိုင်းဖြစ်ကာ နောက်ဆုံးတခုကတော့ ကိုယ်ထည်နဲ့ လေယာဉ်တောင်ပံကို မခွဲထားဘဲ တဆက်တည်းပုံစံ Blended wing body ဒါမှမဟုတ် Hybrid wing body လို့ခေါ်ကြတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
“လက်ရှိသုံးနေကြတဲ့ လောင်စာဆီအစား ထုထည် မတူတဲ့ ဟိုက်ဒရိုဂျင်ကို သုံးမှာဖြစ်လို့ သိုလှောင်ရေး နဲ့ တည်ဆောက်ရေးအပိုင်းတွေကို လေ့လာနေပါတယ်” လို့ Airbus EVP Engineering ဌာနက Jean-Brice Dumont က ဆိုပါတယ်။
“ဆိုလိုတာကတော့ ကျနော်တို့ ထုတ်မယ့် Zero emission လေယာဉ်ပုံစံက လက်ရှိပုံစံတွေနဲ့ ကွဲလွဲသွားမှာပါ။ ချပြထားတဲ့ ပုံစံငယ် ၃ မျိုးလုံးအတွက် နောက်ထပ်လေ့လာစရာတွေ ကျန်ပါသေးတယ်” လို့ Dumont က ပြောပါတယ်။
“လွန်ခဲ့တဲ့ ၅ နှစ်လောက်ကထိ ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့ကျစေမယ့် နည်းပညာလမ်းကြောင်းပေါ်မှာ ဟိုက်ဒရိုဂျင်စွမ်းအင်ကို အသုံးပြုရမယ်ဆိုတာ မျက်လုံးထဲ မမြင်ကြသေးပါဘူး။ ဒါပေမဲ့ တခြားပို့ဆောင်ရေး နယ်ပယ်တွေမှာ ပြောင်းလဲနေတာတွေကို ကြည့်ရင် ယုံကြည်လောက်တဲ့ အချက်အလက်တွေပါ။ ဒီနေ့မှာ ဟိုက်ဒရိုဂျင်စွမ်းအင် သုံးပြီး Zero emission ပုံစံဖြစ်လာဖို့ တည်ဆောက်ယူရတာ စိတ်လှုပ်ရှားရပါတယ်” လို့ Dumont က ဆိုပါတယ်။
Ref: euronews
You may also like these stories:
လေယာဉ်မှူး မပါတဲ့ မိုးပျံတက္ကစီကို ဗီယင်နာမြို့တွင် စမ်းသပ် ပျံသန်း
Air Force One ကို အသံထက်မြန်တဲ့ လေယာဉ်နဲ့ ပြောင်းလဲဖို့ စီစဉ်
ဂျပန်မှာ လူလိုက်ပါ မောင်းနှင်နိုင်တဲ့ ကားပျံ စမ်းသပ်မှု အောင်မြင်