ရာသီတုပ်ကွေးရောဂါ(H1N1)နှင့် ပတ်သက်၍ လတ်တလောတွင် အရေးပေါ်အခြေအနေ အဆင့် ကြေညာရန် မလိုအပ်သေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယနေ့လွှတ်တော်အစည်းအဝေး အပြီးတွင် ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “အခုက ဖြစ်ရိုးဖြစ်စဉ်ထက် နည်းနည်းလေး ပိုတဲ့အဆင့်ပဲရှိသေးတယ်၊ အဆင့်သတ်မှတ်လို့ မရသေးပါဘူး၊အရေးပေါ်ကြေညာရင်လည်း ကြေညာချင်တိုင်း ကြေညာလို့မရပါဘူး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို အကြောင်းကြားရပါတယ်၊ ကြေညာသင့်၊ မသင့်ကို ပြန်ကြည့်ရပါတယ်”ဟု ပြောသည်။
ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ အဆင့်သတ်မှတ်ချက် ၁ မှ ၆ အထိရှိသော်လည်း လက်ရှိအခြေအနေသည် အဆင့်သတ်မှတ်၍ မရသေးသော်လည်း ရောဂါပိုမိုပြန့်ပွားလွယ်သည့် လူကြပ်သောဘတ်စ်ကားများပေါ်တွင် အထူးဂရုစိုက်ကြရန် ဝန်ကြီးကတိုက်တွန်းသည်။
ဖြစ်ပွားသူနှင့် သေဆုံးသူ ဦးရေတိုးနေသည့် ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm 09 ဖြစ်ပွားမှုသည် ထိန်းချုပ်နေဆဲ အဆင့်တွင်သာ ရှိနေသေးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ဧရာဝတီသို့ ပြောသည်။
“အခုက ထိန်းချုပ်နေဆဲကာလပါ။ အခက်အခဲကတော့ အကုန်လုံးလူတွေ ညွှန်ကြားမှုတွေကို လိုက်နာဖို့ အားလုံး ဝိုင်းပြီးတော့ ဆောင်ရွက်မှ ပြီးမှာပါ။”ဟု ၎င်းက ဆိုသည်။
အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုသည်နှင့် မီဒီယာများကို အသိပေးမည်ဖြစ်ပြီး လက်ရှိအခြေအနေတွင် ကြိုးစားနေဆဲ အဆင့်ဖြစ်ကြောင်း အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် အမျိုးသားရေး ပြဿနာတစ်ရပ်အနေဖြင့် လူတိုင်းလူတိုင်းက ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဒေါက်တာသန်းထွန်းအောင်က တိုက်တွန်းသည်။
ရောဂါဖြစ်ပွားမှုအခြေအနေများအပေါ် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ကျန်း မာရေးအဖွ့ဲချုပ်(WHO)သို့ အသေး စိတ်အစီအရင်ခံစာ တစောင်ကို ဇူလိုင် ၂၆ ရက်နေ့ကပေးပို့ထားပြီး ဆေးဝါးဆိုင်ရာအကူအညီများလည်း တောင်းခံထားကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စာရင်းများအရ ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ နေ့လည် ၂နာရီအထိ စာရင်းများအရ ပြင်းထန်အသက်ရူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေသော လူနာ ၄၀၉ ဦးတွင် H1N1 Positive လူနာ ၁၅၄ ဦး နှင့် သေဆုံးသူ ၁၆ ဦးအထိရှိပြီး ဖြစ်ကြောင်း သိရသည်။
ယခုဖြစ်ပွားနေသော ရာသီတုပ်ကွေး (H1N1) ရောဂါပိုးအား ဂျပန်နိုင်ငံရှိ (National Institute of Infectious Disease) ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ စစ်ဆေးခဲ့ရာ ကြက်ငှက်တုပ်ကွေးရောဂါ (H5N1)နှင့် မျိုးရိုးဗီဇ ပေါင်းစပ်မှု မရှိကြောင်း နှင့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည့် ရောဂါများကို ကုသသည့် ဆေးများအား ၉၅ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ တုံ့ပြန်မှု ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် အရသိရသည်။
H1N1 ပွားမှုနှင့်ပတ်သက်၍ အသိပညာပေးမှုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ် ရန် အစိုးရအားတိုက်တွန်းကြောင်းအဆိုကို ပြီးခဲ့သည့်သြဂုတ်လ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေး၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာတွင် အဆိုမှာရှုံးနိမ့်ခဲ့ပြီး မှတ်တမ်းအဖြစ်သာထားရှိခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – H1N1 ပိုးတွေ့ လူနာ ၈ ဦးတိုး၊ ကလေးတဦး ထပ်မံသေဆုံး
သဇင်လှိုင် ပူးပေါင်းရေးသားသည်။