ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံသို့ ပေးထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို ပြန်လည်ရုပ်သိမ်းပါက အထည်ချုပ်လုပ်ငန်းကဏ္ဍ တခုတည်းပင် အမေရိကန်ဒေါ်လာ ဘီလီယံနှင့် ချီ၍ ဝင်ငွေဆုံးရှုံးနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ထံမှ သိရသည်။
အောက်တိုဘာ ၂၈ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် EU ၏ ကုန်သွယ်မှု အခွင့်အရေး စိစစ်လေ့လာရေးအဖွဲ့ (EU EBA Monitoring Mission)သည် အလုပ်သမားအဖွဲ့များ၊ အထည်ချုပ် လုပ်ငန်းရှင်များ၊ ဖိနပ်ချုပ်လုပ်ငန်းရှင် များ၊ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ လူ့အခွင့် အရေး အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် အောက်တိုဘာ ၃၀ရက် တွင် လုပ်ငန်းရှင်များက UMFCCI တွင် သတင်းစာရှင်းပွဲ လုပ်ခဲ့သည်။
UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “ကျမတို့ စိန်ခေါ်မှုကို ကြုံတွေ့နေ ပါပြီ။ ကျမတို့ အခြေ အနေက၊ ဒီကနေပြီးတော့ အများကြီး ပြန့်ထွက်မယ့်အခြေအနေလေ။ ကောင်းသွားမလား၊ ဆိုးသွားမလားတော့ စောင့်ကြည့်ရတာပေါ့” ဟု ပြောသည်။
EU မှ ပေးထားသည့် GSP ကြောင့် အထည်ချုပ်လုပ်ငန်းတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင် ရောက်လာပြီး ဝင်ငွေ လည်း သိသာစွာ တိုးတက်နေချိန်ဖြစ်သည့် အတွက် ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
အထည်ချုပ်လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် ပတ်သက်ပြီး ဒေါ်ခိုင်ခိုင်နွယ်က “ဒီနှုန်းအတိုင်းသာ တိုးတက်နေရင် ၂၀၁၈ ခုနှစ်ကုန်ပိုင်းမှာ ၃ ဘီလီယံ ကျော်သွားနိုင်တယ်။ EU ကို တင်ပို့တာဟာ၂၀၁၈ နှစ်လယ်မှာ အထည်ချုပ်ရဲ့ ၄၇ ရာခိုင်နှုန်း ရှိနေတယ်။ ဒီနှုန်းအတိုင်းသာတက်သွားရင် ၂၀၁၉ မှာ ၆၀ ရာခိုင်နှုန်းက EU ကို တင်ပို့နိုင်မယ့် အခြေအနေမှာ မဖြစ်သင့် တာမဖြစ်အောင် ကြိုးစားရမယ်” ဟု ဆိုသည်။
EU သို့ တင်ပို့နေသည့် မြန်မာ့ကုန်ပစ္စည်းများတွင် အထည်ချုပ်ကဏ္ဍမှ အများဆုံးဖြစ်ပြီး တင်ပို့ကုန် စုစုပေါင်း၏ ၇၂ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ၉ ရာခိုင်နှုန်း၊ ဖိနပ်နှင့် ဦးထုပ်ချုပ် လုပ်ငန်းမှ ၆ ရာခိုင်နှုန်း ရှိကာ မကြာမီတွင် သားငါးတင်ပို့မှုကို EU က လက်ခံတော့မည်ဖြစ်ကြောင်း UMFCCI ၏ အချက် အလက်များအရ သိရသည်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးကလည်း “အထည်ချုပ်လုပ်ငန်းရဲ့ လုပ်သားက ၅ သိန်းရှိ တယ်။ EU ကို ပို့တဲ့ ကုန်ထုတ်စွမ်းအားက ၇၀ ရာခိုင်နှုန်း ရှိတယ်ဆိုရင် ၃ သိန်းခွဲ ရှိတယ်။ ရပ်တည်လို့မရရင် အဲဒီစက်ရုံ တွေ မရှိတော့ရင် အလုပ်လက်မဲ့ဆိုတဲ့ ကိစ္စတွေ ဖြစ်လာနိုင်တယ်” ဟု ပြောသည်။
