ဒီနှစ် ဇွန်လမှာ မိုးများတဲ့အတွက် တနိုင်ငံလုံး ရေဘေးနဲ့ ကြုံတွေ့ရတဲ့အခါ ဧရာဝတီသတင်းဌာနရဲ့ ဓာတ်ပုံ သတင်းထောက်တယောက်ဖြစ်တဲ့ ကျနော်လည်း ရေဘေးသင့်ဒေသတွေဆီကို ဇွန်လ ၂၈ ရက်နေ့မှာ ခရီးထွက်ဖြစ်ခဲ့ပါတယ်။
ကျနော်တို့ ပထမဆုံးသွားတဲ့ ဒေသက ပထမဆုံး ရေနစ်မြုပ်မှုကို ကြုံတွေ့ခံစားခဲ့ရတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး ထဲက ကောလင်းမြို့နယ်ထဲကိုပါ။
ကျနော်တို့ အနေနဲ့ အခုလို သွားရောက်ခဲ့တဲ့ ကောလင်းမှာ ရေကြီး နစ်မြုပ်ထားတဲ့ ကားလမ်းတွေဟာ ဆိုးဝါး စွာ ပျက်စီးနေပါပြီ။ လမ်းမှာ ကားတချို့လည်း ဆက်သွားလို့ မရတော့ဘဲ ဗွက်ထဲမှာ နစ်နေတာတွေ တွေ့ရပါ တယ်။ ကျနော်တို့လည်း အခက်အခဲတွေကြားကပဲ ဆက်သွားခဲ့ကြတာ ဇွန်လ ၃၀ ရက် နေ့ကျမှ ကောလင်းကို ရောက်ပါတယ်။
ကျနော်တို့ ရောက်သွားတဲ့ အချိန်မှာတော့ မိုးရွာတာလည်း ရပ်သွားပြီး ဖြစ်သလို မြို့တွင်းမှာလည်း ရေက ပြန်ကျနေပါပြီ။ မိုးက ဆက်တိုက် ရွာထားတဲ့အတွက် ရွှေတူးဖော်ရေး လုပ်ငန်းတွေရှိတဲ့ ရွာတွေဘက်မှာတော့ ရေက နစ်မြုပ်နေဆဲပဲ ရှိပါသေးတယ်။ အဲဒီအတွက် ကျနော်တို့လည်း ရေမြုပ်နေသေးတဲ့ ရွာတွေဆီ ဆက်သွား နိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ကြရပါတယ်။
ကောလင်းမှာ ရေမြုပ်နေသေးတဲ့ ရွာတွေကို သွားတဲ့နေရာမှာတော့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်။ အရင်ဆုံး ရွာကို ကားလမ်းမပေါက်တော့တဲ့အတွက် ရေလမ်းကနေ စက်လှေတွေနဲ့ သွားရပါတယ်။ သွားရတာ ကလည်း ရေမြုပ်နေတဲ့ လယ်ကွင်းတွေ မြောင်းတွေ၊ အပင်တွေကြားကနေသွားရတာပါ။ အဲဒီနေရာတွေမှာ ရေက အောက်ကို ပြန်ဆင်းနေတာ ဖြစ်တဲ့အတွက် ရေစီးက သန်ပါတယ်။
ရွာတွေဆီသွားရာမှာ ကူညီဖို့ အဖွဲ့တွေလည်း ပါတဲ့အတွက် ပစ္စည်းတွေ တင်လာတဲ့လှေတွေလည်း ပါပါတယ်။ ရေက အရမ်းစီးနေတာဖြစ်တဲ့အတွက် အရှိန်မထိန်းနိုင်ဘဲ လှေချင်းတိုက်မိတာတွေ ဖြစ်ပျက်ခဲ့ပါတယ်။ ကျနော် ကတော့ ဘာမှမဖြစ်ပေမယ့် တိုက်မိတဲ့လှေပေါ်က ပစ္စည်းထုပ် တချို့တော့ ရေထဲမျောပါပြီး ဆုံးရှုံးရပါတယ်။
တချို့နေရာတွေမှာတော့ ကိုယ်ကိုယ်တိုင် လုပ်အားပေးပြီး ဆန်အိတ်ပါ ဝင်ထမ်းနေရတယ်။
တခုပြောချင်တာက အခုလို ရေဘေးသင့်ဒေသတွေဆီကို ကယ်ဆယ်ရေး သွားရောက်ပြီး ပစ္စည်းလှူကြမယ့် သူတွေရော သတင်းဌာနအသီးသီးကနေ သွားရောက်မှတ်တမ်းတင်ကြမယ့် သတင်းသမားတွေအနေနဲ့ အသက်ကယ်အကျၤ ီတွေကို မပါမဖြစ် ယူသွားကြဖို့ပါ။
