နေ့လယ်စာ စားချိန်ဆိုလျှင် ဒေါဘိုစီဘုန်းကြီး ကျောင်းဝင်းအတွင်းထဲမှ မြင်ကွင်းက ရွှင်လန်းတက်ကြွစရာ မြင်ကွင်းတခုဖြစ်သည်။ ကိုရင်လေးများနှင့် ကလေးငယ်များက သီလရှင်တချို့၏ စောင့်ကြည့်မှုအောက်တွင် အတူတကွ ကစားနေကြသည်။ ဤနေရာမှာ အားလုံးပျော်ဖို့နှင့် ကစားဖို့ချည်းသာ မဟုတ်ပါ။ သူတို့တွေ စာလည်းသင်ကြရပါသည်။
ဒေါဘိုစီ ကျေးရွာမှ ကျောင်းတွင် စားပွဲများ၊ ထိုင်ခုံများ မရှိပါ။ စာသင်ချိန်တွင် စာအုပ်များ ကျောင်းသုံး ပစ္စည်း များကို အင်္ဂတေခင်း ကြမ်းပြင်ပေါ်မှာ ချထားပြီး ကျောင်းသားများ စာသင်ကြရသည်။
ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ဒေသတွင်းရှိ တိုင်းရင်းသား လူနည်းစုများဖြစ်သည့် ပဒေါင်နှင့် ကယန်းမှသည် ကယား၊ ကယော၊ ပအို့ဝ် နှင့် ရှမ်းတိုင်းရင်းသားများ၏ ကလေးများကို အခမဲ့ပညာသင် ကြား ပေးနေသည်။ ကျောင်းသို့ရောက်လာ သည့် ကလေးငယ်အများစုသည် ကယား (ကရင်နီ) ပြည်နယ် အတွင်း ရှိ ဝေးလံသည့် နေရာများမှ ဖြစ် သည်။ သူတို့၏မိသားစုများက သူတို့၏ပညာရေး အတွက် ငွေကြေး မတတ် နိုင်ကြပါ။ ကျောင်းသားငယ် ပေါင်း ၁၈၈ ယောက်သည် ကျောင်းမှာအိပ် ကျောင်း မှာစားပြီး ကျောင်း ကို အိမ်လုပ်ပြီးနေကြသည်။
ကျောင်းတွင် သူငယ်တန်းမှ ဆဋ္ဌမတန်းအထိ ပညာသင်ကြားပေးနေပြီး၊ ဆဋ္ဌမတန်း အောင်မြင်သွားသူ များသည် ဆက်လက် ပညာသင်ကြားရန် ဆန္ဒရှိပါက အစိုးရကျောင်းတွင် သွားပြီးတက်ရမည် ဖြစ်သည်။
ကယားပြည်နယ်တွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆ ကျောင်းရှိသည်ဟု ဒေါဘိုစီကျောင်းမှ ကျောင်း ထိုင်ဆရာတော် ဦးသုန္ဒရကဆိုသည်။ သူ၏ ကျောင်းတွင် ဆရာ ၈ ယောက်ရှိပြီး နောက်နှစ်ထဲတွင် ကယား ပြည်နယ်၌ ပထမဆုံး အထက်တန်းပညာ သင်ကြားပေးနိုင်သည့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းဖြစ် လာရန် ဆရာတော်က မျှော်လင့်ထား သည်။
“ဘုန်ကြီးတို့ကျောင်းကနောင်နှစ်ကျရင် ပထမ ဦးဆုံး အထက်တန်းကျောင်း ဖြစ်လာလိမ့်မယ်” ဟု ကျောင်း ကို စတင်တည်ထောင်ခဲ့သူဖြစ်သည့် ဦးသုန္ဒရ က မိန့်ကြားသည်။
