ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ဈေးတချို့မှ ဘင်္ဂါလီ ဈေးဆိုင်များအား စစ်တွေမြို့ပြင်ရှိ ဘင်္ဂါလီ ကျေးရွာများသို့ ယနေ့ ပြောင်း ရွှေ့ပေးလိုက်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဆရာတော်၊ သံဃာတော်များ၊ ရပ်မိ ရပ်ဘများနှင့် တခြားဘာသာဝင် ခေါင်းဆောင်များသည် အစည်းအဝေးတရပ်ကို စစ်တွေမြို့၌ ယမန်နေ့က ပြုလုပ်၍ အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြကြောင်း ရခိုင်ပြည်တွင်း ဖြစ်ပွားခဲ့ သည့် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။
“နှစ်ဦး နှစ်ဘက်စလုံးက တောင်းဆိုကြလို့ အခုလိုမျိုး ပြောင်းရွှေ့ပေးလိုက်တာပါ၊ နှစ်ဘက်စလုံးက အပြန်အလှန် ယုံကြည်မှု မရှိကြသေးဘူး၊ ဈေးထဲမှာ ဘင်္ဂါလီဆိုင်တချို့ရှိတော့ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို ရခိုင်တွေကလည်းပဲ စိုးရိမ်မှုတွေ ရှိနေကြ တယ်”ဟု ဦးဝင်းမြိုင် က ဆိုသည်။
မြို့မဈေးရှိ ဘင်္ဂါလီလူမျိုးများ ပိုင်ဆိုင်သည့်ဆိုင်ခန်းများမှ ပစ္စည်းများအားလုံးကို သယ်ဆောင်ခွင့်ပြုကြောင်း၊ ဒေသခံတိုင်းရင်း သားများနှင့်နီးစပ်သည့် ဘင်္ဂါလီ နေအိမ်များကိုလည်း မြို့ပြင်ရှိ ဘင်္ဂါလီ ကျေးရွာများသို့ ပြောင်းရွှေ့ပေးရန် ပြည်နယ်အစိုးရနှင့် ဒေသ ဆိုင်ရာ အာဏာပိုင်များက စနစ်တကျ စီစဉ်ဆောင်ရွက်ပေးနေကြောင်းလည်း ဦးဝင်းမြိုင် က ပြောသည်။
ဘင်္ဂါလီလူမျိုးများကို စစ်တွေမြို့ပြင်ရှိ သဲချောင်း၊ သက္ကပြင် စသည့် ကျေးရွာများသို့ ပြောင်းရွှေ့ပေးနေကြောင်း၊ နေအိမ်မရှိသူ များ အတွက် စခန်းတည်ဆောက်၍ နေရာချထားပေးမည် ဖြစ်ကြောင်း သိရသည်။
“ခွဲခြားလိုက်ခြင်းအားဖြင့်တော့ လတ်တလောမှာ တည်ငြိမ်အေးချမ်းမှု ဖြစ်နိုင်ပါတယ်၊ ပဋိပက္ခတွေ ဖြစ်နေတာတွေက သံသ ယ ကြောင့် ဖြစ်နေကြတာဆိုတော့ပါ၊ တည်ငြိမ်ပြီးသွားရင်တော့ ရေရှည်ပြန်လည် ထူထောင်ရေးအတွက် ပြန်ဆွေးနွေးရမှာပါ” ဟု ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့ ၏ အတွင်းရေးမှူးချုပ် ဦးကျော်ခင် က ပြောသည်။
အစ္စလမ် ဘာသာရေး အဖွဲ့ချုပ်အနေဖြင့် ယခုရက်ပိုင်းအတွင်း စစ်တွေမြို့သို့ ထပ်မံ သွားရောက်၍ ဒုက္ခသည်များကို ကူညီ ထောက် ပ့ံ့ရေး လုပ်ဆောင်မည်ဖြစ်ပြီး စစ်တွေမြို့ ဆွေးနွေးပွဲသို့ ၎င်းတို့အဖွဲ့ချုပ် မတက်ရောက်ခဲ့ကြောင်းလည်း ဦးကျော်ခင် က ဆို သည်။
