အိန္ဒိယ သမုဒ္ဒရာမှာ တွေ့ရှိရတဲ့ အပိုင်းအစတွေဟာ မလေးရှား လေယာဉ်ပျက်က မဟုတ်သလို၊ ရှာဖွေရာမှာလည်း လှိုင်းလေပြင်း ထန်နေတဲ့ အပြင်၊ လေယာဉ်ပါ Black Box ရဲ့ ဘက်ထရီကလည်း အားကုန်လုနီးပါးဖြစ်နေတဲ့အတွက် လေယာဉ်ပျောက် ရှာဖွေနေ သူတွေအနေနဲ့ လက်လျှော့ဖို့ စဉ်းစားနေတယ်လို့ ယမန်နေ့က Time မဂ္ဂဇင်း သတင်းမှာ ဖော်ပြထားပါတယ်။
တလနီးပါးရှိပြီဖြစ်တဲ့ လေယာဉ်ပျောက်ဆုံးမှုကို အာဏာပိုင်တွေအနေနဲ့ ဘယ်တော့မှ အဖြေရှာနိုင်မှာ မဟုတ်ကြောင်း၊ ဘာကြောင့်လဲဆိုတော့ မလေးရှား အာဏာပိုင်တွေဟာ လေယာဉ်ပျောက်ဆုံးမှုကို ရာဇဝတ်မှုတခုလို သဘောထားပြီး ရှာဖွေနေတာကြောင့် ဖြစ်တယ်လို့လည်း သတင်းမှာ ဆက်လက်ရေးသား ထားပါတယ်။
မလေးရှား ရဲတပ်ဖွဲ့ အကြီးအကဲ ခါလစ် အဘူဘာကို ကိုးကားပြီး ရေးသားထားတဲ့ AP သတင်းမှာတော့ “စုံစမ်းမှုတွေကို နောက်ဆုံး အချိန်အထိ ဆက်လုပ်သွားမယ်၊ ဒါပေမယ့် စုံစမ်းမှုတွေ ပြီးရင်တောင်မှ ဖြစ်ရတဲ့ အကြောင်း အရင်းမှန်ကို သိချင်မှ သိမယ်”လို့ ပါရှိတယ်။
ဂြိုဟ်တုကရရှိတဲ့ သတင်း အချက်အလက် သစ်တွေအရ ရှာဖွေရေး ဧရိယာကို သြစတြေးလျရဲ့ အနောက်မြောက်ဘက် ကမ်းခြေနဲ့ နီးကပ်တဲ့နေရာကို ပြောင်းရွှေ့ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဧပြီလ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာလည်း ထပ်ပြောင်းခဲ့ပေမယ့် သိသိသာသာတော့ မဟုတ်ပါဘူး။ ဒီနေ့မှာလည်း မြောက်ဘက်ကို နည်းနည်း ထပ်ရွှေ့ခဲ့ပါတယ်။
ဒီနေ့မှာ ဧရိယာ စတုရန်းမိုင် ၉၁၅၀၀ ရှိတဲ့ နယ်မြေအတွင်းက လေယာဉ် ၈ စီးနဲ့ ရှာဖွေနေတယ်လို့ သြစတြေးလျ ရေကြောင်း လုံခြုံရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ရှာဖွေမှုမှာ ရေယာဉ် ၉ စီးပါဝင်တဲ့ အထဲမှာ ဗြိတိန် ရေငုပ်သင်္ဘော တစီးလည်း ပါဝင်ပြီး လေယာဉ်ရဲ့ Black Box က သင်္ကေတ ထုတ်လွှင့်ပေးနေမှု ရပ်ဆိုင်းမသွားခင် အချိန်မီရှာတွေ့နိုင်ဖို့ ကြိုးစားနေပါတယ်လို့ CNN သတင်းမှာလည်း ဖော်ပြထားပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က အခုလေယာဉ်ပျက် ရှာဖွေခြင်းဟာ လူသားသမိုင်းမှာ အခက်အခဲဆုံးလို့ ဒီနေ့ ပြော ကြားလိုက်ပြီး ပြန်တွေ့မယ်လို့ အာမခံချက် မရှိဘူးလို့လည်း သူက သတိပေးလိုက်ပါတယ်။
“MH 370 လေယာဉ်ရှာဖွေရေးဟာ နောက်ဆုံးမှာ အောင်မြင်မှုရမယ်လို့ ကျနော်တို့ မသေချာပါဘူး။ ဒါပေမယ့် ကျနော်တို့ အား ထုတ်မှုကို လျှော့ချမှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ ကျနော်တို့ လူသားတွေလုပ်နိုင်တာ အားလုံးကို လုပ်ပြီးတဲ့ အချိန် အထိ ကျနော်တို့ ရပ်နားမှာ မဟုတ်ပါဘူး”လို့ တိုနီအက်ဘော့က Perth မြို့မှာ မလေးရှား ဝန်ကြီးချုပ် Najib နဲ့ အတူ သတင်း သမားတွေကို ပြောကြားခဲ့ပါတယ်။
မလေးရှား ဝန်ကြီးချုပ်ကလည်း လေယာဉ်ပျောက်ဆုံးမှုကို အဖြေထုတ်နိုင်တဲ့ အချိန်ရောက်တဲ့အထိ အားထုတ်မှုကို မရပ်တန့်ပါ ဘူးလို့ ကတိပြုကြောင်း AFP သတင်းမှာလည်း ပါရှိပါတယ်။
“ကျနော်တို့ အဖြေရှာချင် ပါတယ်။ ခရီးသည်နဲ့ ဝန်ထမ်းတွေရဲ့ မိသားစုတွေကိုလည်း ဖြေသိမ့်ပေးချင်ပါတယ်။ အဖြေကို တကယ် ရှာတွေ့တဲ့ အချိန်အထိ ကျနော်တို့ မရပ်တန့်ပါဘူး”လို့ မလေးရှား ဝန်ကြီးချုပ်က ဒီနေ့ပြောခဲ့ပါတယ်။ ရှာဖွေရေးမှာပါဝင်နေတဲ့ နိုင်ငံ ၈ နိုင်ငံကိုလည်း ကျေးဇူးတင်ကြောင်း သူကပြောခဲ့ပါတယ်။
ဘိုးအင်း 777 အမျိုးအစား မလေးရှားလေယာဉ် MH 370 ဟာ ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ မနက်ပိုင်းက ကွာလာလမ်ပူ လေဆိပ်မှ တရုတ်နိုင်ငံ ဘေဂျင်းမြိ့ကို ပျံသန်းစဉ် လေဆိပ်က ထွက်ခွာပြီး ၁ နာရီခန့် အကြာ ပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။