မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများကို သုံးသပ်ရာ၌ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အပေါ် မူတည်နေသော်လည်း ဖြစ်သမျှကိစ္စတိုင်း ၎င်းတွင်ပင် တာဝန်ရှိသည်ဟု ပုံချနေ၍ မရကြောင်း ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ နန္ဒာ လှမြင့်က ပြောသည်။
တိုင်းပြည်၏ လက်ရှိ အခြေအနေ နိုင်ငံရေး ကံကြမ္မာသည် အစိုးရအဖွဲ့ဆိုသည်ထက် ဒေါ်အောင်ဆန်း စုကြည် အပေါ်တွင် မူတည်နေပြီး ယခုနောက်ပိုင်း သူမ၏ နိုင်ငံတကာ အခမ်းအနားများတွင် ပြော ကြားသည့် မိန့်ခွန်းများကို လေ့လာကြည့်သည့်အခါ နိုင်ငံအတွင်း တကယ် ဖြစ်ပျက်နေသည့် ပကတိ အခြေအနေများနှင့် ကွဲလွဲနေသည်ကို တွေ့ရကြောင်း ၎င်းက ဧရာဝတီသို့ ပြောသည်။
“ဖြစ်သမျှကိစ္စတိုင်းဟာ သူ့ (ဒေါ်အောင်ဆန်းစုကြည်)မှာပဲ တာဝန်ရှိတယ်လို့ ပုံချလို့ မရဘူး။ အဓိက ကတော့ Team Work အား ကောင်းဖို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရဲ့ ခေါင်းဆောင် ဖြစ်တယ်။ နိုင်ငံကို ကိုယ်စားပြုပြီး ဆုံးဖြတ်ချက်တွေ ချပြီး သွားလာလုပ်ကိုင်နေရတဲ့ အချိန်မှာ မှန်ကန်တဲ့ သတင်းအချက်အလက်နဲ့ အခြေအနေမှန်တွေ ကို သူသိဖို့ လိုတယ်”ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
လက်ရှိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏အဖွဲ့အစည်းတို့သည် ၎င်းတို့ရရှိနေသည့် သတင်းအချက် အလက်များကို သေချာစဉ်းစားခြင်း၊ သုံးသပ်ခြင်းများ လိုအပ်နေပြီဟု ထင်ကြောင်း၊ နိုင်ငံတည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုး တိုးတက်ရန် ဆိုသည့် ကိစ္စ မှာ အစိုးရတရပ်ထဲမှာတင် တာဝန် သာမက နိုင်ငံရေး အင်အားစုများ၊ အင်စတီကျူးရှင်း များနှင့် State Holder များ အားလုံးတွင် တာဝန်ရှိကြောင်း ကြံ့ခိုင်ရေး ခေါင်းဆောင်များက ပြောသည်။
ဒေါက်တာ နန္ဒာလှမြင့်က “ကျနော်တို့က ဘာစိုးရိမ်လဲဆိုတော့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် က ဦးနေဝင်းနဲ့ သူ့အဖွဲ့ပုံစံမျိုး ဖြစ်လာမှာကို စိတ်ပူတယ်။ လူကြီးကြိုက်အောင် လူကြီးအဆူခံရမှာ ဆိုးလို့ လူကြီး စိတ်ချမ်းသာအောင် ဆိုပြီးတော့မှ နိုင်ငံမှာ ဖြစ်နေတဲ့ အချက်အလက် သတင်းအမှန် တွေကို မပြောဘဲနဲ့ လူကြီး စိတ်ချမ်းသာအောင်ပဲ ပြောတဲ့အခါကျတော့ နောက်ဆုံး လူကြီး သိလိုက်တဲ့ အချိန်မှာ တိုင်းပြည်က မရတော့ဘူး။ ပြည်သူလူထုက ပေါက်ကွဲ သွားပြီ”ဟု ဆိုသည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပြောခွင့်ရသူ ဒေါက်တာ မျိုးညွှန့်ကမူ ဒေါ်အောင် ဆန်းစုကြည်ထံသို့ စိတ်ချ ယုံကြည်ရသည့် သတင်းအမှန်များကို ပုံမှန်ပေးပို့လျက်ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့က အုပ်ချုပ်ရေးနဲ့ ပါတီကျတော့ တိုက်ရိုက် ဆက်ဆံလို့ မရဘူးခင်ဗျ။ ကျနော်တို့ ကြားခံ က အုပ်ချုပ်ရေး မှာလည်း တာဝန်ယူတယ်။ ပါတီမှာလည်း တာဝန်ရှိတဲ့ ဒေါက်တာ ဇော်မြင့်မောင် ကနေ တဆင့် ပို့ပါတယ်။ ဆရာဇော်ကနေ တဆင့် ပို့တဲ့ သတင်းတွေကတော့ အချက်အလက် အမှန် တွေပါပဲ”ဟု ၎င်းက ပြောသည်။
၎င်းတို့ အစိုးရသည် ၂နှစ်ခွဲကာအတွင်း အောင်မြင်မှု တချို့ ရှိခဲ့ပြီး လတ်တလောတွင် မသိမသာ ဖြစ် နေရကြောင်း၊ အားနည်းချက်မှာ အုပ်ချုပ်ရေး အတွေ့အကြုံ မရှိချိန်တွင် စနစ်ဟောင်းနှင့် အသားကျ နေသည့် အုပ်ချုပ်ရေး ယန္တရားကို ပြုပြင်ရာတွင် အခက်အခဲရှိ နေကြောင်း၊ တိုင်းနှင့် ပြည်နယ် အစိုးရ အဖွဲ့များမှာလည်း အလုပ်ကြိုးစားသော်လည်း လုပ်ပိုင်ခွင့် နားမလည်သည့် ပြဿနာတချို့ ရှိနေ ကြောင်း ဆိုသည်။
ရန်ကုန်မြို့ မှ သတင်းစာဆရာ ဦးသီဟသွေးက တိုင်းပြည်ကို ဦးဆောင်ရာတွင် နောက်လိုက်ကြောင့် ဖြစ်စေ၊ သတင်း အချက်အလက်များ မမှန်၍ ဖြစ်စေ၊ အလိမ်မခံရရန် ဆောင်ရွက်ရမည်မှာ ဒေါ်အောင် ဆန်းစုကြည်၏ တာဝန်ဖြစ်ကြောင်း၊ ဖြစ်သမျှအကြောင်း သိနိုင်ခွင့် ရှိရန် လုပ်ဆောင်ရမည် မှာလည်း သူ၏ တာဝန်သာ ဖြစ်ကြောင်း ပြောသည်။
“နောက်ဆုံးကျတော့ ခေါင်းဆောင်လုပ်တယ်ဆိုတာ အန်တီ ကိုယ်တိုင်လည်း အမြဲတန်း ပြောပါတယ်။ တာဝန်ခံ ရတာပဲ။ မသိလိုက်လို့ပဲ ဖြစ်ဖြစ်၊ သူ မကိုင်တွယ်နိုင်လို့ပဲ ဖြစ်ဖြစ် ခေါင်းဆောင်ကတော့ တာဝန်ခံရမှာပဲ။ အောက်ခြေ မှာ ဘယ်လို အကြောင်းရင်းတွေပဲ ရှိနေပါစေ နောက်ဆုံး ကောက်ချက်က တော့ သူတာဝန်ယူရမှာပဲ”ဟု ဦးသီဟသွေး က ပြောသည်။
၎င်းက ဆက်၍ “မည်သို့ပင် ဆိုစေကာမူ ပြဿနာ ရှိတာတော့ အမှန်ပဲ။ ပြီးတော့ ဘယ်လောက်အထိ ဆောင်ရွက် ပြီးပြီလဲ ဆိုတာ ကို Review လုပ်တာ မရှိဘူး။ အဲဒါကြောင့် အောင်မြင်တယ်။ မအောင်မြင်ဘူးဆိုတာကို မသိဘူး။ ဒီ ၂ နှစ်ခွဲ အတွင်းမှာ တိတိကျကျ ဘယ်ဟာကတော့ ဘယ်လို အောင်မြင်တယ်လို့ ပြောဖို့ ခက်နေတာ အဲဒီ ပြဿနာပဲလို့ ကျနော် မြင်တာပေါ့နော်”ဟု ဆိုသည်။
တိုင်းပြည်တွင် ပြည်သူများသည် နိုင်ငံရေး အပြောင်းအလဲထက် စီးပွားရေး အပြောင်းအလဲကို ပို၍ လိုအပ်နေချိန်တွင် အစိုးရ ခေါင်းဆောင်ပိုင်းက နိုင်ငံရေး အပြောင်းအလဲကို အားသန်နေကြောင်း၊ လူမှန်နေရာမှန် ရွေးချယ်နိုင်ရေးမှာ လည်း တချို့နေရာများမှာ ရွေးကောက်ပွဲ အနိုင်ရသူကိုသာ ခန့်အပ်နိုင်ခြင်း ဖြစ်၍ နိုင်ငံရေးအရပါ အခက်အခဲများ ရှိနေကြောင်း မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောသည်။