၁၉၉၆ ခုနှစ်တွင် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းကို ဆရာတော် ဦးသုန္ဒရ စတင်တည်ထောင် ခဲ့သည်။ ထိုအချိန်က ကျောင်းသားကျောင်းသူ ၆၀ ခန့်ရှိပြီး ၎င်းတို့အတွက် ပညာသင်ကြားပေးနိုင်မည် ဟု ယုံကြည် အားထားမှုဖြင့် ပြည်နယ်နေရာအသီးသီး မှ ရောက်ရှိလာသူများ ဖြစ်ပါသည်။
“ဒီမှာ ကျောင်းနေခြင်းအားဖြင့် ကလေးတွေ အနေနဲ့ ပုံမှန်ပညာသင်ကြားနိုင်တယ်။ ဒီဒေသတွေ မှာ ကျောင်း ဆရာရှာတွေ့ဖို့အတွက် အရမ်းခက်ခဲတယ်။ ကလေးတွေ ကျောင်းကပြန်လာရင် သူတို့က စာမကျက်ကြဘူး။ ဒီမှာနေတဲ့အခါကျတော့ ဆရာတွေက နေ့ခင်းဘက်မှာ စာသင်ပေးပြီးတော့ သူတို့ ညဘက်မှာလည်း အချိန် ပြည့် စာကျက်လို့ရတယ်” ဟု ဦးသုန္ဒရက မိန့်ကြားသည်။
“အားလပ်ချိန်တွေမှာ စေတနာ့ဝန်ထမ်း လုပ် ငန်းတွေ ဘယ်လိုလုပ်ရမလဲဆိုတာကို ဘုန်းကြီးတို့က သင် ကြားပေးတယ်။ ဥပမာပြောရရင် ၂ တန်း ကျောင်းသားတွေက သူတို့အဝတ်တွေကို ဘယ်လို လျှော်ရမ လဲဆိုတာ မသိကြဘူး။ ဒါကြောင့် ဘုန်းကြီးတို့က ၄ တန်းကျောင်းသားတွေကို အငယ်တွေရဲ့ အဝတ်တွေ လျှော်ခိုင်းတယ်။ ဒါက လူ့အသိုင်းအဝိုင်း ကို ဘယ်လိုကူညီရမယ်ဆိုတာ သင်ကြားပေးတာပဲ။တယောက် ကိုတယောက် ဘယ်လိုလေးစားရမယ် ဆိုတာကိုလည်း သူတို့ကိုသင်ပေးတယ်။ တကယ်လို့ ဘုန်းကြီးတို့က ကောင်းကောင်းသင်ကြားပေးနိုင်ရင် သူတို့တွေ အရွယ်ရောက်လာတဲ့အခါ တိုင်းပြည်ကို ဘယ်လို အလုပ်အကျွေး ပြုရမယ်ဆိုတာ သူတို့တွေ နားလည်လိမ့်မယ်” ဟု ဆရာတော်ကဆိုသည်။
သက်တော် ၆၈ နှစ် ဝါတော် ၂၀ ရှိပြီဖြစ်သော ဆရာတော် ဦးသုန္ဒရက အစိုးရစစ်တပ်မှ အငြိမ်းစားယူပြီး ရဟန်းဘောင်ဝင်ခဲ့သူဖြစ်သည်။ သူက ဗမာလူမျိုး ဖြစ်သော်လည်း ဗမာကလေးငယ်များကို ကျောင်းတွင် လက်မခံကြောင်း၊ အဘယ်ကြောင့်ဆို သော် ထိုဒေသသည် တိုင်းရင်းသား လူနည်းစု အမျိုးမျိုးအများအပြား နေထိုင်ကြသည့် နေရာဖြစ် နေခြင်းကြောင့်ဖြစ်ကြောင်း ဆရာတော်က ရှင်းပြ သည်။
“ဘုန်းကြီးတို့ ဗမာကလေးငယ်တွေ အများစုက တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံတွေကို နားမလည် ကြဘူး။ သူတို့က ဒီက ဓလေ့ထုံးစံတွေနဲ့ ဘယ်လို ဆက်ဆံနေထိုင်ရမယ် ဆိုတာကို မသိတဲ့အတွက် ကျောင်းမှာ သူတို့မပျော်ကြဘူး” ဟု ဦးသုန္ဒရက မိန့်ကြားသည်။