ရေစီးက ကြမ်းတဲ့နေရာတွေမှာဆို ရေကူးတတ်တဲ့ သူတွေအနေနဲ့လည်း နေရာဒေသကို မကျွမ်းကျင်တဲ့အတွက် အသက် အန္တရာယ်ကို စိုးရိမ်ရပါတယ်။ နောက်ပြီး မြို့ပေါ်ကနေ သွားရောက်ကြမယ့် သူတွေအနေနဲ့ ရေကူး တာမှာ အလေ့အကျင့် မရှိတဲ့အတွက် ပိုပြီး ဂရုစိုက်သင့်ပါတယ်။
နောက်တချက်ကတော့ မြွေအန္တရာယ်ပါ။ ရေက အကုန်လုံးနီးပါး နစ်မြုပ်ထားတာဖြစ်တဲ့အတွက် ပေါ်နေတဲ့ အပင်တွေ ခြုံတွေပေါ်မှာ မြွေတွေက တက်ခိုနေကြတွေ ရှိပါတယ်။ ကျနော်တို့ အနေနဲ့လည်း ကိုယ်တိုင် မျက်မြင် ကြုံခဲ့ရတာပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ သွားကြတဲ့သူတွေအနေနဲ့ အကာအကွယ်ဖြစ်မယ့် အဝတ်အစားမျိုးတွေ ဝတ်ဆင်သွားသင့်ပါတယ်။
ကျနော်တို့အနေနဲ့လည်း အပင်တွေကြားကနေ ဖြတ်သွားခဲ့ကြရတာဖြစ်တဲ့အတွက် အတော်လေး သတိထား ခဲ့ကြရပါတယ်။ အတူသွားခဲ့ကြတဲ့ လူတွေအားလုံး မြွေအန္တရာယ် မကြုံတွေ့ခဲ့ရပေမယ့် လမ်းတလျောက်လုံး မြွေအကောင်ကြီးတွေရော အကောင်သေးတွေပါ အားလုံး တွေ့ခဲ့ကြပါတယ်။ အထူးသဖြင့် အပင်ကြီးတွေနဲ့ ချုံတွေကြားမှာ အများဆုံး တွေ့ခဲ့ရပါတယ်။
အခက်အခဲတွေကြားကပဲ ရေနစ်မြုပ်နေတဲ့ရွာတွေဆီ ကျနော်တို့ ရောက်သွားတဲ့အခါမှာတော့ သူတို့အတွက် အရေးပေါ် ကယ်ဆယ်ထောက်ပံ့ရေးတွေ လိုအပ်နေတာ တွေ့ရပါတယ်။ သူတို့အနေနဲ့ ကိုယ်တိုင်ချက်ပြုတ် စားသောက်ဖို့ မဖြစ်နိုင်သေးတာ တွေ့ရပါတယ်။ ဒီအခြေအနေမှာတော့ သူတို့အနေနဲ့ အနီးဝန်ကျင်က လာရောက် ကူညီလှူးဒါန်းတဲ့ ထမင်းနဲ့ စားသောက်စရာတွေကိုပဲ အဓိကထားနေရတာပါ။
အနယ်နယ်အရပ်ရပ်က အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေရတဲ့သူတို့အတွက် အဓိက အလိုအပ်ဆုံးက သောက်ရေသန့် ရရှိဖို့ပါ။ ရေနစ်မြုပ်တဲ့အစပိုင်းမှာ အစားအစာက အဓိက ဖြစ်ပေမယ့် အခုလို ရေပြန်ကျစ ပြုလာတဲ့အချိန်မှာတော့ ရေက အဓိက ဖြစ်လာပါတယ်။ အလှူရှင်တွေက လာရောက် လှူဒါန်းကြပေမယ့် ရေသန့်ဘူးတွေက မလုံလောက်ပါဘူး။
သူတို့အနေနဲ့ သောက်ရေအတွက် ရေသန့်ကို ဘယ်အချိန်ထိ အလှူရှင်တွေဆီက လက်ခံရရှိမလဲ မသိပါဘူး။ သူတို့ ပတ်ဝန်းကျင်တခုလုံးကတော့ ရေနစ်မြုပ်ထားတဲ့အတွက် နှုန်းတွေနဲ့ ပြည့်နေပြီး ရေတွေဟာလည်း နောက်ကျိလို့ နေပါတယ်။ သန့်ရှင်တဲ့ သောက်သုံးရေ မရတော့တဲ့အခါမှာ ဒေသခံ ရေဘေးသင့်ပြည်သူတွေ အတွက်တော့ နောက်ဆက်တွဲ ဖြစ်လာနိုင်တဲ့ ရေကြောင့် ဖြစ်တဲ့ရောဂါတွေအတွက် စိုးရိမ်စရာလည်း ကောင်းပါတယ်။
ရေဘေး ကြုံတွေ့နေရတဲ့ပြည်သူတွေအနေနဲ့ ရေပြန်ကျသွားပေမယ့်လည်း သူတို့အိမ်တွေမှာ ပြန်လည်နေထိုင်ဖို့ အခက်အခဲတွေလည်းရှိနေပါတယ်။ နောက်ပြီးအလှူရှင်တွေ မရောက်တဲ့ရေနစ်မြုပ်ခဲ့တဲ့ ရွာတွေလည်း ရှိနေပါ သေးတယ်။ တချို့ရွာက သူတွေဆို အလှူရှင်တွေ လာတယ်ဆိုမှ သိလို့ လာယူကြရသူတွေလည်း ရှိပါတယ်။
