စက်တင်ဘာလအတွင်းက အသက် ၁၇ နှစ် အရွယ်ကျောင်းသူတဦးကို သတ်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံခဲ့ရ သော မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးက ၎င်းတို့ကို ရနောင်းရဲအဖွဲ့က နှိပ်စက်ညှဉ်းပမ်း၍ ဖြောင့်ချက်ပေးခိုင်းခဲ့သည်ဟု ပြောဆိုကြောင်း ဘန်ကောက်ထုတ် Bangkok Post သတင်းစာက ရေးသားလိုက်သည်။
မိုးဇင်အောင် (၁၉နှစ်)၊ ဇော်လေး(၂၅နှစ်)၊ မန်ဆန်း(၂၀နှစ်) နှင့် ကျော်စိုးဝင်း (၁၈နှစ်) တို့က စက်တင်ဘာလ ၂၈ ရက်နေ့ ညတွင် Orawee Sampaotong ကို ရက်စက်စွာ ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်ဟု ရဲအဖွဲ့၏ ကြေညာချက်များအရ သိရသည်။
သို့သော် Bangkok Post နှင့် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရနောင်း အကျဉ်းထောင်တွင် တွေ့ဆုံသည့် အခါ ၎င်းတို့က Orawee Sampaotong ကို မသတ်ခဲ့ကြောင်း ပြောကြသည်။
“ရဲတွေက ကျနော်တို့ အဲဒီမိန်းကလေးကို သတ်တယ်လို့ စွပ်စွဲတယ်။ ကျနော်တို့က ငြင်းတဲ့အခါမှာ ကျနော်တို့ကို လည်ပင်းညှစ်တယ်။ လည်ပင်းကို ထိုးတယ်” ဟု အဖမ်းခံရသူ ၄ ဦး၏ကိုယ်စား ကျော်စိုးဝင်းက ပြောပြသည်။
ဖမ်းဆီးခံရသူများ၏ ဆွေမျိုးများ၊ ရှေ့နေများနှင့် တွေ့ဆုံမေးမြန်းမှုများအရ အောက်တိုဘာလ ၂၀ ရက်မှ ၂၄ ရက်အတွင်း ဖမ်းဆီးခံခဲ့ရသည့် သူတို့ ၄ ဦးကို နှိပ်စက်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ မျက်လုံးကို စည်းထားခြင်း၊ သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း၊ ခေါင်းကို ပလတ်စတစ်အိတ်ဖြင့် စွပ်ထားခြင်း နှင့် လိင်အင်္ဂါများကို ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
(လူသတ်မှုဖြစ်ပွားသည့်နေ့က အဖြစ်အပျက်များကို အချိန်အလိုက် ဖော်ပြထားခြင်းများလည်း ပါဝင်သည့်) လက်မှတ်ရေးထိုးထားသည့် ဖြောင့်ချက်ဆိုသည်မှာလည်း ထိုင်းရဲအဖွဲ့က ပြောသည့်အတိုင်း ရေးထားခြင်း ဖြစ်သည်ဟု ကျော်စိုးဝင်းက ပြောသည်။ သဘောတူ လက်ခံရန် အတင်းအကျပ် ဖိအားပေးသည့်အတွက် ကြောက်ရွံ့ပြီး လက်မှတ်ထိုး ပေးလိုက်ရခြင်းဟု သူက ဆိုသည်။
အမှုဖြစ်ပွားသည့်အချိန်တွင် ၎င်းတို့ ၄ဦး အခြားနေရာတွင် ရှိနေကြောင်း ပြသနိုင်မည်ဟု ယုံကြည်ရသည့် လုံခြုံရေး ကင်မရာ ၂ ခုမှ မှတ်တမ်းများ ပြန်လည်ရရှိရန် ရှေ့နေများက ဆောင်ရွက်နေကြသည်။ ဆေးစစ်ချက်တခုကလည်း ဖမ်းဆီးခံရသူ ၄ ဦး အနက်မှ ၃ ဦးသည် ရဲအချုပ်ခန်းတွင် ရှိနေစဉ်အတွင်း ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုရှိခဲ့ကြောင်း ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ဥပဒေအရ နှိပ်စက်ညှဉ်းပမ်း၍ ရရှိလာသော သက်သေအထောက်အထားကို ခွင့်မပြုပါ။
“ကျမတို့မှာ သူတို့ ၄ယောက် အပြစ်မရှိကြောင်း ပြသနိုင်တဲ့ သက်သေ အထောက်အထား ရှိတယ်လို့ ကျမယုံကြည်ပါတယ်” ဟု ယခုအမှုတွင် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ တဦးဖြစ်သည့် Kunanya Songsamuth က ပြောသည်။
