ဘဏ်ချေးငွေကျပ် ၁.၅ ဘီလီယံအား ပြန်လည်ပေးဆပ်ခြင်းမရှိဟုဆိုကာ ကမ္ဘာ့ရတနာဘဏ်က လိမ်လည်မှုဖြင့် တိုင်ကြားမှုအပေါ် တရားလိုနှင့်သက်သေများအား ခေါ်ယူစစ်ဆေးမှုကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ပန်းပဲတန်းမြို့မရဲစခန်း တာဝန်ရှိသူကပြောသည်။
အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္မဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန်၊ ဥက္ကဌ ဦးကြည်ရှိန်နှင့် ဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် ဦးခင်မောင်အုန်း၊ ဒေါ်နီလာရှိန်တို့ လေးဦးအား ဘဏ်ဒုတိယအထွေထွေ မန်နေဂျာ ဦးထင်အောင်က တရားလိုပြုလုပ်ကာ ဒီဇင်ဘာ ၃ ရက်နေ့တွင် တိုင်ကြားထားခြင်းဖြစ်သည်။
တရားလို ဦးထင်အောင်က “ ချေးငွေနဲ့ပတ်သက်လို့ ပထမက တရားမမှုနဲ့ စွဲတာက ၅ နှစ် ၈ လလောက်ရှိပြီး၊ အနိုင်ဒီဂရီ ရထားတဲ့အတွက် ဘဏ်ကရမယ့် ပစ္စည်းတွေကို ဆက်လက်ဆောင်ရွက်ရာမှာ စက်ရုံပိုင်ရှင်ဆိုပြီး တဦးက အထောက်အထားတွေနဲ့ တရားရုံး တင်ပြလာတယ်၊ အဲ့ဒါကို အခု စစ်ဆေးနေရတုန်းပဲ၊ အချိန်တွေက ပိုပိုကြာလာတော့ ဘဏ်တာဝန်ရှိသူတွေက ပြစ်မှုကြောင်းအရ ထပ်မံ တရားစွဲဖို့ဆုံးဖြတ်လိုက်တာပါ” ဟုပြော သည်။
ဦးစိုးထွန်းရှိန်တို့အနေဖြင့် ကုမ္မဏီပိုင်ပစ္စည်း စာချုပ်စာတမ်း အထောက်အထားများအား ငါးလုပ်ငန်းဦးစီးဌာန၏ ထောက်ခံချက်များဖြင့်အတူ တင်ပြကာ ချေးငွေများအား ၂၀၀၆ ခုနှစ်တွင် ကျပ်သိန်းတသောင်းနှင့် ကျပ်သိန်းငါး ထောင်တို့ကို တဖြတ်စီ ရယူခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ရတနာဘဏ်က သိရသည်။
ချေးငွေရယူစဉ်က တင်ပြခဲ့သည့် အချက်များတွင် ရေထွက်ပစ္စည်းကုန်ချော အမေရိကန်ဒေါ်လာ ၃.၈ သန်းနီးပါး တန်ဖိုးရှိကုန်များပါ တင်ပြခဲ့သော်လည်း ၎င်းပစ္စည်များ ပြည်ပသို့ ရောင်းချပြီးချိန်တွင် ချေးငွေများ ပြန်လည်ပေးသွင်းခြင်း မရှိခဲ့ကြောင်းလည်း ဘဏ်၏တိုင်ကြားမှုအရ သိရသည်။
ယင်းသို့ ချေးငွေများအား ကုမ္မဏီဘက်မှ ပြန်လည်ပေးသွင်းခြင်း မရှိသည့်အတွက် ၂၀၁၃ ခုနှစ်တွင် ဘဏ်မှ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်တွင် တရားမမှုကြီး အမှတ် ၅၀ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတရားမမှုတွင် တရားရုံးဆုံးဖြတ်ချက်အရ ဘဏ်ဘက်က အနိုင်ရရှိခဲ့ပြီး ချေးငွေရယူစဉ်က တင်ပြချက် အထောက်အထားများပါ ပိုင်ဆိုင်မှုများအား ဇာရီ အမှုဖွင့်၍ ဆက်လက်လုပ်ဆောင်လျှက် ရှိသည်။
