ထိုင်း-မြန်မာ နယ်စပ် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ သိမ်ခွန်းသစ်တော ကြိုးဝိုင်းတွင် ထိုင်းနိုင်ငံဘက်သို့ သစ်ခိုးထုတ်ယူမှုများ ရှိနေ သည့်အတွက် သစ်တောဦးစီးဌာနက စစ်ကြောင်းအသွင်ဖြင့် ဖမ်းဆီးရန် စီစဉ်နေကြောင်း သတင်းရသည်။
“ကျနော်တို့ မကြာခင်မှာပဲ အဲ့ဒီ မောတောင် ဒေသမှာ သစ်တောကနေ စစ်ကြောင်းအသွင်နဲ့ ဖမ်းဆီးသွားဖို့ စီစဉ်နေပါပြီ”ဟု မြိတ် ခရိုင် သစ်တောဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်လင်းက ပြောသည်။
ယင်းဒေသတွင် ငြိမ်းချမ်းရေး ဖော်ဆောင်နေသော လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများလည်း ရှိနေသည့် အတွက် သစ်တော ဝန်ထမ်းများမှာ ကြိုးဝိုင်း တောအတွင်း သွားရောက် ဖော်ထုတ်ရှာဖွေခြင်း မပြုရဲကြကြောင်းလည်း ၎င်းက ပြော ဆိုသည်။
“ထိုင်းဘက်ကနေပြီး ပတ်ဝင်ရောက် ခုတ်လှဲတယ်ဆိုတာကတော့ အဲ့ဒီဒေသက ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အဖွဲ့တွွေရှိသလို အခြား အတည်မပြုနိုင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်း တချို့လည်း အဲ့ဒီမှာ ရှိနေတယ်လို့ သတင်းရရှိတဲ့အတွက် ဝန်ထမ်းတွေဟာ အဓိက လမ်းမကနေ တောတွင်းကို လိုက်လံရှာဖွေဖို့ မသွားရဲပါဘူး၊ လုံခြုံရေး အခြေနေအရ အာမခံချက်မရှိတဲ့အတွက် ဝန်ထမ်း တွေ လည်း ကြောက်ရွံ့လို့မသွားရဲပါဘူး၊ ကျနော်ကိုယ်တိုင်လည်း တောထဲအထိ မသွားနိုင်ခဲ့ပါဘူး”ဟု ဦးအောင်ကျော်လင်း က ဧရာဝတီသို့ ပြောသည်။
ထိုဒေသရှိ ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အဖွဲ့မှာ ကရင် အမျိုးသား အစည်းအရုံး(KNU)အဖွဲ့ ဖြစ်ပြီး အမည် မသိသော အဖွဲ့များလည်းရှိကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းများက သစ်တော ဝန်ထမ်းများ သစ်ဖမ်းဆီးမှု ပြုလုပ်သည်ကို မနှစ်သက်သည့် သဘောမျိုးလည်း ရှိကြောင်း ဦးအောင်ကျော်လင်းက ပြောသည်။
“မဖမ်းဆီးစေချင်ဘူး ဆိုတာမျိုး အသံလွှင့်တာတော့ ရှိတယ်၊ အဖွဲ့အစည်းကိုတော့ အတိအကျမပြောနိုင်ပါဘူး၊ မကျေနပ်ဘူး၊ မလုပ် စေချင်ဘူး၊ မကြိုက်ဘူးပေါ့၊ လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်က ဒါမျိုးပုံစံတော့ရှိတယ်”ဟု ၎င်းက ဆိုသည်။
မြိတ်ခရိုင်အတွင်းရှိ အဆိုပါ သစ်တောကြိုးဝိုင်းမှာ ဧကပေါင်း ၂ သိန်း ၄ သောင်း ၅ ထောင်ကျော်(၂၄၅၂၂၂) ကျယ်ဝန်းပြီး ထိုင်းနိုင်ငံ ပရာချွတ်ခရိုင်နှင့် ထိစပ်လျက်ရှိသည့် မောတောင်ဒေသ အပါအဝင် ဖြစ်သည်ဟု သိရသည်။
အစိုးရက မောတောင်ဒေသအား မြို့သစ် အဖြစ်တည်ဆောက်ရန် လုပ်ဆောင်လျက်ရှိပြီး နယ်စပ်ကုန်သွယ်ရေး စခန်းတခု ဖွင့်လှစ် ထားကြောင်းနှင့် ယင်းစခန်းဂိတ်မှပင် ဖြတ်၍ သစ်များ သယ်ယူမှုရှိနေကြောင်း ဒေသခံများက ပြောပြသည်။
