အစိုးရနှင့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ စာချုပ်ရေးဆွဲရာတွင် ကွဲလွဲချက် ၄ ချက် နှင့် ညှိနှိုင်းရမည့် အချက်တချို့ ကျန်ရှိနေကြောင်း နှစ်ဘက် ခေါင်းဆောင်များက ထုတ်ဖော် ပြောကြားသည်။
အစိုးရ ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ(UPWC)နှင့် တိုင်းရင်းသားများ ဘက်မှ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) တို့ သြဂုတ် ၁၇ ရက် ဆွေးနွေးပွဲ နောက်ဆုံးရက် အပြီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုကျန်ရှိနေသည့်အချက် များကို လာမည့် စက်တင်ဘာလတွင် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။
“ဒီအစည်းအဝေးမှာ ကျနော်တို့ လွန်ခဲ့တဲ့ အစည်းအဝေးက ကျန်ခဲ့တဲ့ အချက်တွေကို တော်တော်များများ ဖြေရှင်းနိုင်ခဲ့ပါတယ်။ အချက်တချို့ပဲ အနည်းငယ်ကျန်တာကို တွေ့ရှိရပါတယ်။ ဒီအချက်တွေကိုလည်း လာမယ့်စက်တင်ဘာလ လဆန်းမှာပြုလုပ်မယ့် အစည်းအဝေးမှာ ကျနော်တို့အားလုံး ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်နေပါတယ်။ အကယ်၍သာ အဲဒီမှာ ဆုံးဖြတ်နိုင် ရင် တော့ လက်မှတ်ရေးထိုးမယ့် ရက်ကိုလည်း သတ်မှတ်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု UPWC မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း က ပြောကြားသည်။
အခန်း ခုနစ်ခန်းပါ စာချုပ် (မူကြမ်း)တွင် ညှိနှိုင်းရန် ကျန်ရှိနေသော အချက်များမှာ စာချုပ်ပါအခန်း(၂) ဦးတည်ချက်နှင့် ရည်ရွယ် ချက်မှ ညှိနှိုင်းရမည့်တချက်၊ အခန်း(၃) ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာမှ ညှိနှိုင်းရမည့် အချက်တချက်၊ အခန်း(၅) နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များမှ ညှိနှိုင်းရမည့် အချက်တချက်နှင့် အခန်း(၆) ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များမှ ညှိနှိုင်း ရမည့် အချက်တချက် စုစုပေါင်း လေးချက်ညှိနှိုင်းရန် ကျန်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ကျန်နေတဲ့အချက်ကတော့ ဒီကြားကာလမှာ ဘယ်လိုနေရာချထားမလဲ၊ ဘယ်လိုနေထိုင်မလဲ ကိစ္စတခုရယ်၊ နောက် နိုင်ငံရေး ဆွေးနွေးပွဲမှာ အစုဘယ်နှစုနဲ့ ပါဝင်တက်ရောက်ပြီးတော့မှ ဆွေးနွေးသွားမလဲ ဆိုတဲ့ ကိစ္စရယ်၊ နောက် ဒီအပစ်အခတ် ရပ် စဲရေး သဘောတူညီချက်ကို ဘယ်နှဖွဲ့ကနေ ဘယ်လိုဘယ်သူတွေက ပါဝင် လက်မှတ်ရေးထိုးမလဲဆိုတဲ့ အပိုင်းလောက်ပဲ ကျန်ပါတယ်။ ကျန်တာအားလုံး ပြေလည်ပါတယ်”ဟု NCCT မှ နိုင်ဟံသာက ပြောသည်။
စာချုပ်တွင် ဆွေးနွေးစရာအချက် ၄ ချက်ကျန်ရှိသကဲ့သို့ စာချုပ်တွင်မပါဝင်သည့် အခြားညှိနှိုင်းစရာ အချက်တချက်လည်း ကျန်ရှိနေ သေးကြောင်း သိရသည်။
အဆိုပါအချက်မှာ သဘောတူညီချက် စာချုပ်တွင် မည်သူ၊ မည်သည့်အဖွဲ့အစည်းများမှ ပါဝင်ကာ အသိသက်သေအဖြစ် လက်မှတ် ရေးထိုးမည် ဆိုသည့်အချက် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC) အကြီးတန်း အကြံ ပေး ဦးလှမောင်ရွှေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
ရန်ကုန်မြို့ MPC ၌ သြဂုတ် ၁၅ ရက်က စတင် ကျင်းပခဲ့သည့်ဆွေးနွေးပွဲ ၃ ရက်အတွင်း တိုင်းရင်းသားများဘက်က အစဉ်တစိုက် တောင်းဆို ခဲ့သော အခြေခံမူ ဖြစ်သည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ထူထောင်ရန် မူကို အစိုးရဘက်မှ လက်ခံခဲ့သော်လည်း အသေးစိတ် အချက်များကို နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆက်လက် ညှိနှိုင်းသွားရမည်ဟုလည်း ကိုယ်စားလှယ်တချို့က ပြောသည်။
ယခုကျင်းပခဲ့သည့် ဆွေးနွေးပွဲတွင် အခန်း (၇)ခန်းပါ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် တိုင်းရင်းသားများဘက်မှ ထိပ်သီးခေါင်း ဆောင်များနှင့် ဆွေးနွေးအပြီး အစိုးရနှင့် ပြန်လည်ညှိနှိုင်းသည့် အချက်များအနေဖြင့် အခြေခံမူပိုင်း ဆိုင်ရာများ၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ များ၊ ကြားကာလ အစီအစဉ်များ၊ အတည်ပြုခြင်းနှင့် အာဏာတည်ခြင်း၊ စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်း၊ အသိ သက်သေ အဖြစ် လက်မှတ်ရေးထိုးခြင်းနှင့် တပ်ပိုင်းဆိုင်ရာ စသည်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါအချက်များ၌ အခြေခံမူပိုင်း ဆိုင်ရာများတွင်ပါသည့် ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံ သည့် ပြည်ထောင်စုစနစ် ထူထောင်ရန် မူတခုကိုသာ အစိုးရဘက်မှ လက်ခံလိုက်ခြင်း ဖြစ်ကြောင်း သိရပြီး ကျန်အချက်များမှာ လာမည့် စက်တင်ဘာလတွင် ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်။
နှစ်ဘက် ကိုယ်စားလှယ်များအားလုံးက တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရန်နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကိုလည်း အမြန်ဆုံးကျင်းပနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း ကြေညာချက် တစောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယမူကြမ်း အပြီးသတ်နိုင်ရေး အတွက် အစိုးရ UPWC နှင့် NCCT တို့ ရန်ကုန်မြို့ရှိ MPC ၌ သြဂုတ် ၁၅ ရက်၊ ၁၆ ၊ ၁၇ ရက် ၃ ရက် ဆွေးနွေးပြီး ထိုသို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။