စစ်ကိုင်းတိုင်း မုံရွာခရိုင်ရှိ လက်ပံတောင်းဒေသခံ တောင်သူများ တောင်းဆိုသည့် သီးနှံလျော်ကြေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် လက်ပံတောင်းဒေသခံတောင်သူများအကြား မနေ့က ညှိနှိုင်း ရာ သဘောတူညီမရရှိသေးကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လက်ပံတောင်းကြေးနီစီမံကိန်းတစ်ဝိုက်ရှိ ဒေသခံများသည် ဖေဖော်ဝါရီ လ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဝမ်ပေါင် ကုမဏီဘက်မှ သီးနှံလျော်ကြေး ပမာဏတခုဖြင့် အပြီးသတ်ရှင်းပေးရန်၊ အခြားမြေနေရာ တွင် ဝယ်ယူပေးရန် ဆွေးနွေးပြီး၊ ဒေသခံများက သီးနှံလျော်ကြေးကို နှစ်စဉ် ပေးရန်အတွက် တောင်းဆိုမှုအပေါ် လက်တ လော တိတိ ကျကျ အဖြေမထွက်သေးကြောင်း ဆားလင်းကြီးမြို့ နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာသိန်းနိုင် ပြောသည်။
“ဒေသခံတွေဘက်က သူတို့မြေတွေအတွက် နှစ်ပေါင်း ၆၀ သူတို့ဆီက ငှားရမ်းတယ်ဆိုပြီး စာချုပ်ချုပ်ပြီး နှစ်စဉ် လျော်ကြေး၊ မြေငှားခသဘောမျိုး ပေးစေချင်တယ်။ ဒါက ရုတ်တရက် မပြတ်နိုင်ဘူး။ ဘာကြောင့်ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပုဒ်မ ၃၇ (က) တို့ ဘာတို့ပေါ့။ နိုင်ငံတော်လေထု၊ မြေထု၊ ရေထုကို နိုင်ငံတော်ပဲ ပိုင်တယ်ဆိုတော့။ အဲဒါက မပြတ်နိုင်ဘူး”ဟု ၎င်းက ရှင်းပြသည်။
အခြေခံဥပဒေအရ နိုင်ငံတော်၏ မြေဟူသမျှသည် နိုင်ငံတော်ပိုင်ဟု သတ်မှတ်ထားပြီး လက်ရှိစီမံကိန်းသည် အစိုးရနှင့် ဖက်စပ်လုပ်သည့် စီမံကိန်းဖြစ်ခြင်းကြောင့် ဒေသခံများ တောင်းဆိုချက်မှာ ရရှိရန် ခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။
ဆည်တည်းကျေးရွာတောင်သူ ဒေါ်ရီဝင်းကလည်း “အဆင်မပြေခဲ့ဘူး။ ဝန်ကြီးချုပ်ကလည်း ပေးတော့ ပေးချင် တယ်။ ဒါပေမယ့် ဝမ်ပေါင်နဲ့ ဆွေးနွေးကြည့်ဦးမယ် လို့ပြောတယ်”ဟု ပြောသည်။
ဒေသခံများဘက်က လက်တလောတွင် နှစ်စဉ်သီးနှံလျော်ကြေးပေးရန် သို့မဟုတ် နှစ် ၆၀ စာ တွက်ချက်ပြီး လျော်ကြေးပေးရန်နှင့် လက်တလော နှစ် ၆၀ စာ လျော်ကြေးမပေးနိုင်သေးလျှင် ပြီးခဲ့သည့် ၅ နှစ်တာအတွက် လျော်ကြေးကို ဦးစွာပေးရန် တောင်းဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
“သီးနှံနစ်နာကြေးက စီမံကိန်း သက်တမ်းကာလအထိ တောင်းဆိုတာပဲ။ မဖြစ်နိုင်သေးရင်တော့ ၂၀၁၂ ကတည်းက ပါသွားတဲ့ လုပ်မစားရတဲ့ မြေတွေအတွက် သီးနှံနစ်နာကြေး ၊ ၅ နှစ်စာအတွက် တစ်ဧက ကို တစ်နှစ်ကို ၇ သိန်းနှုန်းပေးပါလို့ တောင်းဆိုခဲ့တယ်”ဟု ဒေါ်ရီဝင်းက ဆက်ရှင်းပြသည်။
ထိုသို့ သဘောတူညီမှု မရသည့်အတွက် နှစ်ဘက် ညှိနှိုင်းမှုများ ဆက်လက် ပြုလုပ်ရဦးမည်ဟုသိ ရသည်။
လက်ပံတောင်းကြေးနီထုတ်လုပ်ရေး စီမံကိန်းအတွက် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်ရှိ ဝက်မှေး၊ ဆည်တည်း၊ ဆီးတော၊ ကံတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ ကျောက်ဖြူနိုင်၊ တုံရွာ၊ ဖောင်းကားတောင်၊ ပလောင်၊ ကူးတို့ကုန်း စသည့် ကျေးရွာအများအပြားမှ လယ်ယာဧက ၇၈၆၈ဒသမ၇၈ ဧက သိမ်းဆည်းခံခဲ့ရပြီး လယ်ယာမြေများ သာမက စီမံကိန်းနှင့် မလွတ်သော ကျေးရွာများပါ ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကော်ပိုရေးရှင်း၊ တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင်ကုမဏီတို့က ၂၀၁၀ ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။