ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် ကိုးကန့်ဒေသမှာ တကျော့ပြန် လောင်မြိုက်နေတဲ့ စစ်မီးဟာ တလကြာမြင့်လာပြီး နှစ်ဖက် အကျအဆုံး တိုးလာသလို ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ တရုတ်ပြည်ဘက်ကိုပါ ကူးစက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံဘက်ကို မြန်မာ့လေတပ်မတော်က ကြဲချခဲ့တယ်ဆိုတဲ့ ဗုံးကြောင့် တရုတ်နိုင်ငံသား ၄ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရသွားခဲ့ပြီးနောက် ဘေဂျင်း အစိုးရ ဒေါသထွက်ကာ တရုတ်ထိပ်တန်း အစိုးရအရာရှိတွေနဲ့ စစ်ဘက်အရာရှိကြီးတွေက မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ လုပ်လာပါတယ်။
မြန်မာအစိုးရ သတင်းစာများရဲ့ အဆိုအရ ကိုးကန့်လက်နက်ကိုင်များနဲ့ အစိုးရတပ်အကြား တရုတ်-မြန်မာ နယ်စပ်အနီး လွန်ခဲ့တဲ့ ရက်သတ္တပတ် အတွင်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး လေကြောင်း က ပစ်ခတ်မှုများ လည်း ရှိနေကြောင်း သိရပါတယ်။ တရုတ်အစိုးရရဲ့ ဆင်ဟွာသတင်းဌာနက တရုတ် နယ်စပ်မြို့ လင်ချန်း မြို့တွင်းကို မတ်လ ၁၃ ရက် သောကြာနေ့က ဗုံးကျခဲ့တယ်လို့ သတင်းဖော်ပြပါ တယ်။ နေပြည်တော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက မီဒီယာတွေကိုပြောဆိုရာမှာ တရုတ် တွေပေးတဲ့ အချက်အလက်တွေအပေါ် စစ်ဆေး တွက်ချက်မှုတွေအရ ဒါဟာ မြန်မာ့တပ်မတော်လေရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုပြီး ကိုးကန့် သူပုန်တွေရဲ့ လက်ချက်လို့ ပြောခဲ့ပါတယ်။
မတ်လ ၁၅ ရက်မှာတော့ တရုတ်စစ်ဘက်မှာ ဦးဆောင်အဖွဲ့လည်းဖြစ် နိုင်ငံရေးမှာလည်း ဩဇာကြီးတဲ့ စစ်ကော်မရှင်က မြန်မာ့တပ်မတော် အနေနဲ့ စည်းကမ်းတင်းကျပ်စွာ လိုက်နာရမယ်၊ တရုတ် ပိုင်နက်အတွင်း မြန်မာဘက်က တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်ပါက “ရည်ရွယ်ချက်နှင့် ပိုင်းဖြတ်မှုရှိရှိ” လက်တုံ့ပြန်ရလိမ့်မယ်လို့ ထုတ်ပြောလာပါတယ်။ တရုတ်စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဖန်ချန် လောင်းက မြန်မာ့လေတပ်မတော် ဟာ “ကြိမ်ဖန် များစွာ” တရုတ် လေပိုင်နက်အတွင်း ဖြတ်ကျော် ဝင်ရောက်ခဲ့ကြောင်း တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ အရေးပေါ်ဖုန်း ခေါ်ဆိုခဲ့ပြီး ယင်းကိစ္စ အရေးပေါ်မှုကို နားလည်ရမယ်၊ ဖြစ်ပျက်ခဲ့သမျှကိုလည်း အရေးတယူ ညှိနှိုင်းရမယ်၊ လက်သည်ကို အပြစ်ပေးရမယ်၊ သေဆုံးသူ မိသားစုများကို လျော်ကြေးပေးဖို့နဲ့ တောင်းပန်ရ မယ်လို့ ပြောဆိုခဲ့တယ်လို့ အဆိုပါထုတ်ပြန်ချက်မှာ ရေးသားပါတယ်။ ဒီလိုနောက်ထပ်မဖြစ်စေဖို့ မြန်မာ့ တပ်မတော်က တင်းတင်း ကျပ်ကျပ် စည်းကမ်းလိုက် နာရမယ်၊ ထိုသို့မဟုတ်ပါက တရုတ်ဘက်က လက်တုံ့ ပြန်ရလိမ့်မယ်လို့ ဗိုလ်ချုပ်ကြီး ဖန်ချန်လောင်းက ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ တရုတ် လေတပ် ပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီး ရှန်ဂျင်ကီးကလည်း သတင်းစာရှင်းလင်းပွဲမှာ တရုတ်နယ်စပ်နားကို ချဉ်း ကပ်လာတဲ့ မည်သည့်လေယာဉ်ကိုမဆို လိုက်ပြီး သတိပေးဖို့ တရုတ် တိုက်လေယာဉ်တွေ ပို့ထား ကြောင်း ပြောပါတယ်။ တပြိုင်တည်းမှာ တရုတ် နိုင်ငံခြားရေး ဒုဝန်ကြီး လျူစန်မင်းကလည်း မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ်ပြီး ကန့်ကွက်လွှာ ပေးခဲ့ ကြောင်း သိရပါတယ်။
မတ်လ ၈ ရက်နေ့ကလည်း တရုတ်နိုင်ငံဘက်က အိမ်တလုံးကို လက်နက်ကြီး ထိမှန်ပျက်စီးခဲ့လို့ တရုတ် နိုင်ငံက မြန်မာနိုင်ငံကို သတိပေးခဲ့ပါသေး တယ်။
တရုတ်ရဲ့ဖိအားကို နေပြည်တော်က တုံ့ပြန်တဲ့ အနေနဲ့ ချက်ချင်းဆိုသလို “သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရ ကြောင်း”ထုတ်ပြန်ပြီး နှစ်နိုင်ငံကြား တင်းမာလာမှုကို လျှော့ချဖို့ လုပ်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ နှစ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအချင်းချင်း သံတမန် လမ်းကြောင်းက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး မြန်မာ့တပ်မတော်ကလည်း နှစ်နိုင်ငံ တပ်မတော် များအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်လျက် “နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်း ရေးနှင့် လုံခြုံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေ ထိုင်ရေး” ရည်ရွယ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
မတ်လ ၁၆ ရက်မှာ တရုတ်ရဲ့ တုံ့ပြန်မှုက “ပျက်ဆီးဆုံးရှုံးမှုတွေဖြစ်ရတဲ့ဗုံးဟာ မြန်မာလေတပ် က ကြဲချခဲ့တာ ပါ။ အဲဒီအချက်ကတော့ ရှင်းပါတယ်” လို့ ပြောဆိုပေမယ့် မြန်မာတို့ရဲ့ “ဒီကိစ္စအပေါ် အရေးပေါ် စုံစမ်းစစ်ဆေး မှုနဲ့ သတိကြီးကြီး ကိုင်တွယ်မှု” ကို အသိအမှတ်ပြု လက်ခံပုံရပြီး တင်းမာမှု ကိုလည်း လျှော့ချလိုပုံပါပဲ။ တကယ်တမ်းလည်း တရုတ်ရဲ့ မြန်မာနယ်စပ်အရေး တုံ့ပြန်ပုံတွေက အရှေ့တရုတ်ပင်လယ်ထဲမှာ တရုတ်နဲ့ ဂျပန် ဖြစ်နေတဲ့ တင်းမာမှုနဲ့ယှဉ်ရင် ညင်သာသေးတယ်လို့ ပြောရမယ်။
