ကချင်ပြည်နယ် တနိုင်းမြို့နယ် ရဲစခန်းမှ မြစ်ကြီးနားမြို့ အကျဉ်းထောင်သို့ အကျဉ်းသား ၅၂ ဦးကို ပို့ဆောင်စဉ် နမ္မတီးမြို့နယ် အတွင်း ရှိ လက်ဝါးကျေးရွာ အကျော်တွင် အကျဉ်းသား ၁၁ ဦး ထွက်ပြေးမှု ဖြစ်ပွားကြောင်း စုံစမ်း သိရှိရသည်။
စီးနင်းလာသည့် မှန်လုံကားမှန်ကို ရိုက်ခွဲ၍ ထွက်ပြေး လွတ်မြောက်သွားသော အကျဉ်းသား ၁၁ ဦးတွင် ၆ ဦးကို နေ့ခြင်း ပြန်လည် ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်သည့် အကျဉ်းသား ၁ ဦးကို သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီး ရမိကာ ၅ ဦး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း တနိုင်းမြို့မ ရဲစခန်းက ပြောသည်။
သြဂုတ်လ ၂၀ ရက်နေ့က တနိုင်း ရဲစခန်း အချုပ်ခန်းတွင် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား စုစုပေါင်း ၅၂ ဦးကို မှန်လုံကား ၂ စီးဖြင့် မြစ်ကြီးနား အကျဉ်းထောင်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ မှန်လုံကား တစီးတွင် ၄၁ ဦးနှင့် နောက် တစီးတွင် ၁၁ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
ထို့နောက် အကျဉ်းသား ၄၁ ဦး သယ်ဆောင်ထားသည့် မှန်လုံကားတွင်းမှ အကျဉ်းသား ၁၁ ဦးသည် နမ္မတူမြို့နယ် လက်ဝါးကျေးရွာ အကျော် တနိုင်း- မြစ်ကြီးနား ကားလမ်းမပေါ်တွင် ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း တနိုင်းမြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအုပ် သန်းထွန်းက ပြောပြသည်။
“အဲဒီနေရာက မြန်မာပြည် ဟူးကောင်း ချိုင့်ဝှမ်း နေရာဆိုတော့ တောတွေ ထူထပ်တယ်။ သဘာ၀ ဘေးမဲ့တောတွေလဲ ရှိတော့ အကျဉ်းသားတွေက ဒါဆို အခွင့်ကောင်းယူပြီး ထွက်ပြေးတာ။ ထွက်ပြေးတဲ့ သူတွေက အမျိုးသားတွေပါ။ အဓိက မူးယစ် အမှုတွေနဲ့ အကျဉ်းချခံထားရတဲ့ သူတွေပါ။ တနိုင်း အချုပ်ခန်းနဲ့ မြစ်ကြီးနားထောင်က မနက်သွားရင် ညနေမှ ရောက်တာဆိုတော့ နေရာအရမ်းဝေးတယ်။ ဒါကြောင့် ပြစ်ဒဏ် ကျခံရပြီးသူတွေကို မြစ်ကြီးနားထောင်ကို စုပေါင်းပြီး ပို့ရတယ်” ဟုလည်း ရဲအုပ် သန်းထွန်းက ပြောသည်။
အဆိုပါ တရားခံပြေးများကို တပ်မတော် အပါအဝင် ဒေသခံ တာဝန်ရှိသူများကိုပါ အကူအညီ တောင်း၍ ဆက်လက် ရှာဖွေနေကြောင်းလည်း ၎င်းက ပြောပြသည်။
“အဲဒီနယ်မြေက ကေအိုင်အေ တပ်တွေကလဲ သွားလာနေတဲ့ နေရာဆိုတော့ လူအုပ်နဲ့ ရှာတဲ့အခါ ကျနော်တို့မှာ အခက်အခဲ ဖြစ်တယ်။ အခု တရားခံတွေ ရှာနိုင်ဖို့အတွက် ရပ်ကျေးက လူကြီးတွေနဲ့ တွေ့ဆုံရတယ်။ တရားခံပြေး ဖမ်းတာပါလို့ သေချာ ရှင်းပြရတယ်။ သူတို့ အကူအညီနဲ့ တောနင်းရှာရတယ်။ နောက်ပြီး စစ်တပ် အကူအညီလဲ ယူရတယ်။ အရပ်ဝတ်နဲ့ တမျိုး ရှာရတယ်။ လက်ရှိ အထိတော့ ကျန် ၅ ဦးကို ရှာနေဆဲပါ”ဟု ရဲအုပ် သန်းထွန်းက ပြောဆိုသည်။