ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို တောင်ဥက္ကလာပ မဲဆန္ဒရှင် ပြည်သူများက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရပ်စဲပေးရန် လက်မှတ်ရေးထိုးသော လှုပ်ရှားမှု တရပ် စတင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ကိုယ်စားလှယ် ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သိန်းလင်းက ကုလသမဂ္ဂနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် တို့ကို မြန်မာ့ပြည်တွင်းရေး ဝင်ရောက်နှောင့်ယှက် သူများ ဖြစ်သဖြင့် အယုံအကြည် မရှိကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖခင် အရှိန်အဝါဖြင့် ကျော်ကြား နေသူဖြစ်ပြီး NLD ကို ထောက်ခံသူများ သည်လည်း အရူးများသာ ဖြစ်ကြောင်း ဖြေဆိုထားခဲ့သည့် အတွက် တောင်ဥက္ကလာပ မဲဆန္ဒရှင်များက အထက်ပါ လှုပ်ရှားမှုကို စတင်လိုက်ခြင်း ဖြစ်သည်။
ိုထို့အပြင် ဦးအောင်သိန်းလင်းက အများတောင်းဆို မှုကြောင့် သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ရပ်ဆိုင်းထားသော မြစ်ဆုံဆည်
စီမံကိန်းကြီးကို မဖြစ်မနေ ပြန်စရန်လိုကြောင်း စသည့် အငြင်းပွားဖွယ်အမြင်များကိုလည်း တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့ သေးသည်။
ဦးအောင်သိန်းလင်း၏ ဖြေဆိုချက်များကို တောင်ဥက္ကလာပ မဲဆန္ဒရှင်များက ပြည်တွင်း ဂျာနယ်များမှ တဆင့် ဖတ်ရကြောင်း၊ ယင်းပြောဆိုချက် များသည် မဲဆန္ဒရှင် ပြည်သူများကို စိတ်ပျက်စေသဖြင့် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းရန်
ဝိုင်းဝန်း လှုပ်ရှားခြင်း ဖြစ်ကြောင်း၊ ယင်းလှုပ်ရှားမှုကို ဖွဲ့စည်းပုံ အခြေခံဥပေဒနှင့် အညီ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း လက်မှတ်ရေးထိုး လှုပ်ရှားမှုကိုဦးဆောင်သူ တောင်ဥက္ကလာပ မြို့နယ်မှ ဦးမင်းအောင်က ဧရာဝတီသို့ ပြောသည်။
ဦးမင်းအောင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ယခုအခါ NDF မှ နုတ်ထွက်၍ လယ်သမားအရေးတွင် တက်ကြွစွာ ဆောင်ရွက်နေသူ တဦးဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၉၊ ပုဒ်မ ၃၉၆ (ခ) တွင် သက်ဆိုင်ရာ မဲဆန္ဒနယ်၏ မူလ မဲဆန္ဒရှင်များ အနက် အနည်းဆုံး “တစ်” ရာခိုင်နှုန်းက ရွေးကောက် တင်မြှောက်ထားသော လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှ ပြန်လည် ရုပ်သိမ်းလိုလျှင် လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်ဟု
အတိအလင်း ပြဋ္ဌာန်းထားကြောင်း ဦးမင်းအောင်က ထောက်ပြသည်။
“ဦးအောင်သိန်းလင်းက မြစ်ဆုံဆည် စီမံကိန်း ပြန်စမယ်၊ သမ္မတက သူ့ဘာသာသူ ရပ်ဆိုင်းတာလို့ ပြောတယ်။ ပြည်သူတွေကို အရူးတွေလို့လည်း ပြောတယ်။ အဲဒီလို ပြောတာကိုတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲဒါကြောင့် မဲဆန္ဒရှင်တွေ စုပေါင်း
