Crime

လိပ်ကျွန်း လူသတ်မှု မြန်မာ ၂ ဦး ကျူးလွန်ခြင်း ဟုတ်၊ မဟုတ် ဗြိတိန် ရဲတပ်ဖွဲ့ စုံစမ်းမည်

This article has been converted from Zawgyi One to Unicode

လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသူ မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့သည် ထိုင်းရဲကနှိပ်စက်၍ ဝန်ခံချက်ပေး ရခြင်းဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးရန်နှင့် ၎င်းတို့၏ မျိုးရိုးဗီဇ(DNA) နမူနာကို ရယူ စစ်ဆေးရန် ဗြိတိန် ရဲတပ်ဖွဲ့ က ထိုင်းနိုင်ငံ သို့ မကြာခင် သွားရောက်မည် ဖြစ်ကြောင်း သတင်းရသည်။

ထိုလူသတ်မှုအား သီးခြား လွတ်လပ်စွာ စုံစမ်း စစ်ဆေးနိုင်ရန် ဗြိတိန် ရဲ တပ်ဖွဲ့ကို ထိုင်းဝန်ကြီးချုပ်က ခွင့်ပြုပြီး ဖြစ်ကြောင်း လည်း သိရသည်။

ဗြိတိန်ရဲများအနေဖြင့် လိပ်ကျွန်း လူသတ်မှုဖြင့် သံသယဖြစ်၍ ဖမ်းဆီးခံထားရသူ ၂ ဦးကို ထိုင်းရဲများ၏ နှိပ်စက်၍ ဝန်ခံခြင်း ရှိ၊ မရှိနှင့် ၎င်းတို့၏ DNA နမူနာအား ရယူစစ်ဆေးသွားမည်ဟု ဗြိတိန် ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရေးနှင့် ပတ်သက်ပြီး ထိုင်းဘုရင့် ရဲတပ်ဖွဲ့အား အကူအညီပေးရန် ဗြိတိန်ရဲများ မကြာခင် ထိုင်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း ဗြိတိသျှ သံတမန်တဦးကို ကိုးကား၍ ဗြိတိန်အခြေစိုက် The Telegraph သတင်းတပုဒ်တွင်လည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း၌ စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသား ဒေးဗစ် မီလာနှင့် ဟန်နာ ဝစ်သရစ်ချ်တို့ အသတ် ခံခဲ့ရမှုနှင့်ပတ်သက်ပြီး ထိုင်းရဲက မြန်မာ အလုပ်သမား ၂ ဦးအား ဝန်ခံချက်ပေး၍ လူသတ်မှု၊ မုဒိန်းမှု၊ တရားမဝင် နိုင်ငံ တွင်း ဝင်ရောက်မှု စသည်တို့ဖြင့် ပုဒ်မတပ်၍ ဖမ်းဆီးထားခြင်း ဖြစ်သည်။

အီတလီနိုင်ငံ မီလန်မြို့တွင် မကြာသေးခင်က ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် အာရှ- ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) တွင် ဗြိတိန်ဝန်ကြီး ချုပ် ဒေးဗစ်ကင်မရွမ်းက ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာအား လိပ်ကျွန်း လူသတ်မှု စုံစမ်း စစ်ဆေးရေးနှင့်ပတ်သက်၍ ဗြိတိန်ရဲတပ်ဖွဲ့အနေဖြင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း ကူညီပေးရန် ကမ်းလှမ်း ပြောဆိုခဲ့ ရာ ထိုင်းဘက်က ခွင့်ပြုခဲ့ကြောင်း သိရသည်။

သို့သော် အီတလီအစည်းအဝေးမှ ပြန်လည်ရောက်ရှိလာသော ထိုင်း ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက လိပ်ကျွန်း လူသတ်မှု စုံစမ်းစစ်ဆေးရေးနှင့်ပတ်သက်၍ ဗြိတိန်ရဲ၏ အခန်းကဏ္ဍမှာ တိုက်ရိုက်မဟုတ်ဘဲ လေ့လာသူများအဖြစ်သာ ခွင့်ပြုခဲ့ ခြင်း ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုသည်။

ထိုင်း ဝန်ကြီးချုပ်က ဗြိတိန်၏ ကမ်းလှမ်းမှုကို လက်ခံသဘောတူခဲ့ကြောင်း ဗြိတိသျှသံတမန် တဦးကို ကိုးကား၍ ဘီဘီစီ သတင်း တပုဒ်တွင်လည်း ပြောဆိုထားသည်။

သေဆုံးသွားသူများ၏ မိသားစုကိုလည်း တရားစွဲဆိုမှုဖြစ်စဉ်အပေါ် သံသယများ ကင်းရှင်းသွားရန် ထိုင်း အာဏာပိုင်များက လုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း အဆိုပါ ဗြိတိသျှ သံတမန်တဦးက ပြောသည်။

“အခု ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ တကယ်ပဲ စိုးရိမ်တဲ့ ကိစ္စ ၂ ခုရှိပါတယ်။ တခုကတော့ သံသယဖြစ်ခံရတဲ့ သူ ၂ ဦးရဲ့ DNA ကို စစ်ဆေးဖို့ပါ။ ဒါကလည်း နောက်ထပ် လွတ်လပ်တဲ့ စစ်ဆေးမှုအဖြစ် သေချာအောင် လုပ်ဖို့ပါ”ဟု ဗြိတိသျှ သံတမန် က ပြောဆိုသည်။