EU အနေဖြင့် ၂၀၁၃ ခုနှစ်မှစကာ မြန်မာနိုင်ငံအား အခွန်ကင်းလွတ်ခွင့်ရှိသည့် ကုန်သွယ်မှု အထူး အခွင့်အရေး (GSP) ကို ပေးထားခြင်း ဖြစ်သည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် ကိစ္စရပ်များ အပေါ် အခြေခံကာ မြန်မာနိုင်ငံကို ပေးအပ် ထားသည့် ကုန်သွယ် မှု ဆိုင်ရာ အထူးအခွင့်အရေး (GSP) ကို ပြန်လည် ရုပ်သိမ်းရန် ဥရောပ သမဂ္ဂ က စဉ်းစား သုံးသပ် လျက်ရှိ ကြောင်း EU ကုန်သွယ်ရေး ကော်မရှင်နာမင်းကြီးက အောက်တိုဘာလ ၅ ရက်တွင် ထုတ်ဖော် ပြောဆိုထားပြီးနောက် ယခုကဲ့သို့ စိစစ်လေ့လာရေး အဖွဲ့အား စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
EU စိစစ်လေ့လာရေးအဖွဲ့မှာ အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ EU ရုံးတွင် UMFCCI အသင်းချုပ် ဆောင်ကာ EU ဈေးကွက်သို့ တင်ပို့ကုန်ရှိသည့် လုပ်ငန်းကဏ္ဍများဖြစ်သော အထည်ချုပ်၊ ဖိနပ်ထုတ်လုပ်ငန်းရှင်းများအသင်း၊ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
တွေ့ဆုံမှုတွင် EU မှ GSP အခွင့်အရေးဆိုင်ရာ အကျိုးသက်ရောက်မှု၊ မြန်မာနိုင်ငံ အလုပ်သမားများ အခြေအနေနှင့် ဆုံးရှုံးနစ်နာနိုင်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့သည်ဟု သိရသည်။
အထည်ချုပ်ကဏ္ဍ တခုတည်းပင် အလုပ်လက်မဲ့ မြင့်တက်လာနိုင်မှု အခြေအနေနှင့် အလုပ်သမား တို့အပေါ် မှီခိုနေသည့် မိသားစုသာမက ဆက်စပ်အသိုင်းအဝိုင်းများပါ ထိခိုက်နိုင်သည့် အခြေအနေ များကို ဆွေးနွေးခဲ့သည်ဟုလည်း လှိုင်သာယာ စက်မှုဇုန် အထည်ချုပ်လုပ်ငန်းအသင်းမှ ဦးအောင်မျိုးဟိန်းကလည်း ဆိုသည်။
EU စိစစ်လေ့လာရေးအဖွဲ့မှာ လုပ်ငန်းရှင်များသာမက အလုပ်သမများနှင့် တိုက်ရိုက်တွေ့ဆုံ၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
UMFCCI အချက်အလက်များအရ အထည်ချုပ်လုပ်ငန်းမှာ မြန်မာနိုင်ငံ ကုန်သွယ်ရေးကဏ္ဍတွင် ပြည်ပို့ကုန်စုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းရှိပြီး ပို့ကုန်ကဏ္ဍတွင်း ဒုတိယအများဆုံး ဖြစ်သည်ဟု သိရသည်။
အဆိုပါ အဖွဲ့မှာ အောက်တိုဘာလ ၂၉ နံနက်ပိုင်းကလည်း ပြည်တွင်း အလုပ်သမားအဖွဲ့အစည်း ၆ ဖွဲ့နှင့် တွေ့ဆုံခဲ့ သေး ပြီး GSP ရုပ်သိမ်းပါက မြန်မာနိုင်ငံမှ အလုပ်သမား သိန်းနှင့်ချီ၍ ထိခိုက်နိုင် သည့်အတွက် ရုပ်သိမ်းခြင်း မပြုရန် တောင်းဆို ခဲ့သည်ဟု ဧရာဝတီသို့ ပြောဆိုထားသည်။
ဆက်စပ်သတင်း
ကုန်သွယ်မှု အထူးအခွင့်အရေး မရုပ်သိမ်းရေး EU နှင့် တွေ့ဆုံ
EU က ကုန်သွယ်မှု အထူး အခွင့်အရေး(GSP)ဖျက်သိမ်းရန် စဉ်းစားနေတဲ့ အပေါ် သူတို့အမြင်
အထည်ချုပ်လုပ်ငန်း ဈေးကွက်သစ် ရှာဖွေနိုင်ရန် ပြင်ဆင်နေ
ဥရောပသမဂ္ဂ ကုန်သွယ်ရေး အထူးအခွင့်အရေး ရပ်ဆိုင်းလျှင် မြန်မာ့အထည်ချုပ် အထိနာမည်