လက်မှတ်ထိုးပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြမှာပါ” ဟု သူက ရှင်းပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မဲဆန္ဒရှင် အနည်းဆုံး “တစ်” ရာခိုင်နှုန်းက တာဝန်မှ ပြန်လည်ရုပ်သိမ်းလိုသော လွှတ်တော် ကိုယ်စားလှယ်နှင့် ပတ်သက်သည့် တိုင်တန်းချက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေး ရမည်ဖြစ်ပြီး စွပ်စွဲချက် မှန်ကန်လျှင် စွပ်စွဲခံရသူသည် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
လက်မှတ်များကို ဇူလိုင်လ ၂၈ ရက်နေ့တွင် စတင် ကောက်ခံနေပြီး တောင်ဥက္ကလာ မဲဆန္ဒရှင်များ၏ လက်မှတ်ပေါင်း တထောင်ကျော် ရရှိသည်နှင့် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြသွားမည်ဟု
သိရသည်။
“လက်မှတ် တထောင်ကျော်ရရင် နေပြည်တော်ကို တင်မယ်။ အခုတော့ လက်မှတ် ရာချီပြီး စရနေပြီ” ဟု လက်မှတ်ရေးထိုး လှုပ်ရှားမှု ဦးဆောင်သူ တောင်ဥက္ကလာပ မြို့နယ်မှ တက္ကသိုလ်ကျောင်းသား တဦးက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲကာလက တောင်ဥက္ကလာ ၇ ရပ်ကွက်ရှိ ဗုဒ္ဓဘာသာဝင်များ၏ ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းထားသော တောင်ဥက္ကလာပ ဗလီကြီးကို မွတ်ဆလင် ဘာသာဝင်များထံမှ ကြိုတင် ဆန္ဒမဲများ ရရှိလိုသဖြင့် ဦးအောင်သိန်းလင်းက
ပြန်လည် ဆောက်လုပ်ခွင့် ပေးခဲ့ကြောင်း၊ ယင်းနောက် ဆွမ်းလောင်း အသင်းများက ဝိုင်းဝန်း ကန့်ကွက်သည့်အတွက် ဗလီဆောက်လုပ်မှုကို ရပ်တန့်ပေးခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင် တောင်ဥက္ကလာပ ဒေသခံများအကြား ဦးအောင်သိန်းလင်းကို မကျေမနပ်ဖြစ်ခဲ့ကြကြောင်း သိရသည်။
“ဦးအောင်သိန်းလင်းက ရွေးကောက်ပွဲမှာ နိုင်သာ နိုင်သွားတာ။ တကယ်တော့ ဗလီကိစ္စမှာကတည်းက မကျေနပ်တာ။ အခု လက်မှတ်ရေးထိုး လှုပ်ရှားမှုမှာ ဝင်ပြီး လက်မှတ်ထိုးလိုက်ပြီ” ဟု တောင်ဥက္ကလာပ ၇ ရပ်ကွက်သား တဦးက ဆိုသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ဦးအောင်သိန်းလင်းနှင့် ပတ်သက်ပြီး ဇူလိုင် ၂၈ ရက်နေ့က ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး ယင်းကြေညာချက်တွင် တရုတ်သတင်းစာသို့ ဦးအောင်သိန်းလင်းက အထက်ပါအတိုင်း ပြောဆိုခြင်းရှိ၊ မရှိ စိစစ်မည်ဖြစ်ကြောင်း၊ အမှန်တကယ်ပြောဆိုလျှင် ပါတီစည်းမျဉ်းများအရ အရေးယူသွားမည် ဖြစ်ကြောင်း ပါရှိသည်။
ဦးအောင်သိန်းလင်းကလည်း တရုတ်နိုင်ငံထုတ် Southern Weekend China သတင်းစာ အနေဖြင့် ၎င်း၏ ဖြေဆိုမှုကို ဘာသာပြန် လွဲမှားစွာ ဖော်ပြခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ မိခင်ပါတီအနေဖြင့် အပြစ်ပေးပါက ခံယူသွားမည် ဖြစ်ကြောင်း ပြောဆိုသည်ဟု သိရသည်။