တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာသည့် လေအေးကြောင့် အအေးပိုလာချိန်တွင် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတချို့၌ အနွေးထည်နှင့် စောင်မလုံလောက်မှုများနှင့် ကြုံတွေ့နေရကြောင်း အဆိုပါစခန်းများမှ သိရသည်။
အအေးလှိုင်း ဖြတ်သန်းမှုကြောင့် မြန်မာပြည် မြောက်ဖျားဒေသများတွင် အအေးပိုလာချိန်၌ အစိုးရ တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တိုက်ပွဲတချို့ ဖြစ်ပွား၍ စစ်ဘေးရှောင်ရခြင်း၊ ထို့အပြင် တရုတ် အာဏာပိုင်များကလည်း တရုတ်-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းတချို့မှ ကချင်ဒုက္ခသည်များကို နှင်ထုတ်ခြင်းတို့ကြောင့် ယခုကဲ့သို့ အခက်အခဲများ ကြုံတွေ့ရသည်ဟု သိရသည်။
“မြို့ပေါ်နဲ့ အစိုးရ လက်လှမ်းမှီသလောက်မှာတော့ စောင်တွေနဲ့ အဝတ်အထည်က လောက်ငှတယ်။ ပြည့်စုံတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပန်ဝါဘက် မိုင်တိုင် (၆) ဘက်မှာ တရုတ်ဘက်ကနေပြီးတော့ ဒီလ ၁၅ ရက်ကနေ စဖယ်ခိုင်းတယ်။ ဒီလိုဆိုတော့ အေးတဲ့အချိန်လည်းဖြစ်၊ အအေးလှိုင်းကလည်း ဖြတ်ဆိုတော့ အဲဒီဘက်က ဒုက္ခသည်တွေမှာ နေစရာနဲ့ အအေးဒဏ်ခံနိုင်ဖို့ အခက်ခဲတွေရှိနေတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဆမ်ဆွန်က ပြောသည်။
ဆက်လက်ပြီး ဦးဆမ်ဆွန်က မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တို့တွင် KBC အတွင်းရှိ ဒုက္ခသည် စခန်းများတွင် မူအအေးဓာတ်ကို ခံနိုင်စေသည့် အဝတ်အထည်နှင့် စောင်များမှာ နယ်စပ်အနီးရှိ ဒုက္ခသည်စခန်းများထက် လောက်ငှမှုရှိနေကြောင်း၊ နယ်စပ်အနီးရှိ ဒုက္ခသည်များတွက် ကူညီလိုကြောင်း ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလတွင် ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နမ်လင်းပါရွာ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့်လည်း နမ်လင်းပါရှိ စခန်းများမှ ဒုက္ခသည်များ ထွက်ပြေးလာမှုများ ရှိကြောင်း၊ စခန်းတွင်းသို့ ထွက်ပြေးလာရာတွင် ကိုယ်လွတ်ရုန်း ပြေးခဲ့ရသောကြောင့် မိမိတို့ စခန်းရောက်ရှိချိန်တွင် နေရာအခက်အခဲများလည်း ကြုံတွေ့နေရကြောင်း မိုင်ဂျာယန် ဒုက္ခသည်စခန်းမှ ဒေါ်မေရီတောင်က ပြောသည်။
“နမ်လင်းပါမှာ စစ်ဖြစ်တော့ ဒီဘက်ကို ပြေးလာတယ်။ မိုင်ဂျာယန်ဘက်မှာ နဂိုက ဒုက္ခသည် ၈၀၀၀ လောက် ရှိတာမှာ အခုဆို နောက်ထပ် ၂၀၀၀ လောက် တိုးလာတော့ အဝတ်အထည်နဲ့ စောင်တွေ မလောက်ငှဘူး။ နောက် နေဖို့အတွက် ရွက်ဖျင်တဲ အခက်အခဲလည်း ကြုံနေရတယ်။ အစိုးရ စစ်တပ်ပိုင်းကတော့ တလောက တခြားစခန်းတွေကို ဆန်လှူတယ်ပြောတယ်။ ကျမတို့ စခန်းတော့ မရောက်ပါဘူး။ ဒီမှာက KIA ဘက်က ကူညီတာများပါတယ်” ဟု ၎င်းက ပြောသည်။
နမ်လင်းပါတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် အစိုးရတပ်များဘက်မှ ဒုက္ခသည်စခန်းများကိုပါ ဝင်ရောက် ရှင်းလင်းခဲ့သည့်အတွက် စခန်းများကို ဒုက္ခသည်တချို့ စွန့်ခွာခဲ့ကြောင်း KIAဘက်မှ ပြောကြားထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဧရာဝတီသို့ ပြောကြားခဲ့ရာတွင် “ကျနော်တို့ဘက်က တတ်နိုင်သရွေ့ ပြည်သူတွေ မထိခိုက်အောင် လုပ်ပါတယ်။ နောက်ဒီဘက်ကို တက်ဖို့အတွက် KIAဘက်ကို အကြောင်းကြားတယ်။ အကြောင်းမပြန်လို့ ၅ ရက်မြောက်နေ့မှာမှ တက်ခဲ့တာပါ။ အဲဒီမှာ သစ်တန်ချိန် ၄၀၀ ကျော် ခိုးထုတ်တာမိပါတယ်။ ဒီနောက်တိုက်ပွဲဖြစ်တာပါ။ ဒုက္ခသည်စခန်းကိုမှ ရွေးပစ်တာမျိုး လုပ်တာမရှိဘူး” ဟု ဆိုသည်။
