တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် တာလီမြို့တွင် တပ်မတော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIO) တို့မှ အကြီးအကဲများအကြား သြဂုတ်လ ၅ ရက်က သီးသန့် တွေ့ဆုံခဲ့ကြသော်လည်း ရလဒ်ကို အများပြည်သူ သိရှိရန် ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ပေ။
ဆွေးနွေးပွဲကို တရုတ်အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန်၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် တွေ့ဆုံရန် စီစဉ်ခဲ့ကြခြင်း ဖြစ်ပြီး နှစ်ဘက်တွေ့ဆုံပွဲတွင် တပ်မတော်ဘက်မှ ကာကွယ်ရေးဝန် ကြီးဌာန အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ KIO ဘက်မှ KIA/KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဗိုလ်ချုပ်ဂွန်မော်တို့ တက်ရောက် သည်ဟု သိရသည်။
ဧရာဝတီမှ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူများနှင့် KIO/KIA ၏ ပြောရေးဆိုခွင့် ရှိသူများကိုဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဖြေဆိုခြင်းမရှိပါ။ သို့သော် နိုင်ငံရေးအသိုင်းအဝိုင်းတွင် တပ်မတော်နှင့် KIO ဆွေးနွေးပွဲ ပျက်သွားသည် ဟူသည့် သတင်းများ ထွက်ပေါ်နေသည်။
KIO နှင့် နီးစပ်သည့် သတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ ဆွေးနွေးပွဲအစတွင် တပ်မတော်ဘက်မှ ဒို့တာဝန် အရေးသုံးပါးကို လက်ခံမှသာ ရှေ့ဆက်ဆွေးနွေးမည်ဟု ပြောဆိုသဖြင့် KIA/KIO ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးခြင်း မရှိတော့ဘဲ ဆွေးနွေးပွဲကိုရပ်တန့်် လိုက်သည်ဟု ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီ အစုအဖွဲ့ဝင် ဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကလည်း တပ်မတော်နှင့် KIO တို့၏ အစည်းအဝေးပြေလည်မှု မရှိကြောင်း ကြားသိထားသည်ဟုပြောသည်။
ဒေါက်တာတူးဂျာ က “အခုကအားလုံး ကြားနေကြတာပဲ။ တပ်မတော်က အချက် ၃ ချက်ကို KIO ဘက်က လက်ခံလား။ လက်ခံရင် ဆက်ဆွေးနွေးမယ်။ လက်မခံရင် ဆက်ဆွေးနွေးစရာမလိုဘူးပေါ့။ အဲ့လိုပြောတော့ KIO ဘက်က ခေါင်းဆောင် တွေက လက်ခံတယ် လက်မခံဘူး အဖြေမပေးပဲ ထပြန်သွားတယ်လို့ သတင်း ကြားရတယ်”ဟုပြောသည်။
တပ်မတော်နှင့် KIO အကြား ယုံကြည်မှု အပြန်အလှန် တည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများကို မကြာခဏ ပြုလုပ်ရန် လိုအပ်သည်ဟုလည်း ဒေါက်တာတူးဂျာက ပြောသည်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ဆွေးနွေးပွဲနှင့် ပတ်သတ်၍ မေးမြန်းရာ ၎င်းက “တပ်မတော်နဲ့ တွေ့တာက တပ်မတော်ဘက် မေးတာကောင်းမယ်။ တပ်မတော်ဘက်နဲ့ KIO ဘက်ကိုမေးတာကောင်းမယ်”ဟုပြောသည်။
အစိုးရဘက်မှ သတင်းစကား ပါးလိုက်သည်များ ရှိမရှိမေးမြန်းရာ ဦးဇော်ဌေးက တွေ့ဆုံမှုမှ တပ်နှင့် သီးသန့် တွေ့ခြင်းဖြစ်ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စများဆွေးနွေးခြင်းသာ ဖြစ်သည်ဟုပြောသည်။
KIO က ဆွေးနွေးပွဲတွင် မြေပြင်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်ဆိုင်းနိုင်ရေး၊ ယခင် ၂၀၁၃ ခုနှစ် မေလ ၃၀ နှင့် အောက်တိုဘာ လ ၁၀ ရက်တို့တွင် တပ်မတော်နှင့် ချုပ်ဆိုထားသည့် သဘောတူညီမှုများကို ဆက်လက် ထိန်းသိမ်းရေး ဆွေးနွေးရန် နှင့် ကချင်ပြည်နယ်တွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ အရေးကို ဆွေးနွေးကြရန် ပြင်ဆင်ထားခဲ့သည်ဟု သိရသည်။
သို့သော် ဆွေးနွေးပွဲ အစတွင် မပြေလည်မှုများ ဖြစ်သဖြင့် ဆွေးနွေးနိုင်ခြင်းမရှိခဲ့ဟု KIO နှင့် နီးစပ်သူကဆိုသည်။
၂၀၁၃ ခုနှစ်တွင် ချုပ်ဆိုထားသည့် သဘောတူစာချုပ်များကိုလည်း တပ်မတော်ဘက်က ချိုးဖောက်ထားသဖြင့် ယခုအခါ ဆွေးနွေးမှုများ ပြန်လည်လုပ်ဆောင်ရာတွင် KIO ဘက်မှ တပ်မတော် အပေါ် ယုံကြည်မှု နည်းပါးနေကြောင်း၊ ယုံကြည်မှု မရှိသည်ကို ကျော်ဖြတ်ရန် နှစ်ဦးနှစ်ဖက်မှ လုပ်ဆောင်သင့်ကြောင်း ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) ဦးဆန်အောင်ကပြောသည်။
