အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ကိုယ်စားလှယ်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းတခုကို အခန်း ၇ ခန်းဖြင့် ပြုစုရေး သား ရန် ပဏာမ သဘောတူလိုက်ကြောင်း သိရသည်။
စာချုပ်မူကြမ်း၌ ဦးတည်ချက်နှင့် ရည်ရွယ်ချက်၊ အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစေရန် လုပ်ဆောင်ရမည့် နည်းလမ်းများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ စသည့် အခန်းများ ပါဝင်ကြောင်း ယနေ့ ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)၌ ယနေ့ကျင်းပသော ဆွေးနွေးပွဲတွင် ယင်းသို့ သဘောတူညီကြောင်း အချက် ၅ ချက်ပါ အဆိုပါ ပူးတွဲ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။
ထုတ်ပြန်ချက်တွင် နှစ်ဘက်ကိုယ်စားလှယ်များ မတ်လနောက်ဆုံးအပတ်တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန်၊ ထပ်မံပြုလုပ်မည့် တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲသို့ အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တက်ရောက်နိုင်ရေး အတွက် ဖိတ်ကြားသွားရန်၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပေါ်ပေါက်လာရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် သဘော တူညီကြောင်း စသည်တို့လည်း ပါဝင်သည်။
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီမှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက “ငြိမ်းချမ်းရေး ဆက်လုပ်ဖို့ အတွက် ကျနော် တို့ဘက်က ရေးဆွဲတဲ့မူနဲ့ တိုင်းရင်းသားတွေ ရေးဆွဲထားတဲ့မူ နှစ်ခုကို ပေါင်းမယ်၊ ဒီတော့ လိုချင်တဲ့အချက်တွေထည့်ပြီး တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ရေးဆွဲပါမယ်”ဟု ယမန်နေ့က ဆွေးနွေးပွဲတွင် ပြောဆိုထားသည်။
MPC ၌ မတ်လ ၉ ရက်မှ စတင်၍ ၂ ရက် ကျင်းပသည့် ဆွေးနွေးပွဲတွင် အစိုးရ တပ်မတော်ဘက်မှ အဆင့်မြင့် အရာရှိ ၆ ဦး တက် ရောက်လာကြောင်း၊ တပ်မတော်ဘက်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ထိုသို့ ပိုမိုပူးပေါင်း ပါဝင်လာသည့် အတွက် ဆွေးနွေးပွဲ ရလဒ်ကောင်းများ ရရှိမည့် အလားလာ ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မုန်း ဆာခေါင်းက ပြောကြားသည်။
“အရင်ဆွေးနွေးပွဲတွေမှာ တပ်မတော်ဘက်က တယောက် နှစ်ယောက်လောက်ပဲ ပါတယ်၊ အခုကျတော့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ အတွက် ၆ ဦးလောက် တက်တယ်၊ သူတို့အနေနဲ့လည်း ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ်မှာ ပိုပြီး အားတက်သရော ရှိလာတယ်၊ ပိုမို ပူးပေါင်းလာတယ်၊ ဒါဟာကောင်းတဲ့ လက္ခဏာ တရပ်ပါ”ဟု ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်းက ပြောသည်။
ယမန်နေ့က MPC တွင် ပြုလုပ်သည့် “ဘားအံ ဆွေးနွေးပွဲ” အကြို UPWC နှင့် NCCT တို့ ဆွေးနွေးပွဲ၌ ယင်းသို့ ပြောကြားခြင်း ဖြစ် သည်။
NCCTအဖွဲ့ဝင် ဦးခွန်ဥက္ကာ ကလည်း“ဆွေးနွေးပွဲက နှစ်ဘက် သံသယတို့၊ စိတ်ပူတာတို့ လျှော့ချပြီး ရှေ့ဆက်သွားမယ့် အခြေ အနေ တွေ ဖြစ်လာနိုင်မယ့် လမ်းစတခု ကတော့ ပေါ်နေပါပြီ၊ တပ်မတော်ပိုင်းဘက်က အကြီးအကဲတွေ အများကြီးပါလာတဲ့ အတွက် တပ်ပိုင်းဆိုင်ရာ ပိုမိုဆွေးနွေးဖို့ တွေဖြစ် လာပါတယ်၊ အခု ဆွေးနွေးတာမှာ အရေးကြီးတယ် လို့လည်း ပြောနိုင်တယ်၊ အကယ် ၍ သာ တပ်ပိုင်းဆိုင်ရာ ဘက်က သဘောတူရင် တော်တော်ကောင်းသွားနိုင်ပြီ”ဟု ပြောဆိုသည်။
