သတင်း

ဒေါ်ထုမေ ၏ ANP ပါတီမှ နုတ်ထွက်စာ ပယ်ချခံရ

Want create site? Find Free WordPress Themes and plugins.

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေ ၏ ရခိုင် အမျိုးသား ပါတီ (ANP) ပါတီမှ နုတ်ထွက်စာ ပယ်ချခံရကြောင်း သိရသည်။

ထိုသို့ ပယ်ချခြင်းသည် ပါတီ ဖွဲ့စည်းပုံ ပုဒ်မ ၆၅ နှင့် ငြိစွန်းခြင်းကြောင့် ဖြစ်သည်ဟု ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်၌ ပြောကြားသည်။

ဒေါ်ထုမေသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်က ANP မှ နုတ်ထွက်ကြောင်း စာတင်ခဲ့ရာ ANP ပါတီက ပြည်ထောင်စု အဆင့် လွှတ်တော် ကိုယ်စားလှယ် လစာ၏ ၁၅ ရာခိုင်နှုန်း ပြန်လည် ထည့်သွင်းရန် ဆိုသော ပုဒ်မ ၆၅ ပါ အချက်ကို လိုက်နာခြင်း မရှိသောကြောင့် ပယ်ချခြင်းဖြစ်သည်ဟု ဆိုသည်။

ဒေါ်ထုမေသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ANP ပါတီ ကိုယ်စားပြု၍ ရမ်းဗြဲမြို့နယ်နှင့် အမ်းမြို့နယ်တို့မှ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီသို့ ၂၀၀၆ ခုနှစ်မှ စတင် ဝင်ရောက်ခဲ့ကြောင်း၊ ရခိုင်ပါတီ ၂ ခု ပူးပေါင်းသည့်အခါ ANP ပါတီဝင် ဖြစ်လာခဲ့ကြောင်း သိရသည်။

“ပါတီဝင်ဖြစ်စဉ် တစုံတရာ ရှင်းလင်းရန် ရှိပါက ထိုကိစ္စ ရှင်းလင်းပြီးမှသာ နုတ်ထွက်ခွင့် ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါ တယ်” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

၂၀၁၅ ဒီဇင်ဘာလ ၅ ရက်နေ့ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဗဟို ကော်မတီ ရွေးချယ်ခံ ကိုယ်စား လှယ် များ တက်ရောက်သော ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် အမှတ် ၅ (ဂ)၊ (၁) တွင် ဝန်ကြီးအဆင့် အထက် ၂၀ ရာခိုင်နှုန်း၊ ပြည်ထောင်စုအမတ် ၁၅ရာခိုင်နှုန်း၊ ပြည်နယ် အမတ် ၁၀ ရာခိုင်နှုန်း ပါတီကို ထောက်ပံ့ ထည့်သွင်းရမည်ဟု ဆုံးဖြတ်ထားကြောင်း ဦးထွန်းအောင်ကျော်က ပြောသည်။

ဒေါ်ထုမေသည် တလစာသာ ထည့်ဝင်သေး၍ ရှင်းလင်းစရာများ ကျန်ရှိနေသောကြောင့် ပါတီစည်းကမ်း ထိန်းသိမ်းရေးက ခေါ်ထားကြောင်း၊ ပါတီဖွဲ့စည်းပုံ ပုဒ်မ ၂၆ တွင် အထက်အဖွဲ့အစည်းက ညွန်ကြားသည့်မူများ၊ လမ်းညွန်ချက်များကို အောက် အဖွဲ့များက လေးစား လိုက်နာရမည် ဖြစ်ကြောင်း၊ ပုဒ်မ ၆၅ တွင် ပါတီဝင် တယောက်သည် ပါတီဝင်အဖြစ်မှ လွတ်လပ်စွာ နုတ်ထွက်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်ဟုလည်း ၎င်းက ဆိုသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေသည် လစာ တလ ကျပ် ၁၀ သိန်း ရရှိနေပြီး လွှတ်တော် တက်ရောက် သည့်နေ့များတွင် တရက် ကျပ် ၂ သောင်းနှုန်း ထောက်ပံ့ငွေ ရရှိသေးကြောင်း သိရသည်။

ဒေါ်ထုမေက “ပါတီက နုတ်ထုတ်ခြင်းက ဖြေရှင်းဖို့ မရှိဘူး။ ဖြေရှင်းဖို့မလိုဘူး ထင်လို့ပါ။ ALD နဲ့ RNDP (ရခိုင် တိုင်းရင်း သား များ တိုးတက်ရေး ပါတီ) ပေါင်းပြီးတော့ ANP ဖြစ်လာတာ။ အဲဒီအချိန်မှာ ၂/၂၀၁၇ ကို သူတို့က ထုတ်ပြန်ခဲ့တယ်။ UNA (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မဟာမိတ်အဖွဲ့) နဲ့ မဟာမိတ်က ရပ်ဆိုင်းတယ် ဆိုပြီးတော့ပေါ့။ အဲဒီမှာ ကျမတို့ ALD က လူကြီးတွေနဲ့ အဆင်မပြေတော့ဘူး။ ဒါနဲ့ ကျမ ALD မိခင်ပါတီကို ပြန်သွားခဲ့တယ်။ ဒီတော့ ပေးစရာ မလိုဘူး” ဟု ပြောသည်။

နိုင်ငံတော်က ချီးမြှင့်သည့်ငွေကို ရခိုင်လူငယ် ၁၀ ဦး ပညာသင်ကြားရန် ထောက်ပံ့ပေးနေ၍ ပေးရမည် ဆိုသည့် ၁၅ ရာခိုင် နှုန်း ထက်ပင် ကျော်လွန်နေကြောင်း၊ လက်ရှိတွင် Htoot May Youth and Educational Foundation ထူထောင် ထား ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ANP ကို ၂၀၁၄ ခုနှစ်တွင် RNDP နှင့် ALD တို့ ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် RNDP က ၂/၂၀၁၇ ကြေညာချက် ထုတ်ပြန်ကာ ALD ပါတီဖြင့် UNA နှင့် မဟာမိတ်ဆက်ဆံရေး ပြတ်တောက် ၍ RNDP ၏ မဟာမိတ်ဖြစ်သော NBF ဖြင့်သာ ဆက်လက် လက်တွဲသွားမည်ဟု ဆိုခဲ့ခြင်းကြောင့် မူဝါဒ ပိုင်း ဆိုင်ရာ သဘောထားများ ကွဲလွဲခဲ့ကြသည်။

ထို့နောက် ALD မှ ခေါင်းဆောင်များသည် ANP မှ နုတ်ထွက်ခဲ့ကြပြီး ပါတီမှတ်ပုံတင်ခြင်းများ ပြန်လည် ပြုလုပ်ခဲ့ကာ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ALD ပါတီအဖြစ် ပါတီတည်ထောင်ခွင့် ပြုခဲ့ကြောင်း ပြန်လည် အကြောင်းကြားခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading