ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း နေပြည်တော်သို့ သွားရောက်ပြီးနောက် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့် တရုတ်ကျောထောက်နောက်ခံပြု ပိုက်လိုင်းများကို စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု အများအပြား ဖြစ်ပွားခဲ့သည်။
မစ္စတာ ချင်ကန်းသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပြီးခဲ့သည့် မေလ ၂ ရက်နေ့က ဆွေးနွေးပြီး ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံသည့် ပထမဆုံး တရုတ်အဆင့်မြင့်အရာရှိ ဖြစ်လာသည်။ မစ္စတာ ချင်ကန်း၏ ခရီးစဉ်သည် တရုတ်နှင့်မြန်မာအကြား ချစ်ကြည်ရင်းနှီးမှုကိုသာမက နိုင်ငံတကာဇာတ်ခုံတွင် တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကိုလည်း ပြသသည်ဟု စစ်ကောင်စီ ကြေညာချက်တစောင်က ဖော်ပြသည်။
မစ္စတာ ချင်ကန်းသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေကိုလည်း ထိုနေ့တွင်ပင် တွေ့ဆုံသည်။ ဦးသန်းရွှေက တရုတ်နှင့်မြန်မာတို့သည် ကာလကြာရှည်ပြီဖြစ်သော “ပေါက်ဖော်” ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားကာ ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုအကျိုးရှိသော ရလဒ်များ ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်းပြောသည်ဟု တရုတ်နိုင်ငံပိုင် တရုတ်ရေဒီယို အင်တာနေရှင်နယ် (CRI) က ဖော်ပြသည်။
ထိုခရီးစဉ်နောက်ပိုင်းတွင် စစ်ကောင်စီကို ထောက်ခံမှု ရပ်ဆိုင်းရန် ဘေဂျင်းကို တောင်းဆိုသည့် တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားသည်။
မစ္စတာ ချင်ကန်း လာရောက်လည်ပတ်ပြီး နှစ်ရက်ကြာသောအခါ ဘေဂျင်းနှင့် စစ်ကောင်စီ ထိတွေ့ဆက်ဆံမှုကို ဆန့်ကျင်သည့်အနေဖြင့် တရုတ်ကျောထောက်နောက်ခံပြု ကြေးနီမိုင်း တည်ရှိရာ လက်ပံတောင်းတောင်မှ ဒေသခံများက တရုတ်အလံကို မီးရှို့ပြီး ကန့်ကွက်ကြသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များမှ ဒေသခံများကလည်း အလားတူ ဆန္ဒပြပွဲကို မေလ ၉ ရက်နေ့တွင် ပြုလုပ်ပြီး တရုတ်သည် မြန်မာစစ်ကောင်စီက ကျူးလွန်သည့် အရပ်သားများကို ရက်စက်ကြမ်းကြုတ်မှုများတွင် ကြံရာပါဖြစ်သည်ဟု ပြောသည်။
ထိုသို့သော ဆန္ဒပြပွဲများသည် ပြည်ပသို့လည်း ပျံ့နှံ့ပြီး အဝေးရောက်မြန်မာများသည် မေလ ၁၀ ရက်နေ့တွင် လန်ဒန်ရှိ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြကြသည်။ “စစ်ကောင်စီက ကျနော်တို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်တာကို တရုတ်က ကူညီနေတယ်”၊ “စစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်း”၊ “အကြမ်းဖက်သမားတွေကို ထောက်ခံမှုရပ်”၊ “တရုတ်တွေ မြန်မာက ထွက်သွား”၊ “မြန်မာ့အရေးမှာ တရုတ်က ဝင်မစွက်ဖက်နဲ့”၊ “မြန်မာ့သယံဇာတတွေက တရုတ်အတွက် မဟုတ်ဘူး” စသည့် စာတန်းများကို ကိုင်ဆောင်ထားကြသည်။
လွန်ခဲ့သောအပတ်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် အမေရိကန် ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကိုနှင့် မြန်မာမှ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်နှင့် မန္တလေးသို့လည်း ပျံ့နှံ့သွားပြီး ဆန္ဒပြသူများက တရုတ်အလံများ၊ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးတို့၏ ဓာတ်ပုံများကို မီးရှို့ကြသည်။
“ဖက်ဆစ်ရာဇဝတ်ကောင်တွေကို ထောက်ခံပြီး မြန်မာပြည်သူများကို တရုတ်က သတ်ဖြတ်ခြင်း ချက်ခြင်းရပ်”၊ “မြန်မာပြည်သူတွေရဲ့အသံကို တရုတ် လေးစားဖို့လို”၊ “ဖက်ဆစ်ရာဇဝတ်သားကို ထောက်ခံမှု ချက်ချင်းရပ်” စသည့် စာတန်းများကိုလည်း ၎င်းတို့ကိုင်ဆောင်ထားကြသည်။
စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ ကွန်ရက်ဖြစ်သော အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကလည်း တကမ္ဘာလုံးမှ တရုတ်လူမှုအသိုက်အဝန်းသို့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပြီး တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို ထောက်ခံမှု ရပ်ဆိုင်းရန်နှင့် မြန်မာပြည်သူများကို စာနာရန် တိုက်တွန်းသည်။
“တရုတ်အစိုးရက စစ်ကောင်စီကို ထောက်ခံပြီး စစ်ကောင်စီနဲ့ လူသိရှင်ကြား ရပ်တည်နေသမျှ ကာလပတ်လုံး တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို မြန်မာမှာသာမက အဝေးရောက်မြန်မာတွေနဲ့ တခြားနိုင်ငံတွေမှာပါ ဆက်လက်ပြုလုပ်မယ်။ ကျမတို့ ဆန္ဒပြပွဲတွေကို အရှိန်မြှင့်တင်မယ်” ဟု GSCB အဖွဲ့ဝင် တဦးဖြစ်သူ ရို့စ်က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်နောက်ပိုင်းတွင် တရုတ်ကျောထောက်နောက်ခံပြု ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု သုံးခု ဖြစ်ပွားသည်။ မေလ ၇ ရက်နေ့တွင် နွားထိုးကြီး ပြောက်ကျားတပ်ဖွဲ့က မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ရှိ ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းမှ ပေးပို့ရေးစခန်းကို စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်များကို တိုက်ခိုက်သည်။
ခုခံတော်လှန်ရေး အင်အားစုများသည် မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းနှင့် တောင်သာမှ ဓာတ်ငွေ့ပိုက်လိုင်းကို စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်များကိုလည်း မေလ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် အသီးသီးတိုက်ခိုက်ခဲ့သည်။
ထိုသို့ ကန့်ကွက်မှုများ ရှိနေသော်လည်း တရုတ်သည် စစ်ကောင်စီနှင့် အရှိန်မြှင့် ထိတွေ့ဆက်ဆံနေသည်။ လွန်ခဲ့သောအပတ်တွင် မြန်မာသည် တရုတ်ပို့ကုန် ပြပွဲတခုကို နေပြည်တော်တွင် ပြုလုပ်ပြီး ကုန်သည် ၃၀၀ ခန့် တက်ရောက်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Anti-China Sentiment Surges in Myanmar With Wave of Protests and Attacks ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်
မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်
ချင်ကန်းခရီးစဉ်က မြန်မာတွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ပြန်လည်မီးမွှေး
မြန်မာစစ်တပ် တရုတ်ဆီက မုန့်ယူမလား တုတ်ယူမလား
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
ဦးသန်းရွှေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပွဲထုတ်လာ