တနင်္သာရီတိုင်း ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး စက်ရုံအနီးတွင် နေထိုင်သော ဒေသခံများသည် အရေပြား ယားယံခြင်း၊ ချောင်းဆိုး ရင်ကျပ်ခြင်း စသည့် ရောဂါဝေဒနာများ ဖြစ်ပွား ခံစားနေကြရကြောင်း သိရသည်။
ကော့သောင်းမြို့ ရွှေပြည်သာနှင့်အေးရိပ်ငြိမ် ရပ်ကွက်အကြားရှိ ၈ မဂ္ဂါဝပ် ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသည့် မီးခိုးငွေ့များ၊ ပြာ မှုန့်များကြောင့် အနီးဝန်းကျင်ရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများ၊ သက်ကြီးရွယ်အိုများ ၌ ထိုကဲ့သို့ ဝေဒနာများ ဖြစ်ပွား နေခြင်းဖြစ်သည်ဟု ဒေသခံများက ဧရာဝတီ ကို ပြောသည်။
စက်ရုံ အနီးနေထိုင်သော ဒေါ်နွေးနွေးသူ ဆိုသည့် ဒေသခံ အမျိုးသမီး တဦးက စက်ရုံမလည်ပတ်မီက ရောဂါဖြစ်ပွားသူ နည်းပါးပြီး ပြီး ခဲ့သည့် နှစ်အတွင်း စက်ရုံလည်ပတ်ပြီး နောက်ပိုင်းတွင် ပိုမိုလာကြောင်း၊ ထိုရောဂါများသည် စက်ရုံမှ ထွက်သည့် ဘေးထွက် ဆိုးကျိုးများကြောင့် ဖြစ်ကြောင်း ပြောပြသည်။
“စက်ရုံ မလည်ပတ်ခင်က ရောဂါဖြစ်သူ ၅၀ ရာခိုင်နှုန်းဆိုရင် အခုက ၁၀၀ ရာခိုင်နှုန်း ဖြစ်နေတယ်၊ ကျမကိုယ်တိုင် ချောင်းဆိုး ရင်ကျပ် ဖြစ်နေတယ်၊ ယားနာ ဖြစ်သူများလာတယ်၊ စက်ရုံ ဝန်းကျင်မှာ ဗိုက်ကြီးသည် ၅ ယောက်ရှိတာလည်း ဝေဒနာတွေ ခံစား နေရတယ်”ဟု ၎င်းက ဆိုသည်။
သို့သော် စက်ရုံမှ ထွက်သည့် ဘေးထွက်ဆိုးကျိုးကြောင့် ဟုတ်မဟုတ်ဆိုသည်ကို ကျွမ်းကျင်သည့် ဆေးပညာရှင်များနှင့်စစ်ဆေးမှု ဆောင်ရွက်ရန် ပြင်ဆင်နေကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ တနင်္သာရီတိုင်း တာဝန်ခံ ဦးသန်းထွန်းက ဧရာဝတီ ကို ပြော သည်။
“ဝေဒနာ ခံစားနေရသူ ၄၀ ဝန်းကျင်ရှိပါတယ်၊ စက်ရုံက ထွက်တဲ့ မီးခိုးတွေ၊ ပြာတွေကို ရှှုမိလို့ ဖြစ်ရတာ ဟုတ်မဟုတ် ဆရာဝန် ၃ ဦး နဲ့ စစ်ဆေးနေပါတယ်၊ နောက်ထပ်လည်း ပြည်တွင်းကရော ထိုင်းနိုင်ငံကပါ အရေပြား ဆရာဝန်၊ လည်ချောင်း ဆရာဝန်တွေနဲ့ ပြ သပြီး ဆေးစစ်မှု ဆောင်ရွက်မယ်၊ ကျောက်မီးသွေးကြောင့် ဖြစ်တာဆိုရင်တော့ စက်ရုံ လုံး၀ ပိတ်သိမ်းတဲ့အထိ လုပ်ဆောင်သွားမယ်”ဟု ၎င်းက ဆိုသည်။
ရောဂါဖြစ်ပွားသည့် ဦးရေ တနေ့တခြား တိုးပွားလာနေ၍ ကျောက်မီးသွေး စက်ရုံနှင့်ပတ်သက်သည့် ဆွေးနွေးပွဲတခုကို ဒီမို ကရက် တစ် ပါတီ (မြန်မာ) က ဦးဆောင်ကာ ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့ကြောင်း၊ ထိုကျောက်မီးသွေး စက်ရုံ ရပ်ဆိုင်းရေး သို့မဟုတ် လူနေရပ်ကွက်နှင့်ဝေးလံသည့် နေရာသို့ ပြောင်းရွှေ့ရေးအတွက် ဒေသခံများက လိုလားကြကြောင်းလည်း ဦးသန်းထွန်း က ပြောပြသည်။