တပ်ပိုင်းဆိုင်ရာများနှင့် ပတ်သက်ပြီး ၂ ဘက်အခြေအတင် ဆွေးနွေးရခြင်း မရှိကြောင်း၊ ၂ ဘက်တွင် ပါဝင်သည့် အချက်များနှင့် ခေါင်းစဉ်များ လွန်စွာ ကွဲလွဲချက် မရှိကြောင်းလည်း ဦးခွန်ဥက္ကာက ဆက်ပြောသည်။
ထို့အပြင် မူလက အစိုးရဘက်မှ တိုင်းရင်းသား လက်နက်ကိုင်များကို အပစ်အခတ် ရပ်စဲရာ၌ Opening Book အနေဖြင့် လက်မှတ် ထိုးရန် စီစဉ်ထားသည့် အချက်ကို ယခုအခါ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး သဘောတူ စာချုပ်တွင် ပါဝင်သင့် ပါဝင်ထိုက်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံး အတူတကွ လက်မှတ်ထိုးရန်ဟူသည့် တိုင်းရင်းသားများ၏ တောင်းဆိုချက်ကို အစိုးရ အပါအဝင် တပ်မတော်ဘက်ကပါ သဘောတူလိုက်ပြီ ဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်း က ပြောသည်။
အစိုးရ တပ်မတော် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုးကလည်း “ဆွေးနွေးပွဲက ထင်ထားတာထက် ပိုနားလည်မှု ရပါတယ်”ဟု ယမန်နေ့က ဆွေးနွေးပွဲတွင် ပြောဆိုသည်။
သို့သော် လက်ရှိ ဆွေးနွေးပွဲတွင် ဖက်ဒရယ် တပ်မတော် ထူထောင်ရေး အတွက်ကိုမူ ဆွေးနွေးခြင်း မရှိသေးဘဲ တပ်နေရာချရေး ကိစ္စကိုသာ အဓိကထား ဆွေးနွေးခြင်း ဖြစ်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ နှစ်ဘက်စလုံးမှ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေ။
မတ် ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ကျင်းပသည့် “ဘားအံဆွေးနွေးပွဲ” အကြို ဆွေးနွေးပွဲသို့ UPWC မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဌ ဦးသိန်းဇော်၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း တို့ တက်ရောက်သည်။
ယင်းဆွေးနွေးပွဲသို့ အစိုးရ တပ်မတော်ပိုင်းမှ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒု ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် မြထွန်းဦး၊ ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဗိုလ်မှူးကြီး ကျော်စိုးဝင်း တို့ ၆ ဦးနှင့် ဒု ဝန်ကြီး ဦးအောင်သိမ်း၊ ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစောထွန်းမြအောင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် မိယဉ်ချမ်း တို့ တက်ရောက်သည်။
NCCT အဖွဲ့မှ နိုင်ဟန်သာ အဖွဲ့ခေါင်းဆောင် (၁) မွန်ပြည်သစ် ပါတီ(NMSP)၊ ပဒိုကွယ်ထူးဝင်း အဖွဲ့ခေါင်းဆောင် (၂) KNU၊ ဒေါက်တာ ဆလိုင်းလျန် မုန်းဆာခေါင်း ချင်း အမျိုးသား တပ်ဦး(CNF) ၊ ဦးရွှေမျိုးသန့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) ၊ ဦးခွန်ဥက္ကာ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့(PNLO) ၊ ဒေါ်စောမြရာဇာလင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)၊ ဦးထွန်းဇော် ရခိုင် အမျိုးသား ကောင်စီ(ANC)၊ ဒုဗိုလ်မှုးကြီး ဆင်ဝါး ကချင် လွတ်လပ်ရေး အဖွဲ့(KIO)၊ ပဒိုတာဒိုမူး KNU၊ ဒု ဗိုလ်မှူးကြီး ကျော်ဟန် ရခိုင် တပ်မတော်(AA) တို့ တက်ရောက်ကြကြောင်း သိရသည်။