နမ်လင်းပါကျေးရွာတွင် KIA နှင့် အစိုးရတပ်ကြား တိုက်ပွဲများကြောင့် မန်ဝင်း၊ ဗန်းမော်၊ မိုင်းခေါင်၊ လန်နန်ဇက်ဂျာ (LA NA ZUP JA)၊ ဘန်တစီပါ (Bum Tsti Pa)၊ မိုင်ဂျာယန် စသည့် ဒုက္ခသည်စခန်းများတွင် အသီးသီး ခိုလှုံခဲ့ရကြောင်း သိရသည်။
“ဒီမှာက အခုဆို တအားအေးတယ်။ စောင်လိုအပ်နေတယ်။ အနွေးထည်ရောပေါ့။ တခုကတော့ ထင်း လိုအပ်တာပဲ။ နွေးနွေးထွေးထွေး နေဖို့အတွက် ဒီတခုကလည်း အရမ်းလိုနေတယ်။ အဓိကကတော့ လူကြီးတွေမှာ တော်တော် ဒုက္ခရောက်တယ်။ အဓိကကတော့ ဒီအခု အအေးဓာတ် ခံဖို့အတွက် လုံလောက်တဲ့ အာဟာရ သူတို့မှာ မရှိတာပါပဲ” ဟု မိုင်းခေါင်ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦး ကဧရာဝတီသို့ ပြောသည်။
ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်သည့် Office for the Coordination of Humanitarian Affairs (OCHA) အဖွဲ့၏ ထုတ်ပြန်ချက်အရ မန်စီတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒုက္ခသည် ၃၀၀၀ ကျော် ထွက်ပြေးခဲ့ကြရကြောင်း၊ အဆိုပါ ဒုက္ခသည်များအတွက် အကူအညီ လိုအပ်နေကြောင်း ဖော်ပြပါရှိသည်။ အဆိုပါ ထုတ်ပြန်ချက်မှာ၂၀၁၃ အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်းတွင် အဖွဲ့ ၄ ဖွဲ့ဖြင့် စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပန်ဝါအထက် မှတ်တိုင်အမှတ် (၆) တရုတ်နယ်စပ်ရှိ ဖရဲခက် (Hpare Hkyet) စစ်ပြေး ဒုက္ခသည် စခန်းကို တရုတ်အစိုးရ အာဏာပိုင်များက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွှန်ကြားထားကြောင်း သိရသည်။
မှတ်တိုင်အမှတ် (၆) ဖရဲခက် (Hpare Hkyet) စစ်ပြေးဒုက္ခသည်စခန်းသည် တရုတ်ပြည်ဘက်ခြမ်းတွင်ရှိပြီး ယခုရာသီဥတု အေးခဲနေချိန် ပြောင်းရွေ့ရမှုကြောင့် အခက်အခဲများရှိကြောင်း၊ အစာနှင့်ရေ ပြတ်လပ်မှုနှင့်လည်း ကြုံတွေ့နေရကြောင်း
KBCလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးဆမ်ဆွန်က ပြောသည်။
စခန်းပြောင်းရွှေ့ပြီး ပြန်လည် ဆောက်လုပ်နိုင်ရန် တရုတ်အစိုးရ အာဏာပိုင်များ လက်ကိုင်လွှ (Yuki) ၂၀ ခု၊ တူ၊ သွပ်ကြိုး၊ သံများနှင့် သုံးထပ်သားများ ကူညီပေးထားပြီး ဖြစ်သောကြောင့် နိုဝင်ဘာလကုန်ပိုင်းမှ စတင်ပြောင်းရွှေ့ ထားခြင်းဖြစ်ကြောင်း သိရသည်။
“၂ အိမ်၊ ၃ အိမ်က ပြောင်းနေကြပြီ၊ ဒီဇင်ဘာလမှာ အားလုံးပြောင်းရွှေ့လာမယ်လို့ ပြောတယ်၊ အရမ်းချမ်းပြီး လမ်းခရီးခက်ခဲတဲ့နေရာ ဖြစ်တယ်။ အခုချိန်မှာ ရေတောင် ခဲနေပြီ” ဟု ဦးဆမ်ဆွန်က ပြောသည်။
ဖရဲခက်တွင် လူဦးရေ ၈၀၀ ကျော်ရှိပြီး ဒုက္ခသည်စခန်းကို ကချင်လွတ်လွတ်ရေးအဖွဲ့ (KIO) နှင့် KBC မှ ထောက်ပံ့နေခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် တရုတ်နယ်စပ်ရှိ စခန်းများဖြစ်သော ယန်လု (Yang Lu)၊ လောဝ်ဖိုင် (Lau Hpai)၊ လုံဂရောက် (Lung Krawk)၊ နားကောင်းကောင် (Na Kawng Kawng)၊ ခဒေါင်ပါ (Hka dawng Pa) တို့တွင်လည်း နှင်းများကျ၍ ရေခဲတောင်များဖြင့် အအေးလွန်ကဲက ဒုက္ခသည်များအတွက် အနွေးထည်နှင့် စောင်များ မလုံလောက်ကြောင်း သိရသည်။
လက်ရှိတွင် ကချင်စစ်ဘေးဒုက္ခသည်ပေါင်း ၁ သိန်းကျော်ခန့်ရှိကြောင်း၊ ၎င်းတို့ထဲတွင် ၅၂၀၀၀ ခန့်မှာ အစိုးရထိန်းချုပ်ထားခြင်း မရှိသည့် ဧရိယာတွင် နေထိုင်နေရကြောင်း OCHAအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။