ဦးဆန်အောင်က “အဲ့ မူဝါဒ (ဒို့တာဝန်အရေးသုံးပါး) က ခဏခဏပြောနေတာ။ အရင်ကလည်း ထပ်ခါထပ်ခါ ပြောပြီးသား။ ဒီလိုလုပ်တာက တဖက်ကမယုံကြည်အောင် လုပ်တာနဲ့ အတူတူပဲ ။ အရင်တုန်းကလည်း ဒါကဆွေးနွေးပြီးသား လက်ခံပြီးသား ပါပြီးသားကို အခုထပ်ခါထပ်ခါ ထပ်ပြောနေတော့ ဒါကယုံကြည်စရာလား ။ ထောင်ချောက်တခုလားဆိုတဲ့ စိုးရိမ်ချက်တွေက ရှိလာကြတယ်ဗျ”ဟုပြောသည်။
အစိုးရ၊ တပ်မတော်နှင့် KIO သည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် သဘောတူညီထားသည့် အချက်များမှာ အစိုးရနှင့် KIO တို့ နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊ ပစ်ခတ်တိုက်ခိုက်မှုများ လျော့ပြီးတိုက်ပွဲများထပ်မဖြစ်စေရန် ၊ နှစ်ဖက် ကိုယ်စားလှယ်များ ပါသည့် စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ရန်၊ စစ်ဘေးရှောင်များ နေရပ်ပြန်ရေး ဆောင်ရွက်ရန်၊ တပ်နေရာချထားမှုများ ဆက်ညှိနှိုင်းရန်နှင့် KIO ကိုယ်စားလှယ် အလုပ်အဖွဲ့ များကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် တို့ ဖြစ်သည် ။
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင်လည်း ထိုအချက်များကို အကျယ်တဝင့် ထပ်မံဆွေးနွေးပြီးတိုက်ပွဲများ မဖြစ်ရေး၊ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းကာ မြေပြင်တွင် ပဋိပက္ခများ ဖြစ်ပွားပါကဖြေရှင်းခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ယခင်ကဆောင်ရွက် ထားသည့် ယန္တယားများရပ်တန့်သွားပြီး ၂၀၁၆ ခုနှစ်မှ ဝိုင်းမော်မြို့နယ်နှင့် တနိုင်းမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားပြီး စစ်ဘေးရှောင် ဒုက္ခသည်များလည်း တထောင်ကျော် တိုးလာခဲ့သည်။
စစ်ရှိန်မြင့်တက်နေသော်လည်း အစိုးရနှင့် KIO တို့၏ ဆွေးနွေးမှုများလည်းရပ်တန့် သွားခဲ့သည်။
KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် တို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် ကလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာလီမြို့တွင် တွေ့ဆုံကာက ချင်ပြည်နယ် အတွင်းစစ်ရှိန် လျော့ချ နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
r
ထိုဆွေးနွေးပွဲတွင်လည်း စစ်ရှိန်လျော့ချရေးနှင့် ပတ်သတ်၍ ခိုင်မာသည့် အဖြေတစုံတရာ ထွက်ခဲ့ခြင်း မရှိဘဲ KIA ၏ တပ်မဟာ ၅၊ ၆၊ ၇၊ ၈ တို့ကို ထပ်မံအသစ်တိုးချဲ့သည့် တပ်မဟာများဖြစ်သဖြင့် ဖျက်သိမ်းပေးရန် နှင့် တချို့တပ်မဟာများသည် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သဖြင့် ကချင်ပြည်နယ်တွင်းသို့ ရွှေ့ပြောင်းပေးရန် တပ်မတော်က ဆွေးနွေးထားသည်။
ထိုဆွေးနွေးပွဲပြီးနောက် ဖေဖော်ဝါရီလ ၇ ရက်တွင် အုပ်ချုပ်ရေးယန္တယား လိုအပ်ချက် အရဟုဆိုကာ KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မဟာ ၉ နှင့် တပ်မဟာ ၁၀ ကိုအသစ် ထပ်မံတိုးချဲ့ ဖွဲ့စည်းခဲ့သည်။
KIA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီမှုစာချုပ် (NCA) ကိုလက်မှတ်ရေးထိုးထားခြင်းမရှိပါ။
KIA သည် ၂၀၁၇ ခုနှစ် ၊ ဖေဖော်ဝါရီလက မြောက်ပိုင်းနှင့် တရုတ်- မြန်မာနယ်စပ် အခြေစိုက် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် ပူးပေါင်းကာ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) ကို ဖွဲ့စည်းထားသည်။
အစိုးရနှင့် တပ်မတော်တို့က KIA ကို NCA ရေးထိုးရန် ပြောဆိုလျက် ရှိပြီး KIA ကမူ FPNCC က ရေးဆွဲထားသည့် အပစ်ရပ် စာချုပ် ကိုသာ လက်မှတ်ထိုးပြီး FPNCC မှ တောင်းဆိုထားသည့် နိုင်ငံရေးစာတမ်းကိုဆွေးနွေးလိုသည်ဟု ဇူလိုင်လ က ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ရာစု ပင်လုံတတိယ အစည်းအဝေးတွင် ပြောဆိုထားသည်။