“ကျနော်တို့ အားလုံးကလည်း Oxford ကျောင်းဆင်းတွေ၊ ဟားဗတ် ကျောင်းဆင်းတွေမှ မဟုတ်ကျတာကိုး။ အဲတော့ တတ်သလောက် မှတ်သလောက် လုပ်ကြတဲ့အခါမှာ ကမ္ဘာက ပြောင်းလဲနေတာဟာကို မလိုက်နိုင်တဲ့ အခြေအနေ ဖြစ်နေတယ်။ ကျနော်တို့က မဆလခေတ်၊ နဝတခေတ်မှာ ပညာသင်ခဲ့ရတဲ့ အတွေ့အကြုံလောက်နဲ့ လှုပ်ရှားကြရ တာကိုး။ အဲဒီမှာ အမှားတွေ ဖြစ်ကုန်တာ။ ကမ္ဘာ့အခြေအနေနဲ့ မျက်ခြေပြတ်ပြီးတော့လေ”ဟု မင်္ဂလာဒုံမြို့နယ် NLD ပါတီဝင်လည်း ဖြစ်သူ ၎င်းက ပြောသည်။
လက်ရှိ အချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရသည် ၂၀၁၅ ရွေးကောက်ပွဲ ဝင်စဉ်က ပေးထားသည့် ကတိကဝတ်များ ဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ တရားဥပဒေ စိုးမိုးရေး တို့မှာ ပြည်သူမျှော်လင့်ထားသည့် အဆင့်မျိုးအထိ မဆောင်ရွက်နိုင်မီ တဖက်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ကလည်း စိန်ခေါ်လျက် ရှိနေသည်။
“ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်က အရမ်းမြင့်နေတယ်။ ၂၀၁၅ တုန်းက ထောက် ခံမှုအားကို ကျနော်တို့ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီ ၂ နှစ်ခွဲကာလမှာ နိုင်ငံတကာရဲ့ထောက်ခံမှု ကျဆင်းလာတာကို တွေ့ရတယ်။ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေလည်း ကျဆင်းလာတာကို တွေ့ရတယ်”ဟု ကြံ့ခိုင်ရေးပါတီမှ တာဝန် ရှိသူ တဦးဖြစ်သူ ဒေါက်တာ နန္ဒာလှမြင့်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်၊ အခြား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေး အင်အားစုများ၊ အမျိုး သားရေး အင်အား စုများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ရန် လိုအပ်နေပြီး အစိုးရ၏ လုပ်ငန်းစဉ်များတွင် ယင်းအဖွဲ့ များ ပူးပေါင်း ပါဝင်မှသာ တိုင်းပြည် ရှင်သန်အောင်မြင်လိ့မ်မည်ဟု ကြံ့ခိုင်ရေးပါတီက ပြောသည်။
“မဟုတ်ဘူးဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ သူ့ရဲ့ အဖွဲ့ နဲ့ ကြားထဲမှာ Gap က အရမ်းကြီး နေတယ် ဆိုရင် ဦးနေဝင်းလို ဒီမိုကရေစီ အာဏာရှင်မျိုး ဖြစ်သွားပြီးတော့မှ တိုင်းပြည် ဒုက္ခရောက်မှာတော့ စိုးရိမ်စရာ ကောင်းတယ်လို့ မြင်တယ်”ဟု ဒေါက်တာ နန္ဒာလှမြင့်က ပြောဆိုခဲ့သည်။