နှိပ်စက်ညှဉ်းပန်း၍ ဖြောင့်ချက်ရယူခဲ့သည်ဆိုသော အချက်ကို တရားခွင်သို့ ရောက်သည့် အချိန်တွင် ခုခံချေပမှု၏ တစိတ်တပိုင်းအဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု Kunanya Songsamuth ကပြောသည်။ သူတို့ ဖမ်းဆီးခံရသည့် အချိန်နှင့် နှိပ်စက်ခံရကြောင်းပြောသည့် အချိန်ကြားမှ ကာလမှာ အလွန် တိုတောင်းကြောင်း၊ ထို့ကြောင့် သူတို့၏ တင်ပြမှုက ကျိုးကြောင်းဆီ လျော်မှုရှိသည်ဟု တရားရုံးက စဉ်းစားဖွယ်ရှိသည်ဟုလည်း သူက ဆိုသည်။
ဖမ်းဆီးခံရသူများ၏ ဥပဒေ အကျိုးဆောင်များမှာ သူတို့ထဲမှ ၂ ဦး၏ အသက်အရွယ်အတွက် အငြင်းပွားနေရသည်။ မြန်မာနိုင်ငံမှ ၎င်းတို့၏ အိမ်ထောင်စုစာရင်းများအရ အမှန်တကယ်အားဖြင့် မိုးဇင်အောင်က အသက် ၁၅ နှစ်နှင့် ကျော်စိုးဝင်းက အသက် ၁၄ နှစ်သာ ရှိသေးသည်ဟု ဆိုသည်။ အသက်လိမ်ထားခြင်းမှာ ငါးဖမ်းလုပ်ငန်းတွင် အလုပ်လုပ်နိုင်ရန်အတွက် ဖြစ်သည်ဟု ရှေ့နေများက ပြောသည်။ အကယ်၍ သူတို့က အသက် ၁၈ နှစ်အောက် ဖြစ်ခဲ့လျှင် ကလေးရာဇဝတ်သားများအဖြစ် စီစဉ်ဆောင်ရွက်ပေးသင့်သည်ဟု ရှေ့နေများက ဆိုသည်။
စုံစမ်းစစ်ဆေးရေး အရာရှိများထဲမှ တဦးဖြစ်သော ဒုရဲမှူးကြီး Wuttipon Dintong က အမှုနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြရန် ငြင်းဆန်ခဲ့သော်လည်း ဖမ်းဆီးခံရသူများကို နှိပ်စက်ခဲ့သည် ဆိုသော စွပ်စွဲမှုများကို ပယ်ချသွားခဲ့သည်။
ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်သော အမှုများနှင့် အကျွမ်းတဝင်ရှိသည့် ရှေ့နေများက ယခုအမှုသည် ယမန်နှစ်က လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် ၂ ဦး အသတ်ခံခဲ့ရသည့် အမှုနှင့် တူညီနေသည်ဟု ဆိုသည်။ မြန်မာရွှေ့ပြောင်းလုပ်သား ၂ ဦးကို လူသတ်မှုများဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်းသည် ကြားထဲက စတေးခံလိုက်ရခြင်း ဖြစ်သည်ဟု အများစုက ယူဆထားကြသည်။
သို့သော်လည်း လူသတ်မှု ကျူးလွန်ခဲ့ကြောင်း မြန်မာအလုပ်သမား ၂ယောက်က ဖြောင့်ချက် ပေးခဲ့ကြပြီး DNA နမူနာများ ကလည်း ၎င်းတို့နှင့် ဆက်နွယ်မှုရှိကြောင်း ဖော်ပြနေသည်ဟု ရဲအဖွဲ့က ဆိုသည်။ မြန်မာအလုပ်သမား ၂ ဦးကမူ ၎င်းတို့၏ ထွက်ဆိုချက်များကို ပြန်လည် ရုပ်သိမ်းခဲ့ပြီး ရဲတပ်ဖွဲ့က အတင်းအကျပ် ထွက်ဆိုခိုင်းခဲ့ခြင်း ဖြစ်ကြောင်းပြောကြသည်။ သူတို့ကို ကောစမွေ တရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သေဒဏ် ချမှတ်ခဲ့ပါသည်။
ယခု ရနောင်းမှ အမှုကို စုံစမ်းစစ်ဆေးရာတွင် ဦးဆောင်နေသော ရဲမှူးကြီး Cherdpong Chiewpreecha သည် လိပ်ကျွန်းအမှု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့ပြီး တရားရုံးတွင် သက်သေခံ ထွက်ဆိုခဲ့သူ တဦးလည်း ဖြစ်ကြောင်း Bangkok Post သတင်းစာက ရေးသားထားသည်။