လွှတ်တော်က အတည်ပြုထားခဲ့သည့် အမျိုးသား ပညာရေး ဥပဒေကို အစိုးရ၊ ကျောင်းသား၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) တို့၏ လေးပွင့်ဆိုင် သဘောတူညီမှုအရ ဖေဖော်ဝါရီ လလည်က ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့သည်။
ပြင်ဆင်ရေးဆွဲခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းကို အစိုးရက အများပြည်သူ သိရှိရန် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြခဲ့ပြီး ယင်းဥပဒေမူကြမ်းကို အများပြည်သူများအကြား ကြိုဆိုမှုများရှိသကဲ့သို့ ကန့်ကွက်မှုများလည်း ရှိခဲ့သည်။
ပထမ အတည်ပြုခဲ့ပြီးမှ ကျောင်းသားများ၏ ကန့်ကွက်မှုများကြောင့့် အမျိုးသား ပညာရေး ဥပဒေကို ဒီမိုကရေစီ စံနှုန်းနှင့် အနီးစပ်ဆုံး ကိုက်ညီအောင် ပြန်လည် ရေးဆွဲခဲ့သည်ဆိုသည့်တိုင် လွှတ်တော်တွင် အတည်မပြုရသေးခင် ဥပဒေမူကြမ်း အဆင့်မှာပင် ဝေဖန်ကန့်ကွက်မှုများစွာ ကြုံတွေ့နေရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄၊ ၁၅ရက်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကျင်းပခဲ့သည့် လေးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ကျောင်းသားများ တောင်းဆိုထားသော အချက် ၁၁ ချက်စလုံးကို ပြန်လည်ပြင်ဆင်သည့် ဥပဒေတွင် ထည့်သွင်း ရေးဆွဲပေးရန် အစိုးရက သဘောတူခဲ့ပြီး ယင်း ပြုပြင်ရေးဆွဲထားသည့် ဥပဒေ မူကြမ်းကို ဖေဖော်ဝါရီလ ၁၈၊ ၁၉ တွင် အစိုးရပိုင် သတင်းစားများမှတဆင့် ဖော်ပြခဲ့သည်။ ထူးခြားချက်မှာ ၁၈ ရက်နေ့တွင်ဖော်ပြသော ဥပဒေမူကြမ်းနှင့် ၁၉ ရက်နေ့တွင် ထပ်မံဖော်ပြသော ဥပဒေမူကြမ်းဟူ၍ မူကြမ်းနှစ်ခုဖြစ်လာသည်။ ၁၈ ရက်နေ့တွင်ဖော်ပြသော မူကြမ်းသည် ကျောင်းသား ကိုယ်စားလှယ်များ၊ NNER ကိုယ်စားလှယ်များ၏ သဘောထားကို အခြေခံသည့် ဥပဒေမူကြမ်းဖြစ်ပြီး၊ ၁၉ ရက်နေ့တွင် ဖော်ပြသည့်မူကြမ်းမှာ ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ရေးဆွဲသော ဥပဒေမူကြမ်းဟုဆိုကာ နှစ်ရက်တွင် နှစ်မျိုး ဖော်ပြခဲ့ခြင်းကြောင့် ဖတ်ရှုလေ့လာသူများအကြား၊ ဝေဖန်လိုသူများအကြား ရှုပ်ထွေးမှုများ ဖြစ်လာခဲ့သည်။
ယင်းကဲ့သို့ ပညာရေးဝန်ကြီးဌာနက ရေးဆွဲသော ဥပဒေမူကြမ်းကို ယခုကဲ့သို့ ယှဉ်တွဲဖော်ပြလိုက်ခြင်းကြောင့် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုတွင် ပညာရေး ဝန်ကြီးဌာန၏ သဘောထား မပါဝင်ဘူးလားဟု မေးမြန်းစရာ ဖြစ်နေသည်။
“ဒါဟာ အများပြည်သူကြား ဝေဝါးအောင် ဖော်ပြတာပဲ။ လေးပွင့်ဆိုင် တွေ့ဆုံ သဘောတူပြီ ဆိုကတည်းက အစိုးရဘက်က ပညာရေးဝန်ကြီးဌာန သဘောထားက ပါနေပြီလေ။ အခုက သူတို့ သဘောထား မပါသလို ပြန်လည် ဖော်ပြတယ် ဆိုကတည်းက အစိုးရပိုင်းက သဘောထား မရှင်းလင်းတာပဲ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ ဆရာမများ သမဂ္ဂမှ ဒေါက်တာ အာကာမိုးသူက ဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ လေးပွင့်ဆိုင်ဆွေးနွေးခဲ့ကြစဉ်က အခြေအနေကို ပြန်ကြည့်မည်ဆိုလျှင် အစိုးရ၏ ဆွေးနွေးမှုသည် အရှိန်မြင့်လာသည့် ကျောင်းသားသပိတ်များကို ရပ်ဆိုင်းနိုင်ရန် ဦးတည်လုပ်ဆောင်နေသည့် သဘောသာ တွေ့ရပြီး တောင်းဆိုချက် ၁၁ ချက်ကို တမှန်တကယ် လိုလား၍ ထည့်သွင်းပြဌာန်းရမည် ဆိုသည့် ပုံစံမျိုးရှိခဲ့ခြင်း မတွေ့ရဟု ကျောင်းသားကိုယ်စားလှယ်များနှင့် NNER ကိုယ်စားလှယ်များက ပြောသည်။
