သြဂုတ်လတွင် ကျင်းပမည့် အခြေခံဥပဒေသစ် ဆန္ဒခံယူပွဲ မကျင်းပမီ နိုင်ငံတလွှားတွင် လုံခြုံရေး ဌာနများ ဖွင့်လှစ်သွား မည်ဟု ထိုင်းနိုင်ငံ စစ်အစိုးရ၏ ပြောရေးဆိုခွင့် ရှိသူတဦးက ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံတွင် အခြေခံဥပဒေသစ်အတွက် မဲပေးရန်ပြင်ဆင်နေကြချိန်တွင် အဆိုပါ လုံခြုံရေး ဌာနများက ထိုင်းအစိုးရ၏ နောက်ဆုံး ဆောင်ရွက်ချက်တခု ဖြစ်သည်။ စစ်တပ်၏ သြဇာကို အမြစ်တွယ်စေလိမ့်မည်ဟု အခြေဥပဒေသစ်အပေါ် စိုး ရိမ်ဝေဖန်မှုများ ရှိနေသည်။
ထိုင်းနိုင်ငံအတွက် အကြိမ် ၂၀ မြောက်အခြေခံဥပဒေမူကြမ်းသည် ၂၀၁၄ ခုနှစ်တွင် စစ်ဗိုလ်ချုပ်ကြီးများ က အာဏာ သိမ်း ယူပြီးနောက် ဖျက်သိမ်းခဲ့သည့် အခြေခံဥပဒေ၏ နေရာတွင် အစားထိုးရန် အတွက် ဖြစ်သည်။ အရှေ့တောင် အာရှတွင် ဒု တိယမြောက် အကြီးဆုံး စီးပွားရေး ဖြစ်သည့် ထိုင်းနိုင်ငံတွင် တည်ငြိမ်မှု ရရှိစေရန် ကတိပြုထားသည်။
သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပရန်ရှိနေသည့် ဆန္ဒခံယူပွဲသည် စစ်အစိုးရအတွက် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် ၎င်းတို့၏ လူကြိုက်များမှုအပေါ် ပထမဆုံး စစ်မှန်သည့် စမ်းသပ်ချက်တခု ဖြစ်လာပါလိမ့်မည်။
ထိုင်းနိုင်ငံရှိ ခရိုင် ၇၆ ခုလုံး၌ ခရိုင် တခုလျှင် ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးဌာန (Center for Maintaining Peace and Order) တခုစီ ဖွင့်လှစ်သွားမည် ဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် ရုံး၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ပြည်သူများ မဲထည့်သည့် နေရာတွင် တနည်းမဟုတ် တနည်းဖြင့် လှည့်ဖျားခြင်း၊ သွေး ဆောင်ခြင်း၊ တိုက်တွန်းခြင်းများ မပြုလုပ်နိုင်စေရန် ဖြစ်သည် ဟုလည်း ပြောသည်။
အဆိုပါ လုံခြုံရေးဌာနများတွင် ထားရှိမည့် အဖွဲ့များကို ရဲအဖွဲ့၊ စစ်တပ်နှင့် အရပ်သား စေတနာ့ဝန်ထမ်းများ ဖြင့် ဖွဲ့စည်းသွား ရန် ခရိုင်အုပ်ချုပ်ရေးမှူးများက တာဝန်ယူရမည် ဖြစ်သည်။
ပြီးခဲ့သည့် လအတွင်းတွင် နိုင်ငံရေးတင်းမာမှုများ အရှိန်မြင့်တက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထောက်ခံသည့် ရှပ်နီများ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဌာန တခုကို ရဲအဖွဲ့က ပိတ်သိမ်းခဲ့သည်။
မဲမသမာမှုများကို ကာကွယ် တားဆီးရန်အတွက် စောင့်ကြည့်ရေး ဌာနများ လိုအပ်သည်ဟု ရှပ်နီများက ပြောကြသည်။ ရှပ်နီ လှုပ်ရှားမှု၏ ပြောရေးဆိုခွင့်ရှိသူက အစိုးရ၏ လုပ်ရပ်က တရားမျှတမှု မရှိဟုပြောသည်။
“ကျနော်တို့ရဲ့ စောင့်ကြည့်ရေးဌာနတွေကတော့ တည်ထောင်လို့ မရဘူး။ ဒါဆိုရင် စစ်အစိုးရက သူတို့ ဌာနတွေ တည်ထောင်တာကို ခွင့်ပြုသင့်သလား” ဟု ထနာဝတ်ဝီချိုင်ဒစ်က ရိုက်တာ သတင်းဌာနသို့ပြောသည်။
“စစ်အစိုးရက မဲဆန္ဒရှင်တွေကို မျက်စိပိတ်ထားပြီး သူတို့လိုချင်တဲ့ ပုံစံအတိုင်း မဲပေး အောင်လုပ်နေတယ်” ဟုလည်း သူက ဆိုသည်။
တချိန်တည်းတွင်ပင် နိုင်ငံရေးအရ ဩဇာရှိသော ဒီမိုကရက်ပါတီ၏ ခေါင်းဆောင် အဘီစစ် ဝီကျကျီဝက စစ်တပ်က ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပုဂ္ဂိုလ်ရေးအရ မထောက်ခံကြောင်း ဘန်ကောက်ရှိ ပါတီဌာနချုပ်တွင် ပြောဆိုလိုက်သည်။ ပါတီခေါင်းဆောင်များ စုရုံးစည်းဝေးခြင်းကို ခွင့်မပြုသေး၍ ပါတီ၏ သဘောထား မဟုတ်သေးကြောင်းလည်း ဆိုသည်။
စစ်တပ်က ရေးဆွဲထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ထိုင်းနိုင်ငံ ရင်ဆိုင်နေရသော အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ အကျင့်ပျက်ခြစားမှုနှင့် နိုင်ငံရေးပဋိပက္ခများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်ဟု သူ မထင်ကြောင်း ဆိုသည်။
အဆိုပြုထားသည့် အခြေခံဥပဒေ၌ လွှတ်တော်တွင် စစ်အစိုးရက ခန့်အပ်သည့် စစ်ဗိုလ်ချုပ်များအတွက် နေရာများ သတ်မှတ်ထားပြီး ၎င်းတို့က အသွင်ကူးပြောင်းရေးကာလ ၅ နှစ်အတွင်းတွင် ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ လုပ် ဆောင်မှုကို စောင့်ကြည့်ကြမည်ဖြစ်သည်။
ထို့ကြောင့် အဘီစစ်က အထက်လွှတ်တော် ၂၅၀ နေရာတွင် စစ်တပ်က ရွေးချယ်တင်မြှောက်မှုမှာ ဒီမိုကရေစီနည်းမကျကြောင်း ပြောပြီး ခြစားမှုတိုက်ဖျက်ရေး အခွင့်အာဏာမှာလည်း အပြန်အလှန်ထိန်းကျောင်းမှု မရှိကြောင်း ထောက်ပြခဲ့သည်။
ကိုးကား။ ။ Reuters, Bangkok Post