မြို့တွင်းသို့ ဝင်ရောက်ခြင်းကို စစ်တပ်က နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပိတ်ပင်လိုက်သောကြောင့် လောက်ကိုင်မှ ထွက်ပြေးလာသော အရပ်သား ထောင်ပေါင်းများစွာသည် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော် လားရှိုးမြို့ အဝင်ဝတွင် သောင်တင်နေသည်ဟု မြို့နေပြည်သူများနှင့် ထွက်ပြေးလာသူများက ပြောသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က လောက်ကိုင်မှ ရွှေ့ပြောင်းလုပ်သားများ ထွက်ခွာရန် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ခွင့်ပြုလိုက်သောအခါ လားရှိုးမှ စစ်ကောင်စီအရာရှိများသည် ရွှေ့ပြောင်းလုပ်သားများ လားရှိုးသို့ ဝင်ရောက်ခြင်းကို မပိတ်ပင်သလို စစ်ဆေးမေးမြန်းခြင်းလည်း မရှိပေ။
၎င်းတို့ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ မြို့တွင်းသို့ ဝင်ခွင့်ပြုသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အရာရာ ပြောင်းလဲသွားသည်။ လောက်ကိုင်မှ လားရှိုးသို့ ထွက်ပြေးလာသူများ အသုံးပြုသည့် လမ်းများအားလုံးကို စစ်ကောင်စီတပ်များက ပိတ်လိုက်သည်။
မည်သည့်အတွက် ပိတ်ဆို့သည်ကို မပြောသော်လည်း လုံခြုံရေးအရ မြို့ကို ပိတ်ဆို့ခြင်းဖြစ်ကြောင်း လားရှိုးဒေသခံများနှင့် မြို့တွင်းဝင်ရောက်ရန် ကြိုးစားသူများက ဧရာဝတီသတင်းဌာနသို့ ပြောသည်။
“လားရှိုးဒေသခံတွေကိုပဲ စစ်တပ်က မြို့ထဲဝင်ခွင့်ပြုတယ်” ဟု လားရှိုးမြို့စွန် ကျေးရွာတခုအနီးတွင် စစ်ဘေးရှောင်များကို ကူညီနေသည့် စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
“လောက်ကိုင်က ထွက်ပြေးလားသူ အများစုက မြန်မာနိုင်ငံ အနှံ့အပြားက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တယ်။ ဒါကြောင့် သူတို့တွေ မြို့ထဲဝင်လို့ရအောင် ကူညီပေးမယ့်ဆွေမျိုး မရှိကြဘူး” ဟုလည်း အဆိုပါ စေတနာ့ဝန်ထမ်းက ရှင်းပြသည်။
ယနေ့တွင် လားရှိုးသို့ ဝင်ရောက်ရန် ကြိုးစားနေသူ ထောင်ပေါင်းများစွာသည် မြို့ပြင်မှ နေရာ သုံးခုတွင် သောင်တင်နေသည်။ လားရှိုးမြို့ရှောင်လမ်းမှ အေးရှားဝေါလ် လမ်းအသုံးပြုခ ကောက်ခံသောဂိတ်၊ လားရှိုး-မိုင်းယော်လမ်း ဟိုပိတ်ကျေးရွာအနီး အေးရှားဝေါလ် လမ်းအသုံးပြုခ ကောက်ခံသောဂိတ်နှင့် အမှတ် ၆၈ ခြေလျင်တပ်ရင်းအနီး ကျဉ်းမြောင်းသောလမ်းမှ လမ်းအသုံးပြုခ ကောက်ခံသောဂိတ်တို့တွင် ရွှေ့ပြောင်းလုပ်သားများ သောင်တင်နေသည်။
အများစုသည် မကွေး၊ မန္တလေး၊ ရန်ကုန်နှင့် စစ်ကိုင်းတိုင်းတို့မှဖြစ်ပြီး ထိုဒေသကို ကျွမ်းကျင်ခြင်း မရှိကြောင်း ဧရာဝတီသတင်းဌာနက တွေ့ဆုံမေးမြန်းခဲ့သူများနှင့် လောက်ကိုင်မှ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာကို ကူညီနေသည့် စေတနာ့ဝန်ထမ်းများက ပြောသည်။
ထွက်ပြေးလာသူများတွင် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် ကလေးများလည်း ပါဝင်သည်။ နိုဝင်ဘာလ ၂၉ ရက်နေ့ညတွင် ၎င်းတို့သည် လမ်းမများတွင် စောင်မပါဘဲ အိပ်နေကြရသည်။ လားရှိုးမြို့ခံများနှင့် စေတနာ့ဝန်ထမ်းများက ၎င်းတို့တတ်နိုင်သမျှ ကူညီနေသော်လည်း အစားအစာနှင့် အခြားအဓိကပစ္စည်းများ မလုံမလောက်ဖြစ်နေသည်။
မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ် ကျေးရွာတခုသို့ ပြန်လာရန် ကြိုးစားနေသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီးတဦးက “အနီးအနားရွာတွေက ဘုန်းကြီးကျောင်းတွေနဲ့ ရွာသားတွေက အိပ်ဖို့နေရာပေးပြီး အစားအသောက်ပေးပေမယ့် လူတွေက ထောင်ချီနေတော့ ဒုက္ခရောက်နေကြတယ်” ဟု ပြောသည်။
လောက်ကိုင်မှ ထွက်ပြေးလာပြီးနောက် လူထောင်ပေါင်းများစွာသည် မအိပ်ရသေးကြောင်းလည်း ၎င်းက ပြောသည်။
ထိုသူများသည် အိမ်ပြန်လိုကြသော်လည်း ၎င်းတို့ကို ပြန်လည် ပို့ဆောင်ပေးမည့် ဘတ်စ်ကားများသည် လားရှိုးတွင်သာ ရှိသောကြောင့် လားရှိုးသို့ ဝင်ရောက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း အဆိုပါ အမျိုးသမီးက ရှင်းပြသည်။
“စစ်တပ်က ကျမတို့ကို မြို့ထဲ အဝင်မခံဘူး။ ကျမတို့ ဘာလုပ်ရမှာလဲ။ အိမ်အထိ လမ်းလျှောက်ပြန်ရမှာလား” ဟု ၎င်းက မေးသည်။
စစ်ကောင်စီတပ်များသည် လုံခြုံရေးအတွက် လားရှိုးသို့ ထွက်ပြေးလာသူ ထောင်ပေါင်းများစွာကို ပိတ်ဆို့ထားစဉ် ယခုအပတ် အစောပိုင်းက မြို့တွင်း ဝင်ရောက်နိုင်သူများလည်း မတူညီသည့် အခက်အခဲကို ရင်ဆိုင်ရသည်။
ဟိုတယ်များနှင့် တည်းခိုခန်းများတွင် အခန်းလွတ် မကျန်တော့ပေ။ ဘုန်းကြီးကျောင်းများတွင်ပင် နေရာလွတ် မရှိတော့ပေ။ ထို့အပြင် စစ်ကောင်စီတပ်များသည် ဘေးကင်းရာသို့ ထွက်ပြေးလာသည့် ပြည်သူများကို ရှာဖွေစစ်ဆေးပြီး လောက်ကိုင်တွင် ၎င်းတို့ လပေါင်း၊ နှစ်ပေါင်းများစွာ စုဆောင်းထားသည့် ငွေများ၊ အများအားဖြင့် တရုတ်ယွမ်ငွေများကို လုယက်နေသည်။
“ကျနော်တို့ရဲ့ ကျောပိုးအိတ်တွေ၊ အထုပ်အပိုးတွေ၊ ပိုက်ဆံအိတ်တွေကို သူတို့စစ်ဆေးပြီး ယွမ် တွေ့ရင် ကျနော်တို့ တရားမဝင်ဘူးဆိုပြီး အဲဒီငွေတွေကို ယူတယ်” ဟု စစ်ကောင်စီတပ်က လုယက်မှုကို ခံရသူတဦးက ပြောသည်။
အမှတ် ၆၈ ခြေလျင်တပ်ရင်အနီးဂိတ်တွင် စစ်သားများသည် သေနတ်များကို မိုးပေါ်ပစ်ဖောက်ပြီး ယနေ့နံနက်တွင် လူစုခွဲရန်ပြောကြောင်း အိမ်ပြန်ရန် ကြိုးပမ်းနေသူတဦးက ပြောသည်။
“ဒီနေ့ နေ့လယ် အေးရှားဝေါလ် လမ်းအသုံးပြုခ ကောက်ခံရေးစခန်းနား လားရှိုးမြို့ရှောင်လမ်းမှာ G1 (စစ်ဦးစီးမှူး ပထမတန်း) က စစ်သားတွေနဲ့ လူစုခွဲရင်း လူအုပ်ထဲက လူတချို့ကို ရိုက်နှက်တယ်။ လူစုခွဲခံရတဲ့လူတွေက လမ်းမမှာ ဒီအတိုင်းထိုင်နေကြတာ” ဟု လားရှိုးအခြေစိုက် စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
လားရှိုးသည် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဖြစ်သည်။ စစ်ကောင်စီသည် လားရှိုးတွင် ၁၀၂၇ စစ်ဆင်ရေး အစောပိုင်းရက်များတွင်ပင် တိုက်ရိုက်ခြိမ်းခြောက်ခံနေရသည်။ ညီနောင်မဟာမိတ်များက အောက်တိုဘာလ ၂၇ ရက်နေ့တွင်စတင်သည့် ထိုထိုးစစ်သည် လားရှိုးအရှေ့ဘက် စစ်ကောင်စီစခန်းအချို့ကို ကျဆုံးစေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar IDPs Stranded by Junta Troops in Northern Shan State Face a Long Walk Home ကို ဘာသာပြန်သည်။)
You may also like these stories:
လားရှိုးရှိ မိုင်းကျက်စစ်စခန်းကို TNLA သိမ်းပိုက်
လားရှိုးမြို့ပေါ်က စစ်ကောင်စီ စစ်တပ်စခန်းတွေ မြောက်ပိုင်းမဟာမိတ် ဝင်တိုက်
လောက်ကိုင်- လားရှိုးလမ်း တိုက်ပွဲကြောင့် ပိတ်လိုက်ရ