စပါးပေါ်ချိန်ဖြစ်သော်လည်း အဝယ်လိုက်နေသည့်အတွက် ပေါ်ဆန်းစပါး အုပ်စုဝင် ပေါ်ဆန်းရင်မှာ တင်း ၁၀၀ လျှင် ကျပ် ၉ သိန်းခွဲမှ ၁၀ သိန်းအထိ ဈေးမြင့်တက်နေကြောင်း ဧရာဝတီတိုင်းရှိ ဆန်စပါး လုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်နှစ် ကာလတူအချိန်က တင်း ၁၀၀ လျှင် ကျပ် ၈ သိန်းခွဲမှ အမြင့်ဆုံး ကျပ် ၉ သိန်းထိသာ ဈေးပေါက်ခဲ့သည်။
ပုသိမ်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ အောင်သုခဆန်စက်ပိုင်ရှင် ဦးမောင်မောင်ဝင်းက “ပေါ်ဆန်းရင် စပါး က ဆန်သားကောင်းတဲ့ အခြေအနေအပေါ် မူတည်ပြီးသွားနေတယ်။ ပေါက်ဈေး က ၉ သိန်းခွဲကနေ ၁၀ သိန်းတပတ်လည် အထိ ပေါက်ဈေးရှိတယ်။ ဒီဈေးနှုန်းက မနှစ်ကထက် ပိုမြင့် တယ်။ အမြင့်ဆုံးဈေးနှုန်းလို့ ပြောလို့ရတယ်” ဟု ဧရာဝတီကို ပြောသည်။
ပေါ်ဆန်းရင် စပါးပေါ်ချိန်မှာ သီတင်းကျွတ်ကာလ ဖြစ်သည့် အောက်တိုဘာလတွင် ဖြစ်ကာ နိုဝင်ဘာ နှင့် ဒီဇင်ဘာလများ တွင် စပါးအထွက်များသည့်အတွက် ပုံမှန်အချိန်များတွင် ဈေးကျလေ့ရှိသော် လည်း ယခုအခါ မြင့်တက်နေခြင်းလည်း ဖြစ် သည်။
ပြီးခဲ့သည့် အောက်တိုဘာလကမူ ပေါ်ဆန်းရင် စပါး စပေါ်ချိန်က ယခင် လှောင်ထားသည့် ဆန်ဟောင်းရောကာ ကြိတ်ခွဲရန်အတွက် တင်း ၁၀၀ လျှင် ကျပ် ၁၃ သိန်းဖြင့် ဝယ်ယူမှု အချို့ရှိခဲ့ဖူးသည်။
“လက်ရှိ ပေါ်ဆန်းရင်စပါးဈေး ပြန်တက်လာတာက ရွာတွေက စပါးလှောင်သမားတွေ အဝယ်လိုက် တဲ့အတွက် ဖြစ်ပါတယ်။ စီးပွားရေးသမားတချို့နဲ့ ငွေရှိတဲ့လယ်သမားတချို့တွေက စပါးကို တလင်း ထဲမှာတင် ဝယ်ပြီးလှောင်နေကြတော့ အဝယ်ပြန်တက်လာတဲ့အတွက် စပါးဈေး ပြန်မြောက်လာတာပါ။ ကြိတ်ရောင်းတဲ့ ဆန်သမားတွေကတော့ စပါးလှောင်သမားနဲ့ ဈေးယှဉ်ပေးပြီး မဝယ်နိုင်လို့ ကြိတ်ရောင်းသူတချို့ နားထားကြတယ်” ဟု ပုသိမ်မြို့ခံ စပါးနှင့် ဆန်ကုန်သည် ဦးခင်မောင်လတ်က ဆိုသည်။
လက်ရှိတွင် ပေါ်ဆန်းရင် စပါးနည်းတူ မနောဖြူ၊ ဧရာသွယ် စသည့် စပါးအုပ်စုနှင့် ဆင်းသုခ၊ မနောသုခ စသည့် အကြမ်း စပါးအုပ်စုမှလည်း ယမန်နှစ် ကာလတူဈေးထက် ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ မြင့်တက်လျက် ရှိသည်။
အကြမ်းစပါးဈေးနှုန်းမှာ ယခင်နှစ်က ကျပ် ၅၇၀၀၀၀ မှ ၆ သိန်း အထိ ရှိရာမှ ယခုအခါ အနိမ့်ဆုံး ၆ သိန်းမှ ၆ သိန်း ၂ သောင်းအထိ လည်းကောင်း၊ အသွယ်စပါးဈေးနှုန်းမှာ ယခင်နှစ်က ၆ သိန်း ၆ သောင်းမှ ၇ သိန်းအထိ ရှိခဲ့ရာမှ ယခုအခါ ၆ သိန်း ၈ သောင်းမှ ၇ သိန်း ၃ သောင်းအထိ ဈေးမြင့်တက်လျက် ရှိသည်။
“လက်ရှိ ပေါ်ဆန်းရင်စပါးပေါက်ဈေးက လယ်သမားတွေအတွက် အရမ်းအဆင်ပြေပါတယ်။ လယ်ထဲ ကိုထည့်ရတဲ့ မျိုးစပါး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစတဲ့ သွင်းအားစုတွေက ဈေးတွေတက်နေ တဲ့အတွက် လယ်တစ်ဧက စိုက်ပျိုးမှု ကုန်ကျ စရိတ်ကလည်း တက်လာနေတယ်။ ဒီလို စပါးဈေးမြင့် လို့ သာ လယ်သမားတွေ ခံသာတာ” ဟု ကန်ကြီးထောင့်မြို့မှ လယ်သမား ဦးစိုးဝင်းက ပြောသည်။
ဧရာဝတီတိုင်းတွင်းရှိ ခရိုင် ၆ ခုတွင် မိုးစပါးစိုက်ဧကပေါင်း ၃ ဒသမ ၇ သန်း ကျော်ရှိကာ နွေစပါး စိုက်ဧက ၁ ဒသမ ၃ သန်းကျော်ရှိကာ တိုင်းဒေသကြီး လူဦးရေ ၆ သန်းခွဲခန့်အနက် ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြကြောင်း တိုင်းအစိုးရအဖွဲ့ရုံး စာရင်းများအရ သိရသည်။