ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ်ပိုး ကူးစက်ခံရ၍ မြောက်ဥက္ကလာပ ဝေဘာဂီ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူခဲ့ရသော ဖျာပုံခရိုင် ဆေးရုံအုပ်ကြီးသည် ရောဂါသက်သာ ပျောက်ကင်းသွားပြီဖြစ်၍ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း ဝေဘာဂီ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးအေးအောင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖျာပုံဆေးရုံအုပ်ကြီးသည် သြဂုတ်လ ၃ ရက်နေ့ တွင် ဝေဘာဂီဆေးရုံသို့ ရောက်ရှိလာပြီး သြဂုတ်လ ၈ ရက်နေ့၌ ဆေးရုံမှ ဆင်းသွားပြီ ဖြစ်သည်။
“နေကောင်းလို့ ဆေးရုံက ဆင်းသွားတာပါ ။ အလုပ်ထဲတောင် ပြန်ဝင်နေပါပြီ။ ရောဂါက အရှင်းပျောက်သွားတာပါ” ဟု ဝေဘာဂီ ဆေးရုံအုပ် ဒေါက်တာအေးအေးအောင်က ဧရာဝတီသို့ ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့ရှိ ခုတင် ၂၀၀ ဆံ့ ဆေးရုံအုပ်ကြီး ဒေါက်တာစိန်စိန်သည် ဇူလိုင်လနောက်ဆုံးပတ်မှ စတင် ဖျားနာခဲ့ပြီး ရန်ကုန်မြို့တွင် တက်ရောက် စစ်ဆေးမှုပြုလုပ်ခဲ့ရာ H1N1 ရောဂါပိုး ကူးစက်ခံရကြောင်း သိရှိခဲ့သဖြင့် သြဂုတ်လ ၃ ရက်နေ့ နံနက်တွင် ဝေဘာဂီဆေးရုံသို့ ရောက်ရှိလာကာ ကုသမှုခံယူခဲ့ရကြောင်း သိရသည်။
H1N1 ကို ကပ်ရောဂါအသွင် သတ်မှတ်ပြီး ထိန်းချုပ်မှုများ ပြုလုပ်သွားမည်ဖြစ်ကာ အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုသည်နှင့် တရားဝင် အသိပေးမည်ဖြစ်ပြီး လက်ရှိတွင် ကြိုးစားနေဆဲ အဆင့်သာဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က သြဂုတ်လ ၆ ရက်နေ့က ပြုလုပ်သည့် ရာသီတုပ်ကွေးရောဂါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ကြေညာခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ မှ ယနေ့အချိန်အထိ H1N1 ရောဂါပိုး တွေ့ရှိမှုနှင့် သေဆုံးမှုနှုန်းမှာ ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။