ယမန်နေ့က အစည်းအဝေး၌ ဆရာတော်၊ သံဃာတော်များနှင့်ရပ်မိ ရပ်ဘများသည် အချက် ၃ ချက်ကို ပြည်နယ်အစိုးရနှင့် အာဏာပိုင်များထံ တင်ပြတောင်းဆို ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့မဈေး အတွင်းရှိ ဘင်္ဂလီဆိုင်များကို အခြားနေရာများသို့ ၄ ရက် အတွင်း ရွှေ့ပြောင်းပေးရန်၊ ဒေသတွင်း လုံခြုံရေး ကို ယခင်ထက် ပိုမိုတိုးမြှင့်ချထားပေးရန်၊ ရခိုင်တိုင်းရင်းသားများနှင့် ရောနှောနေသည့် ဘင်္ဂါလီ နေအိမ်များအား သီးသန့် နေ ရာ ချထားပေးရန် အတွက် ဗဟိုအစိုးရထံ တင်ပြပေးရေး စသည့် အချက်များ ဖြစ်သည်။
လက်ရှိအခြေအနေအရ ဘင်္ဂါလီလူမျိုးများနှင့် ဒေသခံတိုင်းရင်းသားများအကြား ရောနှောထားနိုင်သည့် အနေအထား မတွေ့ရ ကြောင်း၊ ဖြစ်ပွားနေသော ပဋိပက္ခပြဿနာကြောင့် ဒေသခံများ၏ စီးပွားရေး၊ ပညာရေး၊ လူနေမှု စားဝတ်နေရေး အခြေအနေ များ ဆိုးဝါးနေကြောင်း၊ ဒုက္ခရောက်နေကြသည့် ဒေသခံပြည်သူများအား ကူညီထောက်ပံ့ပေးနေသော ပြည်တွင်း၊ ပြည်ပ အဖွဲ့ များ အနေဖြင့်လည်း ရေရှည် လုပ်ကိုင်နိုင်ကြမည် မဟုတ်ကြောင်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် စစ်တွေ ဒေသခံ ဦးအောင်မြကျော် က ပြောသည်။
“သီးသန့်ဆီ ဖြစ်သွားရင် ရခိုင်တွေလည်း သူတို့စီးပွားရေး လုပ်နိုင်မယ်၊ ဘင်္ဂါလီတွေလည်း သူတို့နေရာမှာ သူတို့ စီးပွားရေး လုပ်နိုင်မယ်၊ ဒီလိုမှ မဟုတ်ရင် စီးပွားရေးဟာ လုံးဝချွတ်ခြုံကျသွားရတော့မယ့် အခြေအနေပါ”ဟု ၎င်း က ဆိုသည်။
ဒေသခံတိုင်းရင်းသား လူမျိုးများနှင့်ဘင်္ဂါလီများအား သီးသန့်ဆီနေရာ ချထားပေးလိုက်ခြင်းသည် လတ်တလောအခြေ အနေ အရ နှစ်ဦး နှစ်ဘက်အတွက် အကောင်းဆုံး ဖြစ်ကြောင်း၊ ဈေးများ အားလုံးပြန်ဖွင့်၍ အရောင်းအဝယ် လုပ်နိုင်မှသာ ဒေသခံ လက်လုပ် လက်စား ပြည်သူများအတွက် စားဝတ်နေရေး ပြေလည်မည်ဖြစ်ကြောင်း ဦးအောင်မြကျော်က ဆက်ပြောသည်။
ထိုသို့ နေရာချထားပေးသော်လည်း ဒေသခံပြည်သူများ၏ ဘဝလုံခြုံမှုအတွက် အပြည့်အ၀ ယုံကြည်စိတ်ချရမှု မရှိကြောင်း၊ ထို့ကြောင့် ဘင်္ဂါလီကျေးရွာများနှင့် ရခိုင်ပြည်သူများ နေထိုင်သည့် ကျေးရွာများအကြား လုံခြုံရေးတပ်များ ချထားပေးရန် အတွက် ဒေသခံပြည်သူများက အာဏာပိုင်များထံ တင်ပြထားကြောင်းလည်း သိရသည်။