သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်း ရပ်ဆိုင်းထားတဲ့ မြစ်ဆုံ စီမံကိန်းကို ဆက်လက် တည်ဆောက်ခြင်း မပြုဖို့ စီမံကိန်းကြောင့် ရွှေ့ပြောင်း ခံထားရတဲ့ ဒေသခံများက ကန့်ကွက်မဲ ပေးပြီး သူတို့ရဲ့ ဆန္ဒသဘောထား ထုတ်ဖော်တယ်လို့ သိရပါတယ်။
“မနေ့က အောင်မြင်သာ ရွှေ့ပြောင်း စခန်းက ရိုမန်ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ မဲပုံးတွေ ထားပြီး မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့တယ်၊ တက်လာတဲ့လူ တစ်ထောင်ကျော်မှာ ၄၀ ကျော်က စီမံကိန်း ဆက်လုပ်ဖို့ ထောက်ခံမဲ ထည့်တယ်၊ အများစုက ကန့်ကွက်မဲ ထည့်ခဲ့ ကြတယ်”လို့ ဆန္ဒမဲ ကောက်ယူရေး အဖွဲ့မှာ ပါဝင်တဲ့ ကချင် တိုင်းရင်းသား ကိုစာဂျီးက ဧရာဝတီကို ပြော ပါတယ်။
မြစ်ဆုံ စီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်နေတဲ့ တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI) ကုမ္ပဏီရဲ့ ပြည်သူ့ရေးရာ ဒါရိုက်တာ Jiang Lizhe က မကြာသေးခင်က ဧရာဝတီ သတင်းဌာနနဲ့ အင်တာဗျူး ကဏ္ဍမှာ မြစ်ဆုံ စီမံကိန်းကို ဒေသခံ အများအပြားက ဆက်လုပ်စေချင်တဲ့ ဆန္ဒရှိကြောင်း ပြောဆိုထားပါတယ်။
Jiang Lizhe ရဲ့ ပြောဆိုထားမှု အပေါ်မှာ ဒေသခံတွေရဲ့ ဆန္ဒကို အခုလို တိုက်ရိုက် ဆန္ဒမဲ ကောက်ခံပြီး လက်တွေ့ ကျကျ ဖော်ထုတ်တာ ဖြစ်တယ်လို့ မြစ်ဆုံ စီမံကိန်း အရေးကို တစိုက် မတ်မတ် လုပ်ကိုင်နေတဲ့ ကချင်လူမှု ဖွံ့ဖြိုးရေး ကွန်ရက် (KDNG) က ပြောပါတယ်။
ကချင်လူထု အခြေပြု အဖွဲ့အစည်းတခု ဖြစ်တဲ့ Mung Chying Rawt Jat (MRJ) အဖွဲ့က မြစ်ဆုံ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခဲ့ရတဲ့ တန်ဖဲ၊ ကျိန်ခရမ်၊ အောင်မြင်သာ စံပြကျေးရွာနဲ့ မလိယာန် စံပြကျေးရွာတို့က ဒေသခံ ၁ ထောင်ကျော်ကို မတ် ၁၂ ရက်က လျှို့ဝှက်မဲပေး စနစ်နဲ့ သဘောထား ကောက်ခံရာမှာ အများစုက ကန့်ကွက်ခဲ့ ကြတယ်လို့ ကိုစာဂျီးက ဆိုပါတယ်။
ဒေသခံများ ဆန္ဒခံယူပွဲမှာ မြစ်ဆုံ စီမံကိန်းကို ဆက်မလုပ်ဖို့ ကန့်ကွက်မဲ ထည့်ခဲ့တဲ့ အောင်မြင်သာ စံပြရွာသူ မဆိုင်းဂျာက “ထောက်ခံမဲထည့်တဲ့ လူတွေလည်း ရှိမှာပေါ့၊ တချို့က မူရင်းနေရာတွေမှာ လယ်ယာမြေနဲ့အိမ်တွေ ကောင်းကောင်း မရှိခဲ့ကြ တဲ့ လူတွေကျတော့ ဒီမှာ အိမ်နဲ့ နေရာတွေ ရကြတယ်လေ၊ သူတို့ အတွက်တော့ ကောင်းတာပေါ့၊ ကျမတို့က မြစ်ဆုံမှာ ခြံ တွေယာတွေ အများကြီး ဆုံးရှုံး ခဲ့ရတာလေ၊ ဒီနေရာသစ်မှာ ပေးထားတဲ့ မြေတွေက ကျောက်မြေတွေ ဘာမှ စိုက်စားလို့ မရ ဘူး၊ ကျမတို့ အတွက်တော့ ဆက်တိုက် နစ်နာတာပေါ့ ဒါကြောင့် ကန့်ကွက်ခဲ့တာ”လို့ ဧရာဝတီကို ပြောပါတယ်။
CPI ကုမ္ပဏီက ဧရာဝတီ မြစ်ဆုံ အထက်ပိုင်း ရေအား လျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ Ayeyawady Confluence Basin Hydropower Company Limited (ACHC) နဲ့ ပူးပေါင်းပြီး ၂၀၁၃ ဒီဇင်ဘာ ၂၆ ရက်က ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်း ပွဲ တခုပြုလုပ်ခဲ့ပြီး “မြစ်ဆုံ စီမံကိန်းဟာ ကချင်ပြည်နယ် အတွက် သာမက မြန်မာ တနိုင်ငံလုံး အတွက် အကျိုးရှိမယ့် စီမံကိန်း ဖြစ်တယ်”လို့ ဆိုပါတယ်။
မြစ်ဆုံ စီမံကိန်း ဆက်လက်လုပ်ဆောင် ဖြစ်ပါက စီမံကိန်းနဲ့ မလွတ်ကင်းတဲ့ ဒေသခံ ရွာပေါင်း ၆၁ ရွာ ထပ်မံ ပြောင်းရွှေ့ပေး ရမှာ ဖြစ်ပြီး အဲဒီ အထဲက တန်ဖဲ၊ မဇွပ်၊ ပဒန်၊ ဒေါင်ပန်၊ ဒိန်ဂါဇွပ်နဲ့ အောင်ဂျာယာန် ရွာတွေကို ၂၀၁၁ ခုနှစ်ထဲမှာ အောင်မြင်သာ စံပြ ကျေးရွာနဲ့ မလိယာန် စံပြ ကျေးရွာတွေကို ပြောင်းရွှေ့ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
မြစ်ဆုံ စီမံကိန်းကို ရပ်တန့်ဖို့ ပြည်တွင်း၊ ပြည်ပရှိ မြန်မာနိုင်ငံသား လူထု တရပ်လုံးက ကန့်ကွက် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ တာကြောင့် သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားဖို့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက် နေ့ က အမိန့် ထုတ်ပြန်ခဲ့ပါတယ်။
မြစ်ဆုံဆည် စီမံကိန်းကို ၂၀၀၆ ခုနှစ်မှာ တရုတ် အစိုးရနဲ့ မြန်မာ စစ်အစိုးရတို့ နှစ်ဘက် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းတွေကို တရုတ် အစိုးရပိုင် CPI ကုမ္ပဏီက ဦးဆောင်ပြီး စတင် တည်ဆောက်ခဲ့ ပါတယ်။
မြစ်ဆုံ ဒေသခံ ရွာသားတွေက မနက်ဖြန် ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ မြစ်ကြောင်းများနေ့မှာ မြစ်ဆုံ စီမံကိန်း ကန့်ကွက်မှုတွေ လုပ်ဆောင် သွားဖို့ ရှိတယ်လို့ ပြောပါတယ်။