ဒါကလည်း အလှူရှင်တွေအနေနဲ့ ရွာတွေအထိ ဆင်းကြတဲ့အခါ လမ်းပန်း ဆက်သွယ်ရေး ဆိုးဝါးနေတဲ့ အခြေ အနေကြောင့်လည်း ပါပါတယ်။ လမ်းတွေ ပျက်စီးပြီး တံတားတွေပါ ပြိုနေတဲ့ အခြေအနေမှာ ရှေ့ဆက် မသွား နိုင်တော့ပဲ ပြန်လှည့်ရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ တချို့ကတော့ မရောက်ရောက်အောင် သွားခဲ့ ကြတဲ့သူတွေရှိသလို လမ်းတဝက်ကနေပဲ ပစ္စည်းတွေ လှူလိုက်ကြတဲ့သူတွေလည်း ရှိပါတယ်။
ကျနော်အနေနဲ့ နောက်နေ့မှာတော့ ကောလင်းမြို့ကနေ ရေဘေး ဒဏ်ကြုံတွေ့နေရတဲ့ ပွင့်ဖြူမြို့ကို ခရီးဆက် ခဲ့ပါတယ်။ ဒီနေရာမှာ ရေမြုပ်ထားပြီး ဆိုးဝါးတဲ့လမ်း အခြေအနေကြောင့် လမ်းမှာ ၂ရက် ကြာခဲ့ပါတယ်။ ပွင့်ဖြူမြို့နယ်အတွင်းမှာလည်း ရေနစ်မြုပ်ထားတဲ့အတွက် အခြေအနေ ဆိုးနေတာကိုလည်း တွေ့ရပါတယ်။
ဒီလို ရေဘေးကြုံတွေ့ခဲ့ကြရာမှာ အဓိက အဆိုးဆုံး ဖြစ်ခဲ့ရတာတွေကတော့ ကျေးရွာတွေပဲ ဖြစ်ပါတယ်။ ရွာတွေ အနေနဲ့ မြစ်ဘေး တလျောက် တည်ထားသည့် အတွက်လည်း နစ်မြုပ်လွယ်တဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။ ခုလို ရေဘေးကြုံတွေ့ခဲ့ရတဲ့ သူတွေအတွက်တော့ နေရပ်ပြန်လည် ထူထောင်ရေးအတွက် အကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်။
ပွင့်ဖြူမြို့နယ် ရေဘေးကို ဒေသအသီးသီးက အလှူရှင်တွေ လာရောက် လှူဒါန်းနေကြတာကိုလည်း တွေ့ခဲ့ ရပါတယ်။ ကျနော်တို့ အဖွဲ့လည်း တခြားရေနစ်မြုပ်တဲ့ ကျေးရွာတွေအထိဆင်းကာ ရေသန့်စက်နဲ့ ထောက်ပံ့ ပစ္စည်းလေးတွေ ပေးအပ်ခဲ့ကြပါတယ်။ ကျနော်အနေကတော့ ပွင့်ဖြူမြို့နယ်အတွင်း ရေဘေးအန္တရာယ် ကြုံ တွေ့ခဲ့ရမှုများကို သတင်းမှတ်တမ်းများ ရယူပြီးတဲ့နောက်မှာတော့ ရန်ကုန်ကို ပြန်လည်ထွက်ခွာ လာခဲ့ကြ ပါတယ်။
အခုလို ရေဘေးကြုံတွေ့ခဲ့ရတဲ့ ဒေသတွေကို ပရဟိတပါ တွဲလုပ်ရင်း သတင်းမှတ်တမ်းများ သွားရောက် ရယူခဲ့သူ တစ်ယောက်အနေနဲ့ ကျနော်လို သတင်းသမားတွေ အတွက်ရော၊ ရေဘေး ကယ်ဆယ်ရေး လုပ် ဆောင်နေကြတဲ့ သူတွေအားလုံးကို သတိပေးချင်တာ ရှိပါတယ်။ ရေကြီးနေရာတွေကို သွားတဲ့နေရာမှာ အချိန်မရွေး အသက်အန္တရာယ် ကြုံတွေ့နိုင်တဲ့အတွက် အသက်ကယ် အကျၤ ီနဲ့ မြွေအန္တရာယ်ကို ကာကွယ် နိုင်မယ့် အသုံးအဆောင်တွေကိုပါ ယူသွားကြဖို့ သတိပေး တိုက်တွန်းလိုက်ပါတယ်။
(ဧရာဝတီ ဓာတ်ပုံသတင်းထောက် ဂျေပိုင်ကို သတင်းထောက် ထွန်းထွန်းက မေးမြန်းပြီး ပြန်လည်ရေးသားသည်)