တရုတ်ဟာ မြန်မာနဲ့ ဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်သူပါ။ မြန်မာပြည်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ရေနံနဲ့ ဂက်စ်ပိုက်လိုင်း၊ ကျောက်ဖြူရေနက် ဆိပ်ကမ်းလို စီမံကိန်းတွေအပြင် လက်ပံတောင်း ကြေးနီစီမံကိန်းလို သယံဇာတတူးဖော်ရေး စီမံကိန်း တွေမှာ တရုတ်က ရင်းနှီးမြှုပ်နှံပြီး ဖြစ်နေပါတယ်။ ကမ္ဘာက ဝိုင်းပိတ်ဆို့ပြီး အရေးယူခံရတဲ့ စစ်အာဏာ ရှင်ခေတ်တလျှောက်လုံး တရုတ်ဟာ မြန်မာစစ်တပ်ကို ထောက်ပံ့ကာကွယ်ခဲ့ သူလည်းဖြစ်ခဲ့သလို မြန်မာ ဟာ လက်ရှိ တရုတ်သမ္မတ ရှီကျင်ဖျင့်ရဲ့ ပိုးလမ်းမ စီးပွားရေးပတ်လမ်းနဲ့ ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမဗျူဟာ 1B1R strategy (One Belt and One Road:Silk Road Economic Belt and 21st Century Maritime Silk Road) မှာ အရေး ကြီးတဲ့ ဆက်ထုံးပါ။ တရုတ် – မြန်မာ ဆက်ဆံရေး ဆိုင်ရာ သုတေသီ ယွန်ဆန်းက “သမ္မတ ရှီကျင်ဖျင့်ရဲ့ ဒီပလိုမေစီ ဘောင်အတွင်းမှာ မြန်မာဟာ ဦးစားပေး နိုင်ငံပါ” လို့ သုံးသပ်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံကို သူ့စက်ကွင်းထဲက ပဲ့ပြီး အမေရိကန်ရဲ့ “တရုတ်ဝိုင်းရံရေး” မဟာဗျူဟာ ထဲ အရောက်မခံပါဘူး။ ဒါကြောင့် အချုပ်အခြာ အာဏာကို ကာကွယ်မှုအပေါ် ခိုင်မာအောင် ရပ် တည်ပြတာကလွဲလို့ မြန်မာပြည်ကို စစ်ပြုဖို့ အကြံ အစည်မရှိလို့ ပြောရမှာပါ။ နယ်စပ်မတည်ငြိမ်မှုဟာ တရုတ်ရဲ့ အဓိကစိုးရိမ်မှုပါ။ ဒါ့ကြောင့် တရုတ်အစိုးရ ဆင်ဟွာ သတင်းအေဂျင်စီရဲ့ အာဘော်တစောင်မှာ အခု တရုတ်နိုင်ငံဘက် ကျရောက်ခဲ့တဲ့ ဗုံးကိစ္စဟာ “စစ်မီးတွေ ဖိတ်စင်လာတာကို ရှောင်လွှဲဖို့ နယ်စပ် ဒေသတကြော ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအာမခံချက် သန္နိဋ္ဌာန်ကို လေးစားဖို့ မြန်မာအတွက် ပိုအရေးကြီး လာစေတယ်” လို့ရေးပြီး မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ဟာ “ပြည်တွင်းရေး” ဖြစ်ကြောင်း၊ “တရုတ်ဟာ မြန်မာရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေ တည်တံ့မှုကို အစဉ်လေးစားကြောင်း” ရေးပါတယ်။ ဒါ့အပြင် “ပဋိပက္ခတွေ အမြန်ဆုံးငြိမ်းချမ်းစွာဖြေရှင်း နိုင်ဖို့” တရုတ်က မျှော်လင့်တယ်လို့ ရေးပါတယ်။
တရုတ်အစိုးရဟာ သူ့နိုင်ငံတွင်း ကြီးထွားလာ နေတဲ့ အမျိုးသားရေး စိတ်ဓာတ်ကို ထိန်းချုပ်ကိုင် တွယ်နေပုံရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ကိုးကန့် စစ်ပွဲရဲ့ အထိအခိုက်တွေကို အွန်လိုင်းပေါ် မရောက် အောင် တားဆီးပြီး ဆင်ဆာဖြတ်နေရတယ်လို့ သိရ ပါတယ်။ အမေရိကန်သတင်းစာ Los Angeles Time ရဲ့ သတင်းတပုဒ်အဆိုအရ တရုတ်ရဲတွေဟာ နယ်စပ်မြို့ နန်းစန်မြို့ခံတွေကို ကိုးကန့်စစ်ပွဲက ဓာတ်ပုံတွေ၊ ဒုက္ခသည်တွေရဲ့ ဓာတ်ပုံတွေကို အွန်လိုင်း မတင်ဖို့သတိပေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းဆီကို သွားလာခွင့် ပိတ်ထားလိုက်ပြီး ဒုက္ခသည်တွေ မြန်မာပြည်ပြန်ဖို့ ဖိအားပေးနေ ကြောင်းလည်း သတင်းကဆိုပါတယ်။
