မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၄ ဦး အောက်တိုဘာ ၂၅ ရက်နေ့တွင် ပြန်ပေးဆွဲခံရပြီးနောက် အသတ်ခံလိုက်ရကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ သိရသည်။
အသတ်ခံရသူ ၄ ဦးသည် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ရှိ Kelantan ပြည်နယ်၊ ကိုတာဘားရူးမြို့ (Kota Bharu) ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ် လုပ်နေသူများဖြစ်ကာ အောက်တိုဘာလ ၂၅ ရက်နေ့က ပြန်ပေးဆွဲ အသတ်ခံရခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အသတ်ခံရသူတွေဟာ တရားဝင် လာရောက် လုပ်ကိုင်နေသူတွေပါ၊ အဆောင်မှာ အတူနေပြီး လုပ်ကိုင်နေသူတွေ ဖြစ်ပြီးတော့ ပြဿနာတစုံတရာ မရှိဘဲ အသတ်ခံရတဲ့ သဘောပါ။ ရဲတွေရဲ့ စစ်ချက်အရတော့ အောက်တိုဘာလ ၂၅ ရက် နေ့ ည ၁၁ နာရီ လောက်မှာ ဖြစ်တာပါ” ဟု ဆိုသည်။
သေဆုံးသူများသည် အသက် ၂၀ အရွယ်မှ ၃၁ နှစ်အကြား ရှိပြီး ကိုမင်းဇော်လင်း၊ ကိုသက်နိုင်စိုး၊ ကိုသက်နိုင်ဝင်းနှင့် ကိုမောင်မောင်စိုး ဆိုသူတို့ ဖြစ်သည်။ ၎င်းတို့သည် မုံရွာမှ တဦး၊ တပ်ကုန်းမှ ၂ ဦးနှင့် ဧရာဝတီတိုင်းမှ တဦး ဖြစ်ကာ လူအုပ်စုတစုက လာရောက် ပြန်ပေးဆွဲပြီးနောက် သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့၏ ရုပ်အလောင်းများကို ဆေးရုံ၌ ထိန်းသိမ်းထားပြီး သင်္ဂြိုဟ်မည့် ကိစ္စများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရှိ မိဘများထံသို့ သံရုံးမှ ဆက်သွယ် ဆောင်ရွက်နေကြောင်း မြန်မာသံရုံးက ပြောသည်။
မြန်မာအလုပ်သမားများ သတ်ဖြတ်ခံရခြင်းသည် မည်သည့် အတွက်ကြောင့် အသတ်ခံရခြင်း၊ မည်သူမည်ဝါက သတ်ဖြတ်ခြင်း စသည် အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း သံရုံးတာဝန်ရှိသူက ဆိုသည်။
မလေးရှား၌ မြန်မာနိုင်ငံသားများ အသတ်ခံရသည့် ဖြစ်စဉ်တိုင်းတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ဆက်စပ်နိုင်ကြောင်း မလေးရှား အာဏာပိုင်များက သုံးသပ်ပြောဆိုလေ့ ရှိသည်ဟု မလေးရှားရောက် မြန်မာများက ပြောသည်။
အလားတူ မလေးရှားရောက် မြန်မာနိုင်ငံသားများသည် ယခုနှစ်များအတွင်း မကြာခဏ သတ်ဖြတ်ခံနေရပြီး၊ အများစုမှာ လူသတ် တရားခံအား ဖော်ထုတ်နိုင်ခြင်း မရှိကြောင်း မလေးရောက် မြန်မာများက ပြောသည်။
မြန်မာသံရုံးက ပြောဆိုရာတွင် ပြီးခဲ့သည့် နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် လူသတ်မှုတချို့၌ ဖမ်းဆီးခံရသည့် တရားခံများကို သေဒဏ်ပေးမှုများရှိကြောင်း ပြောဆိုသည်။