ဆက်လက်၍ ၎င်းက“ဒုတိယ စိုးရိမ်မှုကတော့ သံသယဖြစ်ခံရသူတွေကို ညှဉ်းပန်း နှိပ်စက်ပြီးမှ ဝန်ခံကြောင်း ထွက်ဆိုခိုင်းတာ ဟုတ်မဟုတ် စုံစမ်းဖို့ဖြစ်ပါတယ်”ဟုလည်း ပြောသည်။

ထို့ကြောင့် ဗြိတိသျှ အရာရှိများသည် လူသတ်မှု ဖြစ်ပွားခဲ့ရာ လိပ်ကျွန်းသို့ သွားရောက်မည်ဖြစ်ပြီး ထိုင်း ဘုရင့် ရဲတပ် ဖွဲ့နှင့် ပူးပေါင်း လုပ်ဆောင်မည်ဟု သိရသည်။

ထိုင်း ရဲတပ်ဖွဲ့ပြောခွင့်ရ ရဲဗိုလ်ချုပ် ပရာဝုသ် ထဝန်စရီ ကလည်း လိပ်ကျွန်း လူသတ်မှုအတွက် ဗြိတိသျှ လေ့လာရေး သမား များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် အဆင်သင့်ရှိကြောင်း ပြောဆိုထားသည်။

သို့သော် ဗြိတိန်ရဲများအား ထိုင်းဘက်က လေ့လာသူများအဖြစ်သာ ခွင့်ပြုခြင်း ဖြစ်ကြောင်း ရဲဗိုလ်ချုပ် ပရာဝုသ် ထဝန်စရီ အား ကိုးကား၍ ဘန်ကောက်ပို့စ် သတင်းက ဆိုသည်။

လိပ်ကျွန်း လူသတ်မှုဖြင့် ထိုင်းနိုင်ငံ အကျဉ်းထောင်ထဲတွင် ထိန်းသိမ်းခံထားရသည့် မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း တို့အား တွေ့ဆုံရန် ၎င်းတို့၏ မိဘများလည်း ထိုင်းနိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် လာရောက်မည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံး အထူး အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောသည်။

ထိုမိသားစုဝင်များကို ဘန်ကောက်မြို့ မြန်မာသံရုံးတွင် နေရာထိုင်ခင်း စီစဉ်ပေးထားကြောင်း၊ ထို့အပြင် မြန်မာသံရုံး မှ ယခု အမှုအား ဆုံးခန်းတိုင် ကူညီပေးမည်ဖြစ်ပြီး တရားခွင်တွင်လည်း မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့အား အာမခံ လှျှောက်ထားရန် ရှိကြောင်း ဦးအောင်မျိုးသန့်က ဆက် ရှင်းပြသည်။

“အာမခံက ကျနော်တို့ဘက်က လျှောက်ထားမယ်။ ရမယ်၊ မရဘူးဆိုတာကတော့ ထိုင်းတရားသူကြီးက ဆုံးဖြတ်ရမယ့် ကိစ္စပါပဲ”ဟုလည်း သူက ဆိုသည်။

ထိုင်းနိုင်ငံတွင်း ထင်ရှားသည့် ရှပ်ဝါခေါင်းဆောင်အပါအဝင် နိုင်ငံရေးအင်အားစုများ၊ တတ်သိပညာရှင်များနှင့် လူမှု အဖွဲ့ အစည်း များကလည်း ထိုင်း ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာကို လိပ်ကျွန်း လူသတ်မှုအတွက် ရဲတပ်ဖွဲ့ အား ပြုပြင်ပြောင်း လဲရန်နှင့် အမှန်တကယ် ကျူးလွန်သူကို အမြန်ဆုံး ဖမ်းဆီးနိုင်မှသာ ထိုင်းနိုင်ငံအား နိုင်ငံတကာ၏ လေးစား ယုံကြည်မှု ပြန်လည် ရရှိမည်ဟု ထောက်ပြဝေဖန်နေကြသည်။

ထိုင်း နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဦးဆောင်သည့် စုံစမ်းရေးအဖွဲ့ တဖွဲ့ မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့အား ယနေ့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ရာ ၎င်းတို့ ၂ ဦးသည် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် အတွင်းဒဏ်ရာများ ရှိသည့် လက္ခဏာ တွေ့ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတပုဒ်က ဆိုသည်။

ထိုင်းရဲတပ်ဖွဲ့ကမူ လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးထားသူများအား ညှဉ်းပန်းနှိပ်စက်ခဲ့ခြင်း မရှိဟု အဆက်မပြတ်ငြင်းဆိုနေချိန် တွင် ထိုင်းအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပလတ်စတစ်အိပ်နှင့် ခေါင်းစွပ်ကာညှဉ်းပန်းမှု အပါအဝင် နှိပ်စက်မှုများ ရှိသည့် လက္ခဏများ မောင်ဝင်းဇော်ထွန်းနှင် မောင်ဇော်လင်းတို့တွင် တွေ့ရှိခဲ့သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ခြင်းဖြစ်သည်။

Loading