စစ်တပ်၏ ပစ်ခတ်မူကြောင့် သေဆုံးခဲ့ရသော အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှု ဖြစ်စဉ်နှင့်ပတ်သက်သည့် အပြီးသတ် အစီရင်ခံစာကို လာမည့်ဒီဇင်ဘာ ပထမအပတ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွွင့်အရေး ကော်မရှင်က ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။
“စစ်ဆေးမူတွေတော့ အားလုံးပြီးသွားပြီ။ ဒီဇင်ဘာ ပထမအပတ်မှာ အပြီးသတ် အစီရင်ခံစာကို သမ္မတထံ တင်ပြမယ်။ ကျနော်တို့ ကော်မရှင်ရဲ့ ဝက်ဘ်ဆိုက်မှာ အစီရင်ခံစာကို ထုတ်ပြန်မယ်’’ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ဧရာဝတီကို ပြောသည်။
ကိုပါကြီး သေဆုံးမူနှင့် ပတ်သက်ပြီး မှုခင်းဆရာဝန်၏ ဆေးစစ်ချက်များကို ယခင်ကတည်းက ရရှိထားပြီး ဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း လူအခွင့်အရေး ကော်မရှင် အဖွဲ့ဝင် တချိူ့ကလည်း ပြောသည်။
ကိုပါကြီး သေဆုံးရမှုအတွက် အမှုမှန် ပေါ်ပေါက်ရန် လူ့အခွွင့်အရေး ကော်မရှင်က စစ်ခုံရုံး ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး၊ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီးများ အပါအဝင် စုစုပေါင်း ၄၅ ဦးကျော်ကို စစ်ဆေးခဲ့သည်ဟု သိရသည်။
လူအခွင့်အရေး ကော်မရှင်ရုံးတွင် သွားရောက် အစစ်ခံခဲ့ရသည့် ဒေါ်နော်အုန်းလှက“မနေ့က ကျမကို ခေါ်စစ်သေးတယ်။ ကိုပါကြီး ကို ဘယ်လို သိတာလဲ၊ ဘယ်မှာ သိတာလဲ။ ကိုပါကြီးနဲ့ ဘယ်ပွဲတွေမှာ ဆုံဖူးလဲ။ သူ အလွတ်တန်း သတင်းထောက်ဖြစ်တာ အစိုးရ က သိလား။ သူနဲ့ ခရီးအတူ သွားဖူးတာ ရှိလား၊ အကုန်မေးတယ်။ ကျမလည်း သိတာ အကုန်ဖြေခဲ့တယ်’’ဟု ဧရာဝတီကို ပြော သည်။
အမျိုးသား လူ့အခွွင့်အရေး ကော်မရှင်က ကိုပါကြီး အသတ်ခံရမှု အစီရင်ခံစာ ထုတ်ပြန်နိုင်ရန် နောက်ဆုံး စစ်ဆေးမူအနေနှင့် ကိုပါကြီး၏ ဇနီး မသန္တာကို ဖြေဆိုပေးရန် စာဖြင့် မေးခွန်းများ ပေးပို့ထားပြီး ဖြစ်ကြောင်း၊ မသန္တာ၏ ဖြေဆိုမူများ ရရှိပြီးပါက အပြီးသတ် အစီရင်ခံစာ ရေးသား၍ သမ္မတထံ ပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါချောင်ကျေးရွာတွင် မြှုပ်နှံထားသော ကိုပါကြီးအလောင်းကို ပြန်လည် တူးဖော်စစ်ဆေးအပြီး သေနတ် ကျည်ဆန် ဒဏ်ရာ ၅ ချက်တွေ့ရှိရသည်ဟု စစ်ဆေးရာတွင် ပါဝင်ခဲ့သည့် ဆရာဝန်များက ပြောကြားထားပြီး ကျည် ဆန် ဒဏ်ရာ တချက်မှာ မေးစေ့အောက်မှ ဦးခေါင်းသို့ ဖောက်ထွက်သည့် ဒဏ်ရာမျိုး ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
ကိုပါကြီးအလောင်းကို နိုဝင်ဘာ ၅ ရက်က ပြန်လည် တူးဖော်ခဲ့ပြီး မော်လမြိုင် ဆေးရုံတွင် စစ်ဆေး၍ မိသားစု၏ ဆန္ဒအရ ရန်ကုန် သို့ ပြန်သယ်လာပြီး ရေဝေးသုသာန်တွင် နိုဝင်ဘာ ၇ ရက်က ဂူသွင်း သင်္ဂြိုဟ်ခဲ့သည်။
ကိုပါကြီး သေဆုံးမူနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို.နယ် ရဲစခန်းက သေမှုသေခင်း အမှတ် (ပ) ၁၁/၂၀၁၄ ဖြင့် ယခု အချိန်အထိ အမူဖွင့်ထားဆဲ ဖြစ်ကြောင်း သိရသည်။
တပ်မတော်ဘက်က အောက်တိုဘာ ၂၃ ရက်က ထုတ်ပြန်ချက်တွင် ကိုပါကြီးသည် စက်တင်ဘာ ၃၀ ရက်က အစောင့်စစ်သား၏ သေနတ်ကို လုယူထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။