အရှိန်မြင့်လာသည့် ကျောင်းသားသပိတ်များကို တန်ပြန်သည့် လှုပ်ရှားမှုတချို့လည်း ပေါ်ပေါက်လာခဲ့သည်။ တက္ကသိုလ်များတွင် အစိုးရက ကမကထပြု ဖွဲ့စည်းထားသည့် ယူနီယံဟု ခေါ်သော ကျောင်းသားအဖွဲ့အစည်းများ၊ ဆရာ၊ ဆရာမ အဖွဲ့အစည်းများ ပါဝင်သည့် တန်ပြန်သပိတ် လှုပ်ရှားမှုများ၊ တက္ကသိုလ်တွင်း ဥပဒေမူကြမ်း ဆွေးနွေးမှုများဖြင့် ကျောင်းသားများ၏ သဘောထားရယူသည် ဆိုသည့် အယောင်ပြ ဆွေးနွေးမှုများကိုလည်း ရန်ကုန်တိုင်းတွင် သာမက မော်လမြိုင် စသည့် နယ်မြို့များရှိ တက္ကသိုလ်များတွင်လည်း လုပ်ဆောင်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂများအဖွဲ့ချုပ် (ဗဟို) မှ မဖြိုးဖြိုးအောင်က ဆိုသည်။
ယင်းအပြင် ကျောင်းသား ကိုယ်စားလှယ်၊ NNER ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲထားသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် မူကြမ်းပါ အချက်များအပေါ် မထောက်ခံ မလိုလားသည့်သဘောထားများ ပါဝင်သည့့် စာအုပ်များကိုလည်း တက္ကသိုလ် အုပ်ချုပ်ရေးပိုင်းများသို့ ဖြန့်ဝေထားမှုများ ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ထို့အပြင် လေးပွင့်ဆိုင် သဘောတူညီချက်နှင့် ရေးဆွဲထားသည့် အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် ရက်ပိုင်းက ကျောက်ဆည်တက္ကသိုလ်တွင် ဆရာ၊ ဆရာမများထံမှ သဘောထား ကောက်ခံခဲ့ကြောင်း သိရသည်။ ယင်းသဘောထားစစ်တမ်း ကောက်ယူမှုတွင် သပိတ်မှောက် ကျောင်းသားများကြောင့် အေးချမ်းစွာ ပညာသင်ခွင့်ကို ထိခိုက်မှု ရှိ၊ မရှိ ဆိုသည့် မေးခွန်း၊ NNER ကိုယ်စားလှယ်များ ရေးဆွဲထားသည့် ဥပဒေမူကြမ်းကို ထောက်ခံမှု ရှိ၊ မရှိ ဆိုသည့် မေးခွန်းများ စသည်တို့ ပါဝင်ကြောင်း သိရသည်။
NNER နှင့် ကျောင်းသားများ ပါဝင်ရေးဆွဲထားသည့် ဥပဒေမူကြမ်းသည် ဗဟိုချုပ်ကိုင်မှု စနစ်ကို သိသိသာသာ လျှော့ချထားပြီး လူ့အခွင့်အရေးကို ပိုမို အလေးပေးထားသည့်အတွက် လိုလိုလားလား ကြိုဆိုကြောင်း လူ့အခွင့်အရေး လှုပ်ရှားမှုများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများက ဆိုကြသည်။
သို့သော် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) (မဘသ) ကမူ ပြင်ဆင်ထားသည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းသည် တိုင်းပြည်နှင့် လူမျိုး အနာဂတ်အတွက် ရတက်မအေးစရာ၊ ကျောချမ်းစရာ ယိုပေါက်ဟာပေါက်များ၊ ကြီးမားသော ဘေးထွက်ဆိုးကျိုးများနှင့် မသိမသာ မလိမ့်တပတ် နားလှည့်ပါးရိုက်မှုများ မြောက်မြားစွာ ပါဝင်နေသည်ဟု ကြေညာခဲ့သည်။
ကြေညာချက်တွင် ဥပဒေကို အလောတကြီး မဖြစ်စေဘဲ အချိန်ယူ ဆွေးနွေးတိုင်ပင်ရေးဆွဲသွား ရန်လည်း မဘသ (ဗဟို) က ထပ်မံ တိုက်တွန်းထားသေးသည်။
အမည်မဖော်လိုသူ တက္ကသိုလ် ဆရာတဦးက “ပညာရေးဟာ ဘာသာရေးနဲ့ လုံးဝမဆိုင်ပါဘူး။ ပညာရေးမှာ အားလုံးဟာ လွတ်လပ်စွာ သင်ကြားပိုင်ခွင့် ရှိတယ်။ အခု ပညာရေးနဲ့ ပတ်သက်ပြီး အွန်လိုင်းမှာ ဝေဖန်ထားတာတွေက တော်တော်ကို လွန်လွန်ကျူးကျူး ဖြစ်နေတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ ဘာသာရေး အကြောင်းပြပြီး အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်မှုကိုတော့ မနှောင့်နှေးစေချင်ဘူး” ဟု ဆိုသည်။
