ရှမ်းပြည်နယ် မြောက်ပိုင်း၊ ပလောင်(တအာင်း) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့တွင် နာရီပေါင်း ၁၆ နာရီကြာ မီးလောင် ကျွမ်းမှုကြောင့် အိမ်ခြေ ၃၀၀ ကျော် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်ဟု လားရှိုးမြို့နယ် မီးသတ် ဦးစီးဌာနက ဧရာဝတီသို့ ပြောသည်။
လားရှိုးမြို့နယ် မီးသတ် ဦးစီးဋ္ဌာနမှ တပ်ကြပ် စိုင်းစိုင်းက“မီးလောင်ကျွမ်းတာ မနေ့ နေ့လည် ၁နာရီကျော်က စတင် လောင် ကျွမ်းတာ။ ဒီနေ့ မနက် ၄နာရီမှာ မီးထိန်းနိုင်ခဲ့ပေမယ့် မနက် ၆နာရီမှ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှု အတိ အကျ မသိရသေးဘူး။ ဘယ်က စလောင်လဲဆိုတာကို စုံစမ်းနေတုန်း”ဟု ပြောသည်။
နမ့်ဆန်မြို့ မီးလောင်ကျွမ်းမှုကို အကူအညီပေးရန် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နမ္မတူ၊ ပြင်ဦးလွင်နှင့် မန္တလေးမြို့တို့မှ မီး သတ်ယာဉ် ၂၁ စီး သွားရောက် ကူညီခဲ့ကြောင်း၊ ယခုကဲ့သို့ အကြီးအကျယ် မီးလောင်ကျွမ်းမှုသည် ဒုတိယအကြိမ်ဖြစ်ပြီး အပျက်အစီး အများ ဆုံး ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနစ်ကလည်း နမ့်ဆန်မြို့တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။
နမ့်ဆန်မြို့ ပလောင်(တအာင်း) အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးအိုက်မုန်းက“အိမ်ခြေ ၅၀၀ကျော် လောင်ကျွမ်းသွားတယ်။ အိမ် ထဲမှာ ဘာမှ ရစရာ မရှိတော့ဘူး။ အကူအညီကတော့ အများကြီး လိုအပ်တယ်။ အိမ်ခြေ ၅၀၀ကျော် ဆိုတော့ လူဦးရေ တော်တော် များမယ်။ ကျနော်တို့လည်း စာရင်း အတိအကျ မသိရသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မီးဘေး ဒုက္ခသည်များကို ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ အစိုးရရုံးတချို့နှင့် စာသင်ကျောင်းများတွင် ထားရှိကြောင်း ဦးအိုက် မုန်းက ပြောသည်။
လက်ရှိ နမ့်ဆန်မြို့တွင် မီးများ၊ ဖုန်းများ ပြတ်တောက်လျက်ရှိကြောင်း စုံစမ်းသိရသည်။