“ထိုင်းက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ သစ်ခိုးဂိုဏ်းတွေက ခိုးထုတ်တာ၊ ဂိတ်ကြေး တံတားကြေး ပေးပြီး ဖြတ်ထုတ်တာ၊ ပုံမှန်ထုတ် နေတာပဲ၊ ဒီဘက်က ၄ ဂိတ်လောက်၊ ဟိုဘက်က ၄ ဂိတ်လောက်ရှိမယ်၊ ထိုင်းနိုင်ငံကို သယ်ထုတ်တာဆိုတော့ ထိုင်းနိုင်ငံ ပရာချွတ် ခရိုင်ရဲ့ ဖွံ့ဖြိုးရေးအတွက်လို ဖြစ်နေတယ်”ဟု မောတောင်ဒေသ ရွှေမောတောင် တည်းခိုခန်း ပိုင်ရှင် ဦးဝင်းအောင်က ပြော သည်။
အဆိုပါ နယ်စပ် ကုန်သွယ်ရေး စခန်းဂိတ်တွင် ရဲတပ်ဖွဲ့၊ တပ်မတော်၊ အထွေထွေအုပ်ချုပ်ရေးမှူး အပိုင်းမှ ကိုယ်စားလှယ်နှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန(လဝက) ဝန်ထမ်းများ ရှိသည်ဟု သိရသည်။
ဒေသခံ ဦးဝင်းအောင်၏ ပြောကြားချက်အရ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ သစ်ထုတ်ယူမှုတွင် မြန်မာဘက်မှ ဂိတ်နှင့် ထိုင်း ဘက် မှ ဂိတ်တို့ နားလည်မှုယူ၍ သယ်ယူကြကြောင်း၊ ထိုသို့သယ်ယူရာတွင် သစ်ကို အလုံးလိုက် မသယ်ယူဘဲ ဖြတ်တောက် ခွဲခြမ်းပြီး သားများကိုသာ သယ်ယူကြောင်း သိရသည်။
ထိုသို့ သစ်များ ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ထွက်ပေါ်နေသည်မှာ အနှစ် ၂၀ကျော်ရှိနေပြီ ဖြစ်ကြောင်း၊ လက်ရှိ သစ်သယ်ယူ သူများမှာ ဆိုင်ကယ်၊ ကား အမျိုးမျိုးဖြင့် သယ်ယူကြပြီး ထိုင်းနိုင်ငံဘက် ပရိဘောက လုပ်ငန်းများသို့ ရောင်းချကြကြောင်း ဦးဝင်းအောင်က ပြောဆိုသည်။
“သစ်သယ်တဲ့နေ့တွေမှာဆို တနေ့ကို တန်၂၀ လောက်ပျမ်းမျှ ထွက်နေတယ်”ဟု ဦးဝင်းအောင်က ပြောသည်။
သစ်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ရှိနေမှုများနှင့် ပတ်သက်ပြီး မောတောင် ဒေသ ရဲစခန်းသို့ ဆက်သွယ် မေးမြန်းရာ ထိုဒေသတွင် သစ်မှောင်ခို လုံးဝမရှိဟု စခန်းမှ တာဝန်ရှိသူ တဦးက ဖြေကြားသည်။
မြိတ်ခရိုင် သစ်တောဦးစီးဌာနကလည်း ၎င်းတို့အနေဖြင့် လမ်းမဘေးများတွင် တင်ပို့ရန် ဖြတ်တောက် ပိုင်းဖြတ်ထားသော ပျဉ်ပြားများကို မကြာခဏ ဖမ်းဆီးရမိတတ်ပြီး လူနှင့် တွဲ၍ မမိကြောင်း ပြောဆိုသည်။
ထိုသို့ သစ်များထိုင်းနိုင်ငံသို့ ထုတ်ယူနေမှုအတွက် ဒေသခံများက ဆန္ဒဖော်ထုတ်မှုများလုပ်ရန် မြန်မာနိုင်ငံရှိ ထိုင်းနိုင်ငံ သံရုံးရှိရာ ဒဂုံမြို့နယ်တွင် စာတင်ခဲ့သော်လည်း သံရုံး လုံခြုံရေးအရ ခွင့်ပြုမိန့်မရခဲ့ကြောင်း ဒေသခံတဦးဖြစ်သည့် ဦးသာအောင်က ပြော သည်။
“ကျနော်တို့ စာတင်တော့ သံရုံးရှေ့မှာ မရပါဘူး၊ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံမှာဆိုရင်တော့ ရမယ်ပြောတယ်”ဟု ၎င်းက ဆိုသည်။
ယခုသစ်ခိုးထုတ်နေသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရုံးချုပ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန များသို့ တိုင်ကြားစာများ ပို့ထားကြောင်း သိရသည်။
ထို တနင်္သာရီဒေသ သစ်တောကြိုးဝိုင်းများတွင် တရားဝင် သစ်ထုတ်လုပ်နေသော ကုမ္မဏီများလည်း ရှိပြီး လက်ရှိ ထုတ်လုပ်နေ သည့် ကုမ္ပဏီ အရေအတွက်မှာ ၁၀ ခုကျော် ရှိကြောင်း သစ်တောဌာနက ပြောသည်။