၎င်းတို့၏မိဘများက သူတို့၏ ကလေးများကို အလုပ်လုပ်စေချင်ကြသည့်အတွက် ၆ တန်းအောင် မြင်သွား ကြသည့် ကလေးငယ်များသည် ပညာဆက် လက်သင်ကြားနိုင်ခြင်း မရှိကြဟု ဆရာတော်ကဆို သည်။ ထို့ကြောင့်ပင် နောက်နှစ်တွင် အထက်တန်း ပညာသင်ကြားပေးနိုင်သည့် ကျောင်းတကျောင်း ဖြစ်လာရန် သူကြိုးစားနေခြင်း ဖြစ်သည်။
“ဒေသခံကလေးတွေအနေနဲ့ သူတို့အသက်ကြီး လာတဲ့အခါ မိဘတွေက သူတို့ကလေးတွေကို အလုပ် လုပ်စေချင်ကြတယ်။ ကျောင်းဆက်မတက်ကြဘူး။ ဒီဒေသမှာ ဒါမျိုးတွေ အများကြီးရှိနေတယ်” ဟု ဆရာတော်ကဆိုသည်။
ဘုန်းကြီးကျောင်းတွင် စာသင်ကျောင်း ဖွင့်လှစ်သင်ကြားပေးလာသည်မှာ ဆယ်စုနှစ် ၂ ခုနီးပါး ရှိပြီဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ကလေးငယ် များ၏ စားရေးသောက်ရေး၊ ဆရာရရှိရေးနှင့် ကလေးငယ်များအတွက် သင်ကြားရေးပစ္စည်းများ ရရှိရေး စသည်ဖြင့် အခက်အခဲ မြောက်မြားစွာနှင့် ရင်ဆိုင်ခဲ့ရသည်။ အစပိုင်း ၃ နှစ်က အခက်အခဲဆုံး ဖြစ်သည်ဟု သိရသည်။ အလှူငွေများ ပိုမိုရရှိလာ သည်နှင့်အမျှ ကလေးငယ်များ၏ ပညာရေး အရည်အသွေးနှင့် နေထိုင်မှုအခြေအနေလည်း တိုးတက်လာခဲ့သည်။
အစိုးရထံမှ ငွေကြေးအထောက်အပံ့ကြောင့် နောက်ထပ် ပိုမိုတိုးတက်လာနိုင်သည့် အခွင့်အရေး တခုလည်း ရှိပါသည်။ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီး သင် ပညာရေးကျောင်းများအတွက် ကျပ်ငွေ ၃ ဘီလီယံ ထောက် ပံ့ပေးမည်ဟု ပြီးခဲ့သည့်နှစ်တွင် အစိုးရက ပြောကြားခဲ့သည်။ သို့သော်လည်း မြန်မာ တနိုင်ငံလုံးတွင် ကျောင်း သားပေါင်း ၂၆၀ဝဝဝ ကျော်ရှိနေပြီး အလှူငွေအပေါ်တွင် လုံးလုံးလျားလျား မှီခိုနေရသည့်ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များအတွက် ထိုပမာဏက ထိရောက်နိုင်လိမ့်မည် မဟုတ်ပါ။
“ဘုန်းကြီးတို့ရဲ့ ရည်ရွယ်ချက်က ပညာတတ်တဲ့ သူတွေ ပိုပြီး မွေးထုတ်ပေးနိုင်ဖို့ပါပဲ။ ၁၀ဝ လောက်ထဲက ကျောင်းသားတယောက်က ပညာကောင်း ကောင်းတတ်တဲ့သူ တယောက်ဖြစ်လာရင် ဘုန်းကြီးကျေနပ်ပါပြီ” ဟု ဒေါဘိုစီ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးသုန္ဒရက မိန့်ကြားလိုက်ပါသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Lawi Weng ၏ In Remote Karenni State, a Place of Diversity and Learning ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။