ယင်းချေးငွေများ ရယူစဉ်တွင် ကမ္ဘာ့ရတနာဘဏ်မှာ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်တွင် သာရှိပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်း ဦးသိန်းစိန်အစိုးရလက်ထက်ရောက်မှသာ ပုဂ္ဂလိကပိုင် ပြောင်းလဲခဲ့ခြင်းဖြစ် သည်။
ဦးစိုးထွန်းရှိန်သည် မိုးထိမိုးမိဒေသတွင် တရားမဝင်ရွှေတူးဖော်မှုများ လုပ်ကိုင်သည်ဟုဆိုကာ ရမည်းသင်းမြို့မ ရဲစခန်းတွင် မေလအတွင်းက သတ္ထုတွင်းလုပ်ငန်းဥပဒေ ပုဒ်မ ၃၀(ဃ) ဖြင့်လည်း အမှုဖွင့်ခံထားရပြီး ဝရမ်းထုတ်ထားသူဖြစ်သည်။
၎င်းပိုင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီသည် မိုးထိမိုးမိဒေသ ရွှေတူးဖော်ရေးလုပ်ကွက်များ လုပ်ကိုင်ခွင့်ရစဉ်က အစိုးရနှင့်ချုပ်ဆိုထားသည့် စာချုပ်ပါအချက်အလက်များအရ နိုင်ငံတော်သို့ပေးသွင်းရမည့် ရွှေပိဿချိန် ၁၂၀၀ ခန့်ကျန်ရှိနေသည့်အတွက် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်းများရပ်ဆိုင်းထားရန် သတိပေးစာ ပေးပို့ခဲ့သော်လည်း ဆက်လက်တူးဖော်မှုများရှိနေသည့်အတွက် အမှုဖွင့်ရခြင်းဖြစ်ကြောင်း အမှတ် ၂ သတ္ထုတွင်းဦးစီးဌာန ညွန်ကြားရေးမှူး ဦးသံဒိုင်းက ပြောဆိုထားသည်။
အမျိုးသားကြီးပွားတိုးတက်ရေးကုမ္မဏီအနေဖြင့် ယခင်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ၅ နှစ်သက်တမ်းအတွက် ရွှေတူးဖော်ရေးလုပ်ကိုင်ရန် တင်ဒါအောင်မြင်ခဲ့ပြီး ပုတ်ပြတ်ရွှေစင် ၅.၅၇၇ မက်ထရစ်တန် ပေးသွင်းရန် သဘောတူစာချုပ်ချုပ်ဆိုကာ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ရွှေကြွေးကျန်များနှင့်ပတ်သက်၍လည်း ဦးစိုးထွန်းရှိန်အပါအဝင် ကုမ္မဏီနှင့်ပတ်သက်သည့် လူ ၃၀ ဦးခန့်အား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တရားမကြောင်းအရ တရားစွဲဆိုနိုင်ရေးအတွက်လည်း သတ္ထုတွင်းဦးစီးဌာနက စီစဉ်လျှက်ရှိကြောင်း သိရသည်။
သတ္ထုတွင်းဦးစီးဌာန၏ ရွှေကြွေးကျန် ပိဿာချိန် ၁၂၀၀ ခန့်ရှိသည်ဟု ပြောကြားချက်နှင့်ပတ်သက်ပြီး ဦးစိုးထွန်းရှိန်က ဇူလိုင် ၆ ရက်နေ့က တော်ဝင်နှင်းဆီခန်းမတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ငြင်းဆိုထားပြီး ရွှေပိဿာ ၁၀၁ ပိဿာပေးသွင်းရန် အစိုးရနှင့်လက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
လက်ရှိတွင် ဦးစိုးထွန်းရှိန်အား ပြည်ပထွက်ခွာ သွားလာခွင့်နှင့် ပြည်တွင်းဘဏ်များမှ ငွေထုတ်ယူခြင်း မပြုနိုင်ရန်လည်း ကန့်သတ်ထားကြောင်း သတ္ထုတွင်းဦးစီးဌာနက သိရသည်။