ပဲခူးတိုင်း လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သည့် ရဲ ၂ ဦးအား တရားစွဲဆိုနိုင်ရန် ရှေ့နေကိုယ်စားလှယ် လွှဲစာ အချိန်မီ လုပ်ဆောင်မပေးခဲ့သည့် သာယာဝတီ အကျဉ်းထောင်မှ ဒု ညွှန်ကြားရေးမှူး ဦးဇော်စစ်အောင်ကို မြန်မာနိုင်ငံ လူ့အခွင့် အရေး ကော်မရှင်သို့ တိုင်ကြားမည် ဖြစ်ကြောင်း သိရသည်။
“ထောင်ပိုင်က ရှေ့နေကိုယ်စားလှယ် လွှဲစာကို လုပ်မပေးတော့ ကျနော်တို့ ခရိုင်ကိုတက်လို့ မရဘူး။ ဒါဟာ ရှေ့နေတွေအတွက် လူ့အခွင့်အရေး ဆုံးရှုံးတယ်။ ကျနော်တို့က ကိုယ်စားလှယ်စာကို သြဂုတ်လ ၁၁ ရက်နေ့ကတည်းက သွားတင်ထားတယ်။ အဲဒါကို အကြောင်းအမျိုးမျိုးပြပြီးတော့ ထောင်ပိုင် ဘယ်သွားနေလို့ ဘာလို့ညာလို့ဆိုပြီး မပေးဘူး။ အခု ရက်ပေါင်း ၃၀ ကျော်သွားပြီ ကိုယ်စား လှယ်စာ မရသေးဘူး။ ဒါကြောင့် အခွင့်အရေးဆုံးရှုံးတဲ့အတွက် လူ့အခွင့်အရေးကော်မရှင်ကို ဒီနေ့တိုင်ကြားမယ်။ အခုစာစီနေပါပြီ” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဧရာဝတီကို ယနေ့ပြောသည်။
လက်ပံတန်းကျောင်းသား အကြမ်းဖက် ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သည့် ရဲဝန်ထမ်း ၂ ဦးအား တရားစွဲဆိုမှုကို မြို့နယ်တရားရုံးက ပယ်ချခဲ့ပြီး ခရိုင်တရားရုံးသို့ ဆက်လက် တက်ရောက်နိုင်ရန်အတွက် သာယာဝတီ အကျဉ်းထောင် ဒု ညွှန်ကြားရေးမှူး၏ ထောက်ခံချက် ရယူရာတွင် သတ်မှတ်ရက်ပေါင်း ၃၀ အတွင်း အချိန်မီ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် ၎င်းကို လူ့အခွင့်အရေး ချိုဖောက်မှုနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားသွားမည် ဖြစ်သည်ဟုလည်း ဆိုသည်။
ယခုနှစ်မတ်လ ၁၀ ရက်က လက်ပံတန်းမြို့နယ်၌ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဆန္ဒပြနေသည့် ကျောင်းသားများကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့သည့် တာဝန်ရှိ ရဲဝန်ထမ်း ၂ဦးကို အရေးယူပေးရန် သာယာဝတီမြို့နယ် တရားရုံးသို့ တင်ပြခဲ့ရာ မြို့နယ်တရားရုံးက ထိုအမှုကို သြဂုတ်လ ၁၁ ရက်က ပယ်ချခဲ့ကြောင်း သိရသည်။
ထိုသို့ပယ်ချချက်ကို မကျေနပ်သဖြင့် ခရိုင်တရားရုံးသို့ ဆက်လက်လျှောက်တင်နိုင်ရန် သာယာဝတီ အကျဉ်းထောင် တာဝန်ရှိသူ ထံ မှ ကိုယ်စားလှယ်စာရယူရန် ကြိုးစားသော်လည်း သတ်မှတ်ရက်အတွင်း အချိန်မီ မရရှိခဲ့ကြောင်း ဦးရောဘတ်စန်းအောင်က ပြော သည်။
စက်တင်ဘာ ၁၅ ရက် ချိန်းဆိုထားသည့် လက်ပံတန်း ကျောင်းသားများ ရုံးချိန်းကို စက်တင်ဘာလ ၂၂ ရက်သို့ ဆက်လက် ရွှေ့ဆိုင်း လိုက်သည်။
လက်ပံတန်း ကျောင်းသားသပိတ် အတွင်း ဆန္ဒပြ ကျောင်းသားများနှင့် ဝန်းရံပြည်သူများ အပါအဝင် ၁၂၇ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒစစ်အောင် အပါအဝင် လူ ၆၀ ကျော်ကို ဖမ်းဆီးထားသေးကြောင်း သိရသည်။