Los Angeles Times သတင်းစာကို ယူနန် ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး လီဂျီဟန့်က တရုတ်နိုင်ငံဘက်ကို မြန်မာဘက်က လူ ၆ သောင်း ကျော် ဖေဖော်ဝါရီလကစလို့ ဖြတ်ကျော်ဝင်ရောက် ခဲ့ကြောင်း၊ ၁၄၀ဝ၀ လောက်ကို ယာယီရွက်ဖျင်တဲ တွေ ထုတ်ပေးထားပြီး စားနပ်ရိက္ခာ၊ ရေနဲ့ဆေးဝါးတွေ ထောက်ပံ့ထားကြောင်း ပြောပါတယ်။ ကျန်တဲ့သူ အများအပြားဟာ ဟိုတယ်၊ လူနေတိုက်ခန်းတွေ ငှားနေကြသလို မိတ်ဆွေတွေ အိမ်တွေမှာလည်း တည်းခိုနေထိုင်သူတွေလည်း ရှိကြတယ်လို့လည်း ဆိုပါသေးတယ်။
ဒါ့အပြင် ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာက ဘေဂျင်း အစိုးရဟာ မကြာသေးခင်က ကိုးကန့်သူပုန်များကို ထောက်ခံသူ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မှ စစ်ဗျူဟာ ကျွမ်းကျင်သူ ဗိုလ်ချုပ်တဦးကို “နိုင်ငံ တော်လျှို့ဝှက်ချက် ပေါက်ကြားမှု” နဲ့ တာဝန်ကဖြုတ် ပစ်ပြီး စစ်ခုံရုံးတင် စစ်ဆေးသွားမယ်လို့ ရေးသားခဲ့ ပါတယ်။ သတင်းစာက တရုတ်စစ်ဘက်သိပ္ပံ အကယ် ဒမီ၏ သုတေသနလမ်းညွှန် ဌာနကြီးမှူးဟောင်း ဗိုလ်ချုပ် ဟွမ်ရှင်းဟာ ကိုးကန့်လက်နက်ကိုင် အဖွဲ့ များကို အကူအညီပေးခဲ့တဲ့ “နိုင်ငံရေးအမှား”ကြောင့် အခုလိုဖြစ်ရတာလို့ ဆိုပါတယ်။ ဘယ်လိုကူညီခဲ့တယ် ဆိုတာ ရှင်းလင်းစွာ မသိရသေးပါ။ နိုင်ငံတော် လျှို့ဝှက်ချက်များ ကိုးကန့်အဖွဲ့ကို ပေးခဲ့တယ်ဆိုတာ မြန်မာအစိုးရ တပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ ကိုးကန့် တွေ အားသာချက်ရယူနိုင်အောင် အချက်အလက် တွေထုတ်ပေးခဲ့တာ ဖြစ်နိုင်တယ်လို့ ဝေဖန်စောင့် ကြည့်သူတွေက ဆိုကြတယ်။ ဗိုလ်ချုပ် ဟွမ်ရှင်းကို အရေးယူလိုက်တာဟာ ကိုးကန့် လက်နက်ကိုင်တွေ ကို ကိုယ့်လူတွေထဲက အကူအညီပေးနေတာ နိုင်ငံရေး အရ လက်မခံနိုင်ဘူးလို့ ဘေဂျင်းအစိုးရက အချက် ပြလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဒီလို တရုတ်ဘက်က အရေးယူမှုတွေ ပြုလုပ်လာပေမယ့် နယ်စပ်ဖြတ်ကျော် ထိခိုက်မှုတွေဖြစ်လာ တဲ့ တကျော့ပြန် ကိုးကန့်စစ်မီးကို မြန်မာဘက်က ဘယ်လိုငြှိမ်းသတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။ လတ်တလော ဖြစ်ပေါ်မှုတွေအရ တရုတ်နယ်စပ် တကြော အခြေစိုက်တဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အသက် ၈၅ နှစ်အရွယ် ဖုန်ကြားရှင် ဦးစီးတဲ့ ကိုးကန့်တပ်ဖွဲ့ Myanmar National Democratic Alliance Army (MNDAA) တို့ကြား မြန်မာ အစိုးရနဲ့ တပ်မတော်ဟာ နိုင်ငံရေးနဲ့ စစ်ရေးအရ ကန့်ထားဖို့ ကြိုးစားနေပုံရပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တပ်မတော်ဘက် ကပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှုအတွင်း ကိုးကန့်တပ်ဖွဲ့တွေဘက်က သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ UWSA ထုတ် လက်နက်တွေ ပါဝင်ကြောင်း ဒုဗိုလ်ချုပ်ကြီး မြထွန်းဦးက သတင်းထောက်တွေကို ပြောပါတယ်။ အလားတူ MNDAA အဖွဲ့က ကိုးကန့်နယ်မြေကို ပြန်လည်ရယူနိုင်ရေးအတွက် စစ်ရေး၊ နိုင်ငံရေး နည်းလမ်းတွေနဲ့ စစ်သည်၊ လက်နက်အင်အား တောင့်တင်းရေး ဆောင်ရွက်ရာမှာ UWSA အပါ အဝင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်း စု (NDAA) မိုင်းလားအဖွဲ့တို့ ပါဝင်ပတ်သက်မှုတွေ ရှိနေကြောင်း စွပ်စွဲထားပါတယ်။ ဒီစွပ်စွဲချက်အပေါ် မှာ TNLA အဖွဲ့ကလွဲပြီး ကျန်အဖွဲ့တွေက ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားကြပါတယ်။
ဒါပေမယ့် ကိုးကန့်စစ်ပွဲမတိုင်ခင် အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို မြန်မာ့တပ်မတော်က တိုက်ခိုက်ရေး အရှိန်လျှော့ချခဲ့ပြီး ကချင်ခေါင်းဆောင်တွေကို နေပြည်တော်မှာ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်က လက်ခံတွေ့ဆုံပါတယ်။ ဒီတပတ် ရန်ကုန်မှာကျင်းပ တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နဲ့ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးပွဲကို လိုင်ဇာမြို့ထဲ အမြောက်ကြီးနဲ့ လှမ်း ပစ်လို့ ဗိုလ်လောင်းတွေ သေခဲ့အပြီး မလာတော့တဲ့ ကချင်ခေါင်းဆောင်တွေကို ပြန်တက်လာအောင် စည်းရုံးခဲ့တယ်။
ဒါပေမယ့် MNDAA ကို UWSA အနေနဲ့ လက်နက်တွေ ထောက်ပံ့ခြင်းမပြုဖို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုဗိုလ်ချုပ်ကြီး အောင်သန်း ထွဋ်က UWSA မှ တပ်မဟာမှူးတဦး အပါအဝင် ကိုယ်စားလှယ် ၇ ဦးကို လားရှိုးမြို့မှာ ဖိတ်ကြား ခေါ်ယူပြီး သတိပေးပြောဆိုခဲ့တာရဲ့ နောက်ဆက်တွဲ ရလဒ်အနေနဲ့ ရန်ကုန်ကUPWC နဲ့ NCCT တို့ရဲ့ ၇ ကြိမ်မြောက်ဆွေးနွေးပွဲက UWSA က မတက်ဘဲ သပိတ်မှောက်ပါတယ်။ သူတို့ရဲ့ နှစ်ပတ်လည် နိုင်ငံ ရေး၊ စစ်ရေးလုပ်ငန်းစဉ်တွေ ချုပ်နေတဲ့အတွက် အလုပ်များနေတာရယ်၊ ကိုးကန့်တိုက်ပွဲမှာ ပါဝင် ပတ်သက်နေကြောင်း တပ်မတော်ဘက်က စွပ်စွဲ ပြောဆိုတဲ့အပေါ်မှာ “ဝ” အဖွဲ့ ခေါင်းဆောင်တွေ စိတ်ခုနေတာရယ်ကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ဖြစ်တာလို့ ဆိုပါတယ်။ တပ်မတော်ဘက်က စွပ်စွဲချက်တွေအပေါ်မှာ UWSA ခေါင်းဆောင် တွေက မကျေမလည်ဖြစ်နေပေမယ့် နှစ်ဖက်ဆက်ဆံ ရေးနဲ့ စစ်ရေး အခြေအနေတွေမှာတော့ တင်းမာမှု တွေမရှိဘူးလို့ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင် မြင့်က ပြောပါတယ်။ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစု (NDAA) မိုင်းလားအဖွဲ့ ကတော့ ဆွေးနွေးပွဲကို လေ့လာသူအဖြစ်နဲ့ တက်ပါတယ်။
မကြာသေးခင်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) နဲ့ တွေ့ဆုံစဉ်မှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကိုးကန့် တိုက်ပွဲတွေမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေကို လည်း အဲဒီ ပါဝင်ပတ်သက်မှုအပေါ်မှာ တာဝန်ယူ ရမယ်ဆိုပြီး သတိပေးပြောဆိုသွားသလို ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး အလျှော့ပေးသွားမှာ မဟုတ်ဘူးဆိုပြီး ပြောဆိုထားပါတယ်။
ဒါပေမယ့် တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ကတော့ ကိုးကန့်ဒေသ မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေဟာ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်နေသလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး (NCA) ဆွေး နွေးမှုကို ထိခိုက်စေနိုင်တဲ့အတွက်ကြောင့် လက်နက်နဲ့မဖြေရှင်းဘဲ စားပွဲဝိုင်းပေါ်မှာဖြေရှင်းဖို့ တိုက်တွန်း ထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC)၊ ပြည်ထောင်စု ငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) တို့အနေနဲ့ လည်း နှစ်ပေါင်း ၆၀ ကျော် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့အတွက်ဆိုရင် နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပွဲတွေမှာသာ အဖြေရှိလိမ့်မယ်လို့ ယုံကြည် ကြောင်း MPC ရဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကလည်း ပြောပါတယ်။ “ကိုးကန့်တင် မဟုတ်ပါဘူး။ ဘယ်ကိစ္စပဲဖြစ်ဖြစ် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲတွေမှာ ဆွေးနွေးမှပဲ ရေရှည်အတွက် အဖြေကို ရမှာပေါ့ဗျာ” လို့ ပြောပါတယ်။
ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ကိုးကန့်တွေ ငြိမ်းချမ်းရေးစကားဝိုင်းထဲ ဝင်လာနိုင်မလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရှုစားကြရမှာပဲ ဖြစ်ပါတယ်။ လတ်တလောတော့ ကိုးကန့်စစ်မီးက အရှိန်ကောင်းနေဆဲပါ။
ကျော်ခ ပူးပေါင်းပါဝင် ရေးသားသည်။