လေးပွင့်ဆိုင် တွေ့ဆုံမှုနှင့် ထွက်ပေါ်လာသည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းပါ အချက်များထဲမှ ဝေဖန်ခံနေရသည့် အချက်များကို ကြည့်လျှင် ပုဒ်မ ၂၂၊ အခန်း (၄) အပိုဒ် (င) အပိုဒ်ခွဲ (ကက) နှင့် (ခခ) ဖော်ပြချက်များအရ ပညာသင်ကြားရေးတွင် မိခင်ဘာသာစကား အသုံးပြုရေးနှင့် ပတ်သက်ပြီး လူမျိုးရေးအခြေခံဖြင့် ဝေဖန်နေကြခြင်း ဖြစ်သည်။ အထူးသဖြင့် ထိရောက်စွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ မိခင်ဘာသာစကားကို အခြေခံရမည်ဟု ဆိုလိုက်သဖြင့် တိုင်းရင်းသား ဖြစ် မဖြစ် အငြင်းပွားနေသည့် လူမျိုးတမျိုးမျိုးနှင့် ပတ်သက်ပြီး ရှုပ်ထွေးသော အကျိုးသက်ရောက်မှု ဖြစ်စေသည်ဟုဆိုကာ ဝေဖန်ကြခြင်းဖြစ်သည်။
ထို့နောက် အခန်း (၆) ပုဒ်မ ၃၄ ပါ ပြဌာန်းချက်အရ ဘာသာရေးကျောင်းများနှင့် ပတ်သက်၍လည်း မဘသ အဖွဲ့ကို အားပေးထောက်ခံသည့် သူများ၏ ဝေဖန်မှုများကိုလည်း တွေ့ရသည်။
အမျိုးသား ပညာရေး ဥပဒေကြမ်း၏ အပိုဒ် (၁) အပိုဒ်ခွဲ (၁) (ခ) တွင် ဤဥပဒေကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးသည့်နေ့တွင် အတည်ဖြစ်သည်ဟု ဖြည့်စွက်ဖော်ပြချက်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ကွဲလွဲနေသည်ကို တွေ့ရှိရသည်ဟု ထောက်ပြကြသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၁ဝ၅ တွင် နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်မှ ပေးပို့လာသည့် ဥပဒေကြမ်းများကို လက်ခံရရှိသည့်နေ့၏ နောက်တနေ့မှ ၁၄ ရက်အတွင်း လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာရမည်။ သတ်မှတ်ကာလအတွင်း ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး၍ ဥပဒေအဖြစ် ထုတ်ပြန်ကြေညာ ခြင်းမပြုလျှင် သတ်မှတ်ကာလ ပြည့်မြောက်သည့်နေ့ရက်တွင် ဥပဒေကြမ်းသည် နိုင်ငံတော်သမ္မတ၏ လက်မှတ်ရေးထိုးချက် ရရှိပြီးသကဲ့သို့ ဥပဒေဖြစ် လာရမည်ဟု ဖော်ပြချက်ကြောင့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းပါ ဖော်ပြချက်သည် မလိုလားသည့် ဖော်ပြချက် ဖြစ်ကြောင်းကိုလည်း ထောက်ပြဝေဖန်ကြသည်။
အမျိုးသား ပညာရေး ဥပဒေကို ယမန်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အတည်ပြုခဲ့ပြီး အတည်မပြုခင် လွှတ်တော်တွင် ဆွေးနွေးစဉ်ကတည်းက အစိုးရနှင့် လွှတ်တော်ကြား ဆွေးနွေးမှုသည် ပြင်းထန်ခဲ့သည်။ ထို့နောက် ဥပဒေ အတည်ပြုပြီးနောက်တွင်လည်း ဒီမိုကရေစီ စံနှုန်းနှင့် မညီသည့် အမျိုးသား ပညာရေး ဥပဒေဟု ဆိုကာ ကျောင်းသား၊ ပြည်သူများ၏ ကန့်ကွက်မှုများစွာနှင့်လည်း ကြုံတွေ့ခဲ့ရသည်။
သပိတ်မှောက် ကျောင်းသားများ တောင်းဆိုသည့် အချက် ၁၁ ချက်ပြင်ဆင်ရေးမှာ ဝေဖန်အကြံပြုချက်များ တောင်းခံခြင်း၊ လွှတ်တော်တွင် ကြားနားခြင်း စသည့်အဆင့်များကြောင့် ကြန့်ကြာဦးမည့်သဘောရှိပြီး ကျောင်းသားသပိတ် စစ်ကြောင်းကလည်း ရန်ကုန်အထိ ဆက်လက်ချီတက်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။