ထိုစက်ရုံ လည်ပတ်မှု မလုပ်ဆောင်ရန် ဒေသခံများက ၂၀၁၂ ခုနှစ်အတွင်း အကြိမ်ကြိမ် ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး သမ္မတ နှင့် သက်ဆိုင်ရာ အာဏာပိုင်များ ထံသို့လည်း စာများပေးပို့ တိုင်ကြားခဲ့သော်လည်း ထိရောက်မှု မရှိကြောင်း၊ ထိုစက်ရုံကို သန်းဖြိုးသူ သတ္တု တူးဖော်ရေး ကုမ္ပဏီက လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ရောဂါ ဖြစ်ပွားသူတွေ များလာမယ်၊ စက်ရုံလည်း မရပ်ပေးဘူး၊ ပြောင်းရွှေ့ မပေးဘူးဆိုရင် ကြီးမားတဲ့ ဆန့်ကျင်မှုတွေ၊ ပဋိပက္ခ တွေ ဖြစ်ပွားလာနိုင်တယ်”ဟု ဦးသန်းထွန်း က ဆိုသည်။
ထိုစက်ရုံ၏စက်ရုံမှူး ဦးလှမော် ကမူ ရောဂါဖြစ်ပွားကြသည်ဟု ပြောဆိုမှုသည် အခြေအမြစ် မရှိကြောင်း၊ နိုင်ငံတော် အစိုးရ၏ ခွင့်ပြု ချက်အရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ စက်ရုံသည် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် သန်းဖြိုးသူ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင် နေခြင်း ဖြစ်၍ ပိတ်သိမ်းရန် အစီအစဉ်မရှိကြောင်း ဧရာဝတီ ကို ပြောသည်။
“ရောဂါဖြစ်တယ်သာ ပြောတာ၊ ဘာအထောက်အထား ဆေးမှတ်တမ်းမှ မရှိပါဘူး၊ ကျနော်တို့က မြို့ပေါ်တခုလုံးကို လျှပ်စစ်မီး ပေး နေတယ်၊ ဒီစက်ရုံ မရှိရင် ဘာနဲ့မီးပေးမလဲ၊ တခြားနည်းတွေနဲ့ လျှပ်စစ်မီးပေးမယ့်သူတွေ ရှိရင် ကျနော်တို့ စက်ရုံ ရပ်ပေးမယ်”ဟု စက်ရုံမှူး က ဆိုသည်။
လျှပ်စစ်မီး တယူနစ်လျှင် ယခင်က ကျပ် ၄၅၀၊ ၆၀၀၊ ၉၀၀ အထိ ပေးခဲ့ရသော်လည်း ယခုအခါ ကျပ် ၃၇၀ ဖြင့် ထို ကျောက်မီးသွေးစက်ရုံမှ ပေးနေကြောင်း၊ စက်ရုံ ခြံဝင်းသည်လည်း မြေ ၂၈ ဧက ပေါ်တွင် တည်ဆောက်ထား၍ လူနေအိမ်နှင့် နီးကပ် မနေကြောင်း စက်ရုံမှူး ဦးလှမော် က ပြောဆိုသည်။
အစိုးရအနေဖြင့် ၎င်းတို့ ဒေသတွင်းမှထွက်ရှိသည့် သဘာ၀ ဓာတ်ငွေ့များကို အသုံးပြု၍ လျှပ်စစ်မီးရရှိရန် မကြိုးပမ်းဘဲ၊ ထိုင်း နိုင်ငံ မှ လက်မခံသည့် ကျောက်မီးသွေး စက်ရုံများကို ၎င်းတို့ဒေသ၌ လာရောက်တည်ဆောက်ခြင်း ဖြစ်သည့်အတွက် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားရကြောင်း ဦးသန်းထွန်းက ပြောသည်။
“ကျနော်တို့ ဒေသတွင်းက ထွက်တဲ့ သဘာ၀ ဓာတ်ငွေ့တွေကို ပြည်ပ ရောင်းစားပြီး အန္တရာယ်ဖြစ်တဲ့ စက်ရုံတွေ တည်ဆောက်နေ တာ”ဟု ၎င်းက ဆိုသည်။
တနင်္သာရီတိုင်း ထားဝယ်ဒေသ၌ တည်ဆောက်ရန် ထိုင်းနှင့်မြန်မာ အစိုးရတို့ စီစဉ်ခဲ့သော မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ကျောက် မီး သွေး စက်ရုံ စီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ပြီး ဒေသခံ ပြည်သူများအတွက် အကျိုးမရှိ ဟုဆိုကာ ဒေသခံပြည်သူ များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှှုပ်ရှားနေသူများက ၂၀၁၂ ခု နှစ်ဆန်းပိုင်းအတွင်း ဆန့်ကျင် ကန့်ကွက်ခဲ့၍ ရပ်ဆိုင်းခဲ့ရ ဖူး သည်။
ဒေသခံများက ၎င်းတို့ဒေသတွင်း၌ ကျောက်မီးသွေးဖြင့် လည်ပတ်မည့် မည်သည့်စက်ရုံကိုမျှ လက်ခံမည်မဟုတ်ကြောင်း ပြောဆိုကြသည်။